ဧရာဝတီ
ကရင် အမျိုးသား အစည်းအရုံး(KNU) နှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရန်အတွက် နှစ်ဘက် ကိုယ်စားလှယ်များ အကြိုညှိနှိုင်းမှုနှင့် အသေးစိတ် ဆွေးနွေးပွဲတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ပြု လုပ်သည်။

အခမ်းအနားတခုတွင် တွေ့ရသည့် KNU တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
အစိုးရဘက်မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး KNU ဘက်မှ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုအားတိုး၊ ပဒိုဒေး ဗစ်ထောတို့ ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော် မတီဝင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ယနေ့ဆွေးနွေးပွဲနှင့်ပတ်သက်၍ KNU ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ၏ အဖွဲ့ခေါင်းဆောင် ပဒိုဒေးဗစ် သာ ကဘောက“ဒီနေ့တွေ့တာကတော့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ သူ့အမြင်ကိုယ့်အမြင် တွေကို ဆွေးနွေးကြတာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောကြားပြီး အသေးစိတ်ပြောကြားရန်ကိုမူ ငြင်းဆိုသည်။
KNU နှင့် အစိုးရ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကို လာမည့် ဇန်န၀ါရီလ ၁၂ နေ့တွင် ဘားအံမြို့ဠ် ပြုလုပ်ရန် ရှိသည်။
အစိုးရသည် KNU အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ကို ယခုလ ၉ ရက်နေ့က ပြင်ဆင်ဖွဲ့စည်းလိုက်သည်ဟု သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးမင်းဇော်က လက်မှတ်ထိုးထုတ်ပြန်ခဲ့သည်။
အသစ်ဖွဲ့စည်းလိုက်သည့် ထိုအဖွဲ့တွင် ဦးအောင်မင်း ရထားပို့ဆောင်ရေးဝန်ကြီး၊ ဦးစိုးသိန်း စက်မှုဝန်ကြီး၊ ဦးအုန်းမြင့် သမ၀ါယမ ၀န်ကြီး၊ ဦးခင်ရီ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး၊ ဦးဝင်းထွန်း သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ၀န်ကြီး၊ ဦးသန်းဌေး စွမ်းအင်ဝန်ကြီး၊ ဗိုလ်ချုပ်ဇော်ဝင်း ဒု ၀န်ကြီး နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ဦးခင်မောင်စိုး အမှတ်၂ လျှပ်စစ် ၀န်ကြီး ဌာနနှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးတို့ ဖြစ်သည်။
အစိုးရ၏ ယခင်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး အဖွဲ့ကို လက်ရှိအာဏာရပါတီ၏ တောင်သာမြို့နယ် ပြည်သူ့လွတ် တော် ကိုယ်စားလှယ် ဦးအောင်သောင်းနှင့် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့နှင့် ဦးဆောင် ဖွဲ့စည်းခဲ့သော်လည်း အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ၎င်းအဖွဲ့ကို ကြိုက်နှစ်သက်မှုမရှိခြင်းကြောင့် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် တိုင်းရင်းသားအဖွဲ့ ၂ ဖွဲ့ မှ အဆင့်မြင့်ခေါင်းဆောင် ၂ ဦးက ဧရာဝတီသို့ ပြောသည်။
KNU သည်လည်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် နိုဝင်ဘာ ၁၀ ရက်က အဖွဲ့ဝင် ၇ ဦးပါရှိသည့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။
အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရနှင့် KNUထိန်းချုပ်ထားသော နယ်မြေများတွင် နှစ်ဘက် တပ်ဖွဲ့ဝင် များ အပြန်အလှန် အကြောင်းကြားရေး၊ ဗဟိုအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး အတွက် နေ့ရက်၊ နေရာ သတ်မှတ်ရန် စသည့် အချက်များကို အစိုးရ ကိုယ်စားလှယ်များက ချပြထားကြောင်း သိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် ဦးအောင်မင်းက KNUကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း KNU ကလည်း တွေ့ဆုံရန် ပြင်ဆင် ထားခဲ့သည်။
နိုဝင်ဘာ ၁၉ နှင့် ၂၀ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် တနေရာ၌ အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် KNU ခေါင်းဆောင်တချို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
KNU သည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် အစိုးရအဆက်ဆက်ကို ၁၉၄၉ ခုနှစ်ဇန်န၀ါရီ လ ၃၁ ရက်နေ့က စတင်ကာ လက်နက်ကိုင်တော်လှန်ခဲ့သည်မှာ ၆၂ နှစ် ရှိပြီဖြစ်သည်။

Collapse...

ဧရာဝတီ
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော် (DKBA) ဗိုလ်ချုပ် စောလားပွယ် (နှုတ်ခမ်းမွေး) ဦးဆောင်သည့် အဖွဲ့သည် ငြိမ်းချမ်းရေးဆွေးနွေးရန်ပြီးခဲ့သည့်တပတ်အတွင်း အစိုးရ ကိုယ်စားလှယ်များနှင့်၂ ကြိမ်တွေ့ဆုံခဲ့သည်။
အစိုးရကိုယ်စားလှယ်များနှင့် သွားရောက်တွေ့ဆုံနေသော DKBA တပ်မှူး ၃ ဦးဖြစ်သည့် ဗိုလ်မှူးကြီး မိုရှေး(အလယ်)၊ ဗိုလ်မှူးစိန်ဝင်း(ယာ-အတွင်းခံအင်္ကျီ အဖြူ)နှင့် ဗိုလ်မှူးပိဒါး(၀ဲ) (ဓာတ်ပုံ - ဧရာဝတီ)
DKBAအဖွဲ့သည် အစိုးရ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သည့် အဖွဲ့နှင့် ယခင်လ၂၆ ရက်နေ့နှင့် ယခုလ ၁ ရက်နေ့၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သော ဘားအံနှင့် မော်လမြိုင်တို့တွင် တွေ့ဆုံဆွေးနွေးလျက် ရှိသည်။
ယခင်လ၂၆ ရက် ပဏာမမိတ်ဆက်တွေ့ဆုံစဉ်က DKBA ကိုယ်စားလှယ် ၃ ဦးဖြစ်သည့် ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မိုရှေး၊ တပ်မဟာရုံး ထိုင်မှူး ဗိုလ်မှူးစိန်ဝင်းနှင့် ထောက်လှမ်းရေးမှူး ဗိုလ်မှူးပိဒါး တို့ပါဝင်ပြီး အစိုးရ ဘက်မှ ဦးသိန်းဇော်၊ ဦးအောင် သောင်း၊ ဦးမောင်မောင်သိန်း တို့နှင့်အတူ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဦးအောင် လွင်၊ အရှေ့တောင်တိုင်းမှ ဗိုလ်မှူးတင်မောင်ဝင်းနှင့် ငြိမ်းချမ်းရေး အကျိုးဆောင် စောခင်စိုးတို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။
ထပ်မံဆွေးနွေးရန်အတွက် DKBA အဖွဲ့သည် အင်္ဂါနေ့က မော်လမြိုင်သို့ရောက်ရှိသွားပြီး အရှေ့တောင်တိုင်း တိုင်းမှူးနှင့်တွေ့ဆုံ ကာ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်ဟု ဆွေးနွေးပွဲဖြစ်မြောက်ရန် စီစဉ်ဆောင်ရွက်ပေးသူ တဦးက ပြောသည်။
၎င်းက“ဆွေးနွေးနေကြတုံးပဲ၊၂ ရက် ၃ ရက်လောက်တော့ကြာမယ်၊ အသေးစိတ်ကတော့ သူတို့ပြန်လာမှပဲ သိရမယ်၊ အခြေ အနေ ကောင်းလို့ပဲ ထပ်တွေ့ကြတာ၊ တပ်စခန်း တည်နေရာ၊ နယ်မြေ သတ်မှတ်မှုတွေ၊ ဆက်ဆံရေးရုံးတွေဖွင့်မယ့် ကိစ္စတွေပါတယ် လို့တော့ သိရတယ်”ဟု ပြောဆိုသည်။
DKBA သည် အစိုးရကိုပြန်လည် တိုက်ခိုက်သည့် ယမန်နှစ် နိုဝင်ဘာလ အတွင်းမှစ၍ ယနေ့အထိ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိက လမ်းဖြစ်သော မြ၀တီ-ကော့က ရိတ် လမ်းကြောအတွင်း အစိုးရတပ်များကို မကြာခဏ ထိုးစစ်ဆင်လျက်ရှိသည်။
ကရင်ပြည်နယ်မှ ဆောက်လုပ်ရေး အင်ဂျင်နီယာတဦးက“အစိုးရက DKBA နှုတ်ခမ်းမွေး အဖွဲ့နဲ့ အမြန်ဆုံး ငြိမ်းချမ်းရေးလုပ်မှ
ဖြစ်မယ်ဆိုတာ သိတယ်၊ အဓိက နယ်စပ်ကုန်သွယ်ရေးနဲ့ စီမံကိန်းလုပ်ငန်းတွေကို DKBA ရန်ကြောင့် ဘယ်လိုမှအကောင် အ ထည်ဖော်လို့မရဘူး ဖြစ်နေတယ်၊ ချစ်ကြည်ရေး တံတားဖွင့်လို့ မရသလို၊ ထိုင်းဘက်က လာဖောက်ပေးမယ့် မြ၀တီ၊ သင်္ကန်း ညီနောင်၊ ကော့ကရိတ် ကားလမ်းစီမံကိန်းကိုလည်း ဘယ်လိုမှလုပ်လို့မရဘူး၊ ဒါကြောင့် DKBA ကိုစည်းရုံးနေတာဖြစ်တယ်” ဟု ပြောသည်။
DKBA မှ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူးဆန်းအောင် က DKBA တဖွဲ့တည်းနှင့် ဆွေးနွေးခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးမရရှိနိုင်သောကြောင့် လက်ရှိ အစိုးရအနေနှင့် တနိုင်ငံလုံး ငြိမ်းချမ်းရေးရရှိနိုင်မည့် ရေရှည်အကျိုးကို လုပ်ဆောင် ရန်လိုသည်ဟု ဧရာဝတီသို့ ပြောသည်။
၎င်းကဆက်၍“လက်ရှိ အစိုးရအနေနဲ့ စေတနာမှန်မှန်နဲ့ လုပ်မယ်ဆိုရင် ပြည်တွင်း အပစ်အခတ်ရပ်စဲရေးကို တနိုင်ငံလုံးအတိုင်း အတာနဲ့ လုပ်ရမှာဖြစ်တယ်၊ အရင်လိုပဲ တကွဲတပြားစီဖဲ့ထုတ် စည်းရုံးမှုတွေ လုပ်နေမယ်ဆိုရင်တော့ ဘယ်လိုမှဖြစ်ပေါ်တိုး တက် လာမှာမဟုတ်ဘူး၊ ကရင် အပါအ၀င် အခြားတိုင်းရင်းသား အားလုံးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လိုတယ်”ဟု ပြော သည်။
ယခင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ကမ်းလှမ်းချက်ကို လက်မခံဘဲ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း အစိုးရကို
ပြန်လည်တိုက်ခိုက်ခဲ့သော ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သည့် DKBA အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပူးပေါင်းပြီး မဟာမိတ်အဖြစ် ရပ်တည်ခဲ့သည်။
သို့သော် လက်ရှိ DKBAအဖွဲ့က အစိုးရကိုယ်စားလှယ်များနှင့် အရှေ့တောင်တိုင်းနယ်မြေအတွင်း သွားရောက်ဆွေးနွေးခြင်းကို KNU နှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိဟု KNU ခေါင်း ဆောင်တဦးက ပြောသည်။
KNU ဘက်ကမူ အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရာတွင် ဦးဆောင်မှုတခု အောက်တွင်သာ ပြုလုပ်သွားရန် ဆန္ဒရှိပြီး ဖဲ့ထုတ် စည်းရုံးမှုနှင့် အဖွဲ့ခွဲများ အမည်အမျိုးမျိုးနှင့် သွားရောက်ဆွေးနွေးမှုများကို မလိုလားကြောင်း သိရှိရသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ယခင်လ ၉ ရက်နေ့က မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ်တွင် KNU အဖွဲ့နှင့် ပဏာမတွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။
၎င်းဆွေးနွေးပွဲတွင် KNU မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်ပြီး ပဒိုစော အားတိုး၊ ပဒိုစောလှထွန်းတို့ပါရှိကာ အစိုးရ ကိုယ်စားလှယ်အဖွဲ့မှ ၀န်ကြီး ဦးအောင်မင်း၊ တြိဂံ တိုင်းမှူးဟောင်း ဗိုလ်ချုပ် ချစ်သန်း တို့ ပါဝင်ဆွေးနွေး ခဲ့ကြသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ အစိုးရနှင့် KNU အဖွဲ့တို့၏ ငြိမ်းချမ်းရေးထပ်မံ ဆွေးနွေးကြမည့် အခြေအနေမှာ လတ် တလော တွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများမရှိသေးဟု သိရှိရသည်။

Collapse...
http://www.9dblood.co.cc/
သီဟသူရ တင်အောင်မြင့်ဦး။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က အရာရှိတွေက အခုလက်ရှိ ဒုသမ္မတ တင်အောင်မြင့်ဦး
ဟာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးသင့်တဲ့သူ ဖြစ်တယ် လို့ ပြောလိုက်ပါ
တယ်။ တိုင်းရင်းသားဒေသဘက်မှာ သူ တာဝန်ယူစဉ်က လူအများအပြားသတ်ဖြတ်ခံရမှုမှာ အဓိက တာဝန်ရှိသူ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ဒေသကို သွားရောက်ခဲ့တဲ့ ဧရာဝတီ သတင်းထောက် ဘကောင်းက ဒီကိစ္စတွေကို စုံစမ်းရေးသား တင်ပြထားပါတယ်။ အသေးစိတ်ကို လောလောဆယ် အင်္ဂလိပ်ဘာသာနဲ့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ သတင်းထောက် ဘကောင်း စုဆောင်းခဲ့တဲ့ အထောက်အထား ဓာတ်ပုံတချို့
ကို ဒီကနေ ထပ်ပြီး တင်ပြပေးလိုက်ပါတယ်။

ဧပြီ ၂၀၀၁။ အစိုးရတပ်တွေ သတ်သွားတဲ့ သူတို့ရဲ့ တပ်သား အလောင်းတွေကို KIA အရာရှိတွေ ကြည့်ရှုစစ်ဆေးနေတာပါ။


ဇန်နဝါရီ ၂၀၀၆။ မူဆယ်ဆောင်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ KIA စစ်သားနဲ့ အရပ်သားများရဲ့ ဈာပန။

ဈာပန

မြှုပ်နှံသဂြိုဟ်ရန် သယ်ယူလာစဉ်။


မြှုပ်နှံသဂြိုဟ်စဉ်။

ဇန်နဝါရီ ၂၀၀၆။ ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်တဲ့ KIA အရာရှိနဲ့ စစ်သားများက ကျဆုံးသွားသူများကို အလေးပြုစဉ်။

ဈာပနမှာ စကားပြောနေတဲ့ ဗိုလ်မှူးချုပ် ဂွမ်မော်
ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေကို ဘာကြောင့် အခုမှ ဖွင့်ချရတာလဲဆိုတော့ အဲဒီကာလတုန်းက အမျိုးသားညီလာခံကျင်းပနေဆဲဖြစ်တယ်၊ အပစ်အခတ်ရပ်စဲရေး မပျက်ချင်ဘူး ဆိုတာတွေကြောင့် လူသိရှင်ကြား ဘာမှ မပြောဘဲ နေခဲ့တာလို့ ဆိုပါတယ်။
ဧရာဝတီဘလော့ဂ်

Collapse...
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အ၀င် အခွန်ကောက်ခံသည့် ဂိတ်အနီးတွင် ယမန်နေ့ည ၉ နာရီခန့်က ဗုံးတလုံးပေါက်ကွဲပြီး အရပ်သား ၄ ဦး ဒဏ်ရာရကြောင်း သတင်းရသည်။
ကျောက်မဲမြို့ အဝင် မုခ်ဦး (ဓာတ်ပုံ - kyaukme.com)
ပေါက်ကွဲမှု ဖြစ်ပွားသည့် မြို့ဝင်ဂိတ်ကြေး ကောက်ခံသည့် နေရာအနီးတွင် စစ်သားတချို့နှင့် ရဲတပ်ဖွဲ့ဝင်တချို့ရှိကြောင်း ကျောက်မဲ မြို့ခံတဦးက ပြောသည်။
“ညဆိုတော့ ပေါက်ကွဲသံ ကျယ်တယ်၊ ဒဏ်ရာရတဲ့အထဲက ၃ ယောက်ကတော့ စိုးရိမ်ရတယ်ပြောတယ်” ဟု ဆိုသည်။
ထိုပေါက်ကွဲမှုနှင့် ပတ်သက်၍ ကျောက်မဲရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
ကျောက်မဲမြို့သည် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁ အခြေစိုက်ရာမြို့ဖြစ်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ဌာနချုပ် အခြေစိုက်ခဲ့ဖူးသည့် စိန်ကျော့ဒေသနှင့် နီးသည်။
ယခုပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းများကမှ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ၀န်ခံပြောဆိုခြင်း မရှိပေ။
ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကာမိုင်းဒေသတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၀ ခန့် ဒဏ်ရာရှိ သွားကြောင်း သိရသည်။
ပြီးခဲ့သည့် လကတည်းက ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ရာ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ငူ၊ မြစ်ကြီးနား စသည့်မြို့ကြီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

Collapse...
မြန်မာအစိုးရ စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် အကျဉ်းသားများကို ပေါ်တာအဖြစ် ခိုင်းစေမှုများ ဆက်လက် ရှိနေဆဲဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ကရင်ပြည်နယ် မြောက်ပိုင်းတနေရာ၌ အပြာရောင်ဝတ်စုံဝတ် အကျဉ်းသား ပေါ်တာများကို အစိုးရ စစ်တပ်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - Free Burma Rangers)
“စစ်သားတွေက ပြောတယ်၊ မင်းတို့ မနက်ဖြန်အထိ အသက်ရှင်နေသေးရင် ကံကောင်းလို့ပဲ တဲ့” ဟု မြန်မာစစ်တပ်နှင့်အတူ ရှေ့တန်းစစ်မျက်နှာသို့ ပေါ်တာအဖြစ် လိုက်ပါခဲ့ရသူ အကျဉ်းသား ကိုထွန်းထွန်းအောင်က ပြောသည်။
မန္တလေးဇာတိဖြစ်သူ ကိုထွန်းထွန်းအောင်သည် တခြားသော အကျဉ်းသား ၂၉ ယောက်နှင့်အတူ မိတ္ထီလာထောင်မှ ၂၀၁၀ ဒီဇင်ဘာတွင် ပေါ်တာအဖြစ် စစ်တပ်၏ ခေါ်ဆောင်မှုကို ခံခဲ့ရသူဖြစ်သည်။
ကရင်ပြည်နယ်သို့ ပေါ်တာအဖြစ် သူတို့အဖွဲ့ ရောက်သွားစဉ်တွင် ထိုဒေသတွင် အကျဉ်းသား ၁ ထောင်ခန့် ပေါ်တာဆွဲထားသည်ကို မြင်ခဲ့ရကြောင်း၊ စစ်တပ်အတွက် ဗုံးများ သယ်ဆောင်ရန် သူတို့အုပ်စုကို နှစ်ဖွဲ့ ခွဲလိုက်ကြောင်း ကိုထွန်းထွန်းအောင်က ပြောသည်။
၁၉၄၈ ခုနှစ်ကတည်းက မြန်မာအစိုးရနှင့် ကရင်လက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်နေသည့် အန္တရာယ်များလှသော ယင်းဒေသ၌ တတောင်တက် တတောဝင် ထမ်းပိုး၍ သွားရသည့်ခရီးတွင် “ကျနော်တို့ကို အစားအစာ၊ သောက်ရေ လုံလုံလောက်လောက် မပေးပါဘူး” ဟု ကိုထွန်းထွန်းအောင်က ပြောသည်။
ကိုထွန်းထွန်းအောင်၏ အတွေ့အကြုံသည် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) နှင့် ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG) တို့ မှတ်တမ်းတင်ထားသော အဖြစ်အပျက် ၅၈ ခုအနက်မှ တခုဖြစ်သည်။ ယင်းအဖွဲ့နှစ်ခုတို့ ပူးပေါင်း၍ “လမ်းလျှောက်နေရသည့် သေလူ - မြန်မာပြည်အရှေ့ပိုင်း စစ်မျက်နှာစာမှ အကျဉ်းသား ပေါ်တာများ” အမည်ရှိ အစီရင်ခံစာကို ယနေ့ ထုတ်ပြန်ပြီး ဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်း (FCCT) ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။
ယင်းအစီရင်ခံစာကို ပေါ်တာဆွဲခံရရာပြီး ရှေ့တန်းစစ်မျက်နှာမှ လွတ်မြောက်လာသော အကျဉ်းသားများ၏ ထွက်ဆိုချက်များဖြစ်သည့် နှိပ်စက်ညှဉ်းပမ်း ခံရမှုများ၊ သတ်ဖြတ်ခံရမှုများကို အခြေခံ၍ ပြုစုထားသည်။
ယမန်နှစ် နိုဝင်ဘာ ရွေးကောက်ပွဲ ကာလမှစတင်၍ အစိုးရတပ်နှင့် ကရင်၊ ရှမ်း၊ ကချင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြန်လည် အရှိန်မြင့်လာခဲ့သည်။ တိုက်ပွဲများ အဆက်မပြတ် ဖြစ်မှုနှင့်အတူ အကျဉ်းသားများကို ပေါ်တာ အဖြစ် အသုံးပြုမှုများလည်း တိုးမြင့်လာသည်။
အကျဉ်းသား ပေါ်တာများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် တိုက်ပွဲဖြစ်ရာဒေသ မိုင်းဗုံးများထူထပ်သည့် နေရာများတွင် စစ်သားများ၏ ရှေ့မှ ကြို၍ သွားရကြောင်း၊ အကာအကွယ် အတားအဆီးမပါဘဲ အတင်းသွားခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
အကျဉ်းသားပေါ်တာတဦးဖြစ်သူ ကိုမောင်မြင့်က “စခန်းကို ကျနော်တို့ ရိက္ခာတွေ သယ်ပို့ပေးရတယ်။ ပေါ်တာ တယောက်က မိုင်းနင်းမိပြီး ခြေထောက် ပြတ်သွားတယ်။ စစ်သားတွေက သူ့ကို ဒီအတိုင်း ထားခဲ့တယ်။ သူက ကြောက်ရွံ့ထိတ်လန့် နေပေမယ့် ဘယ်သူမှ မကူနိုင်ဘူးလေ။ စခန်းကနေ ပြန်ဆင်းလာတော့ အဲဒီ မိုင်းနင်းမိတဲ့လူ သေနေပြီ” ဟု အစီရင်ခံစာတွင် ပြန်ပြောပြထားသည်။
KHRG မှ သုတေသီ ကိုဖိုးရှမ်းက အကျဉ်းသားပေါ်တာများ ဤသို့ ပြုမှုခံရသည်မှာ ယခုမှ မဟုတ်ကြောင်း၊ ၁၉၉၂ ခုနှစ်ကတည်းက အစိုးရတပ်များက တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် တိုက်ခိုက်သည့် ရှေ့တန်းစစ်မျက်နှာများတွင် အကျဉ်းသားပေါ်တာများကို အသုံးပြုခဲ့ကြောင်း ပြောသည်။
အကျဉ်းသား ပေါ်တာများနှင့်အတူ ဒေသခံရွာသားများလည်း ပစ္စည်းများ ထမ်းပိုးရန် အဓမ္မခိုင်းစေခံရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မန္တလေးထောင်တွင် သေဒဏ်ကျခံထားရပြီး ၁၉၉၂ တွင် အကျဉ်းသား ပေါ်တာဖြစ်ခဲ့သည့် ကိုမြင့်အောင်က “ကျနော်တို့နဲ့အတူ ပေါ်တာတွေ ဘယ်နှယောက်ရှိလဲ မသိဘူး၊ ဒါပေမယ့် ရွာသား ၄၀၀ လောက်ကိုတော့ အကျဉ်းသားပေါ်တာတွေကို အခိုင်းခံနေရတာ တွေ့ခဲ့ရတယ်” ဟု ပြောသည်။
ပေါ်တာ အယောက် ၃၀ ကျော် ၄၀ ခန့်ကို စစ်သားများက သတိလစ်သည်အထိ ရိုက်နှက်ပြီး ထိုအတိုင်း ပစ်ထားခဲ့သည်ကို မြင်ဖူးကြောင်း၊ ယင်းတို့အားလုံး သေဆုံးနိုင်ကြောင်းလည်း ကိုမြင့်အောင်က ပြောသည်။
HRW မှ တာဝန်ရှိသူ Elaine Pearson က “မြန်မာနိုင်ငံဟာ ကမ္ဘာ့အရှည်ဆုံး လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ နေရာပါ။ အကျဉ်းသားတွေကို ပေါ်တာအဖြစ် သုံးတာ၊ လူတွေကို မိုင်းရှင်းကိရိယာအဖြစ်သုံးတာတွေ ရှိနေပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုများဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့ဖို့အတွက် လုံလောက်တဲ့ အထောက်အထားတွေပါပဲ” ဟု ပြောသည်။

Collapse...
ဧရာဝတီ
ရန်ကုန်တိုင်း တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ထွန်းသန်းကို ဇူလိုင်လ ၅ ရက်နေ့က တာဝန်မှ ရပ်စဲလိုက်ကြောင်း နေပြည်တော် စစ်ဘက် သတင်းရပ်ကွက်မှ သိရသည်။
ယမန်နှစ် အောက်တိုဘာလက မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်
ဗိုလ်မှူးချုပ် ထွန်းသန်းအား ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ပဲခူးတိုင်းတောင်ငူ အခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြောင်းရွေ့စေခဲ့ပြီး ၂ ရက်အကြာတွင် နေပြည်တော်သို့ ခေါ်ယူပြီး ရာထူးမှ အနားယူစေခဲ့ခြင်းဖြစ်သည်ဟု စစ်ဘက်နှင့်နီးစပ်သူတဦးက ပြောသည်။
“နေပြည်တော်ကို လင်မယား ၂ယောက်စလုံး ခေါ်ပြီး၊ တိုင်းမှူးကြီးကို ပင်စင်ပေးလိုက်တာ” ဟု ၎င်းကဆိုသည်။
မည်သည့် ပြစ်ချက်ကြောင့် အငြိမ်းစားပေးသည်ကိုမူ တိတိကျကျ မသိရသေးသော်လည်း ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ယူစဉ်က မြေယာတချို့နှင့် ပတ်သက်၍ လာဘ်စားခဲ့သည်အတွက် အရေးယူခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
လစ်လပ်သွားသော ယင်းတိုင်းမှူးနေရာတွင် လာမည့် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်ဆင်း တဦးဦးဖြင့် အစားထိုး ခန့်အပ်မည်ဟု စစ်ဘက်အသိုင်းအဝိုင်းက ခန့်မှန်းနေကြသည်။
ပြီးခဲ့သည့် လအတွင်းက ကျင်းပသည့် တပ်မတော် လေးလပတ် တပ်မှူးများ ညီလာခံ အပြီးတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ အမိန့်ဖြင့် စစ်တိုင်းမှူး ၆ ဦးကို စစ်တိုင်းနေရာများ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့သည်။ ဗိုလ်မှူးချုပ် ထွန်းသန်းသည် ထိုပြောင်းရွှေ့ခံရသည့် စစ်တိုင်းမှူး ၆ ဦးတွင် တဦးအပါအ၀င် ဖြစ်သည်။
ဗိုလ်မှူးချုပ် ထွန်းသန်းသည် ပြီးခဲ့သည့်နှစ် သြဂုတ်လက ပြုလုပ်သည့် စစ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအလဲများတွင် ပဲခူးအခြေစိုက် တပ်မ ၇၇ တပ်မှူးမှ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူးအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ပြီးခဲ့သည့်လအတွင်းကလည်း တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးသည်လည်း ထိုင်းနိုင်ငံမှ ၀င်ရောက်သည့် တရားမ၀င် လိုင်စင်မဲ့ကားများ တင်သွင်းမှုတွင် ပါဝင်ပတ်သက်နေသည်ဆိုသည့် စွပ်စွဲချက်များကြောင့် ရှောင်တခင် ၀င်ရောက်စစ်ဆေးခြင်းကို ခံခဲ့ရသေးသည်။

Collapse...
ဧရာဝတီ သတင်းမှ...........
ကရင် နယ်ခြားစောင့်တပ်ဖွဲ့ချင်း ယမန်နေ့က တိုက်ပွဲဖြစ်ပွားသောကြောင့် နယ်ခြားစောင့်တပ်ရင်းမှူး တဦး ကျဆုံးသွားသည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာအနီးရှိ တခွက်ဖိုးရွာ တွင် အစိုးရကို သစ္စာခံသည့် ကရင် နယ်ခြားစောင့်တပ်နှင့် သစ္စာမခံသည့်တပ်များ ယမန်နေ့ညနေ ၄ နာရီခန့်က စတင်ဖြစ်ပွားသည့်တိုက်ပွဲတွင် ကရင်နယ်ခြားစောင့်တပ် အမှတ် ၁၀၁၁ ၏ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးနိုင် ကျဆုံးသွားခြင်း ဖြစ်သည်။
ထိုဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA)ဗဟိုမှ အသွင်ပြောင်းထားသည့် နယ်ခြားစောင့် တပ်ရင်း ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၃၊ ၁၀၁၄ စသည့် တပ်ရင်းများအခြေစိုက်ပြီး လက်ရှိအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ဆက်မနေလိုသဖြင့်၊ တပ်ရင်း ၁၀၁၁ မှလွဲ၍ ကျန်တပ်ရင်း ၃ ရင်းမှာ ယခင်လကစ၍ DKBA အဖြစ် ဘက်တံဆိပ်များကိုပြန်လည် တပ်ဆင်ခဲ့ကြပြီး မကျေနပ်မှုများကို အရေးဆိုခဲ့ကြသည်။
အစိုးရကို သစ္စာမခံသည့် နယ်ခြားစောင့်တပ်ရင်း ၃ ရင်းကိုဦးဆောင်သည့် တပ်ရင်း ၁၀၁၂ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောဘိ (ဗိုလ်ဘိ)က ယမန်နေ့ညနေတွင် တခွက်ဖိုးရွာ အနီး အခြေစိုက်သည့် တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးနိုင်၏ တပ်ရင်း ၁၀၁၁ ကို ၀င်ရောက် တိုက်ခိုက်ရာ ဒု ဗိုလ်မှူးကြီး စိုးနိုင် ကျဆုံးသွားရခြင်း ဖြစ်သည်။
၂ နာရီနီးပါးကြာသည့် အဆိုပါတိုက်ပွဲတွင် ဗိုလ်ဘိ ဦးဆောင်သည့်တပ်ဖွဲ့က စစ်ရေးအရ အချက်အခြာကျသည့် မီးဆိုင်းရွာတံတား၊ လက်ခတ်ရွာ တံတားနှင့် အခြား တံတားတစင်းတို့ကို ဖျက်ဆီးလိုက်သည်ဟု ဗိုလ်ဘိအဖွဲ့က ပြောသည်။
တံတား ၃ စင်းဖျက်ဆီးလိုက်သည့် သတင်းနှင့်ပတ်သက်၍ ဧရာဝတီက သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မရှိသေးပါ။
တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)တပ်ရင်း ၁၀၁ ၏ တပ်ရင်းမှူး ဒု ဗိုလ်မှူး ကြီးဖောဒိုက“မနေ့ညနေ ၄ နာရီကနေ ၆ နာရီအထိဖြစ်တာ စိုးနိုင်က မြန်မာအစိုးရကိုသစ္စာခံပြီး ကိုယ့်အချင်းချင်းပြန်တိုက်ဖို့လုပ်လို့ ဗိုလ်ဘိအဖွဲ့က သွားတိုက်တာ၊ တိုက်ပွဲမှာစိုးနိုင်ကျသွားတယ်၊ အဲဒီ ဒေသမှာ စစ်ရေးအရ လုံးဝတင်းမာသွားပြီ” ဟုဧရာဝတီသို့ ပြောသည်။
KNLA တပ်မဟာ ၇ ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီကလည်း ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲကို အတည်ပြုပြောကြား ပြီး အသေးစိပ် အခြေအနေများကို မသိရှိရသေးကြောင်း ပြောဆိုသည်။
ဗိုလ်ဘိ ဦးဆောင်သောအဖွဲ့သည် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ညကလည်း ကမမောင်းရွာရှိ အစိုးရ စစ်တပ် ၏ တပ်စခန်းတခုကို ၀င်ရောက်တိုက်ခိုက်ရာ ဒေသခံရွာသားတဦး သေဆုံးပြီး တံတားတစင်း ပျက်စီးခဲ့သည်ဟု ဒေသ ခံရွာသားများက ပြောသည်။
ဘားအံမြို့ခံ ကရင်နိုင်ငံရေးပါတီတခု၏ တာဝန်ရှိသူတဦးက ဘားအံမြို့မှတဆင့် အစိုးရစစ်တပ်များ လှိုင်းဘွဲ့မြို့နယ်ဘက် သို့ ကုန်းလမ်း ရေလမ်းများမှတဆင့် လက်နက် ခဲယမ်းများနှင့် အင်အားတိုးမြှင့်ပို့ဆောင်မှုများ ရှိနေသဖြင့် ကရင်ပြည်နယ် အတွင်း မကြာမီ စစ်မီး တောက်လောင်နိုင်သည်ဟု သုံးသပ်ပြောကြားသည်။
ဗိုလ်ဘိ ဦးဆောင်သည့်အဖွဲ့ကို ပြန်လည်စည်းရုံး၍နားချပေးရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ က DKBA နာယက ဆရာတော် နှင့် အကြံပေးအဖွဲ့များကို စေလွှတ်ခဲ့သော်လည်း ဗိုလ်ဘိ ခွဲထွက်အဖွဲ့က လုံးဝလက်ခံခြင်းမရှိဟုလည်း ၎င်းကပြောသည်။
DKBA သည် ယခင် နအဖ စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စတင် အသွင်ပြောင်းခဲ့ပြီး လက်ရှိတွင် တပ်ရင်း ၁၀ ရင်းရှိရာ အင်အား၂၀၀၀ ၀န်းကျင်ရှိကြောင်း DKBA တာဝန်ရှိသူများက ပြောဆိုထားသည်။
ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် DKBA တပ်မဟာ ၅ တပ်ဖွဲ့သည် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံဘဲရွေး ကောက်ပွဲ ကျင်းပနေသည့်၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ်အတွင်းရှိ အစိုးရတပ်များကို တိုက်ပွဲများ ဆင်နွှဲခဲ့သည်။
DKBA သည် ၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်၍ ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

Collapse...
ရန်ပိုင်
ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ ထိတွေ့ ရင်ဆိုင်ထားသည့် နယ်မြေများတွင် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွား နေဆဲ ဖြစ်ကြောင်း KIA က ပြောသည်။

လိုင်ဇာရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်တွင် ၂၀၀၉ ခုနှစ် စစ်ရေးပြအခမ်းအနား၌ တွေ့ရသော KIA စစ်သမီးများ (ဓာတ်ပုံ - Kachin News Group)
KIA တပ်များက မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိ နန်ဆန်ယန် ကျေးရွာ အခြေစိုက် စစ်ဘက်ဆိုင်ရာ လုံခြုံရေး (စရဖ) ရုံးကို ယမန်နေ့နံနက်က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ သို့သော်လည်း အသေအပျောက်မရှိကြောင်း KIA တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။
ဗုံးခွဲတယ်ဆိုတာ လူထုကို ထိခိုက်ဖို့ လုပ်တာမဟုတ်ပါဘူး။ အစိုးရ စစ်ရေးမဟာဗျူဟာကို ကြိုပြီး ဟန့်တားတာပါ” ဟု ၎င်းက ဆိုသည်။
ဇွန်လ ၁၈ ရက်နေ့ကလည်း KIA တပ်မဟာ ၅ ထိန်းချုပ်ရာ မိုးညှင်းမြို့နယ်အတွင်းရှိ ဆင်ဘိုစခန်းတွင် တပ်စွဲထားသည့် ခလရ ၁၄၁ နှင့် ခလရ ၁၄၂ တို့နှင့် တိုက်ခိုက်မှုများ ဖြစ်ပွားကြောင်း၊ အစိုးရတပ်ဘက်မှ တပ်သား ၅ ဦးကျဆုံးကြောင်း ဦးလနန်က ဆက်လက် ပြောသည်။
ထိုအစိုးရတပ် အကျအဆုံး သတင်းနှင့် ပတ်သက်၍ ဧရာဝတီမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ တရုတ်-မြန်မာနယ်စပ် မိုးမောက်ဒေသရှိ တာပိန်ရေကာတာ အနီး ဘွန်ဆွမ်တောင်ကုန်းတွင် တပ်စွဲထားသည့် KIA တပ်များကို အစိုးရတပ်က ဖယ်ရှားရန် ကြိုးစားရာမှ တိုက်ပွဲ စတင်ဖြစ်ပွားခြင်းဖြစ်သည်။
KIA အနေဖြင့် ဘွမ်ဆွမ်တောင်ကုန်းအနီးရှိ စခန်းတချို့မှ ရုပ်သိမ်းပေးခဲ့ရသော်လည်း စစ်ရေးအရ အရေးပါသည့် ဘွမ်ဆွမ်တောင်ကုန်းကို သိမ်းပိုက်ထားဆဲဖြစ်ကြောင်း၊ အစိုးရနှင့် ရင်ဆိုင်ထိတွေ့ထားသည့် နေရာများတွင် နှစ်ဖက်စလုံး တင်းမာမှုများ၊ စစ်အင်အား ဖြည့်တင်းမှုများရှိကြောင်း ဦးလနန်က ဆက်လက်ပြောသည်။
ယခုဖြစ်ပွားခဲ့သည့် တင်းမာမှုများနှင့်ပတ်သက်၍ KIA က တရုတ်နိုင်ငံကို ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပြီး အစိုးရကလည်း အပစ်အခတ်ရပ်စဲရန် ကချင်အတိုင်ပင်ခံကောင်စီကို စေလွှတ်ခဲ့သည်။
ဇွန်လ ၁၈ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် KIA အဖွဲ့သည် ကချင်ပြည်နယ် အတွင်းရှိ ဒေသဖွံဖြိုးရေး လုပ်ငန်းများကို ဟန့်တားနှောက်ယှက်ခြင်း၊ ရေအားလျှပ်စစ် စီမံကိန်းလုပ်ကိုင်နေသည့် တရုတ် ၀န်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ ဗန်းမော်ခရိုင်သို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်ကို မိုင်းထောင်ဖောက်ခွဲခြင်း၊ လူထုအတွက် အရေးပါသည့် တံတား ၂၅ စင်းကို ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်ကြောင်း ဖော်ပြထားသည်။
တပ်မတော်အနေဖြင့် မိမိနိုင်ငံ၏ အရေးကြီးသည့် လျှပ်စစ်စီမံကိန်းကို ကာကွယ်စောင့်ရှောက်လိုသည့် ရည်မှန်းချက် တခုတည်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်လိုဖိနှိပ် တိုက်ခိုက်လိုခြင်းမရှိဟု ရေးသားထားသည်။
ကချင်ပြည်နယ်တွင် မြန်မာအစိုးရက တရုတ်ကုမ္ပဏီများနှင့် ပူးတွဲ၍ မြစ်ကြီးနားမြို့အနီးတွင် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း၊ ရွှေလီရေအားလျှပ်စစ်စီမံကိန်း၊ တာပိန်ရေအားလျှပ်စစ် စီမံကိန်းများကို ၂၀၀၆ ခုနှစ်ခန့်က စတင် အကောင်အထည်ဖော်နေသည်။
http://www.irrawaddy.org/b

Collapse...
ဧရာဝတီ
မြန်မာ အတိုက်အခံ အဖွဲ့အစည်းများကို အားပေးကူညီမှုများ မပြုလုပ်ကြရန် ထိုင်းနိုင်ငံ မဲဆောက်ဒေသ အခြေစိုက် အစိုးရမဟုတ်သည့် NGO အဖွဲ့များအား တာ့ခ် ခရိုင်ဝန်က တနင်္လာနေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံပြီး သတိပေး ပြောကြားလိုက်သည်။

တနင်္လာနေ့က ပြုလုပ်သည့် အစည်းအဝေး (ဓာတ်ပုံ - ဧရာဝတီ)
ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ မြို့ပိုင်ရုံးတွင်ပြုလုပ်သည့် ထိုင်း အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာများ အပါအ၀င် မဲဆောက် အခြေစိုက် လှုပ်ရှားနေသည့် NGO အဖွဲ့အစည်း ၂၀ ခန့်နှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် တာ့ခ်ခရိုင်ဝန် နိုင် စမာ့လွိုင်ဖာ့က ပြောကြားခြင်းဖြစ်သည်။
၎င်းက“NGO တွေအနေနဲ့ကိုယ့်အလုပ်ကို ရိုးရိုးသားသားလုပ်ကိုင်ကြဖို့ ပြောချင်တယ်၊ မြန်မာအတိုက်အခံ အဖွဲ့တွေကို အားပေး ကူညီတာတွေ မလုပ်ကြဖို့ သတိပေးချင်တယ်၊ တချို့ NGO တွေက မြန်မာအတိုက်အခံတွေကို အားပေးကူညီမှုလုပ်နေတာတွေကို မလုပ်ကြဖို့ ပြောချင်ပါတယ်”ဟု ဆိုသည်။
အစည်းအဝေးတွင်ခရိုင်ဝန်က ယခုလ ၁၁ ရက်နေ့က မဲဆောက်အနီးရှိ မဲ့ကစာရွာတွင် မြန်မာ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တခုသို့ပေးပို့မည့် တပ်ဖွဲ့အမှတ်တံဆိပ်ပါ စစ်ယူနီဖောင်းအစုံ ၃၀၀ နှင့် အမှတ်တံဆိပ်ပါ စစ်သုံး စွပ်ကြယ်လက်တို အင်္ကျီ ၂၆၂ ထည်ကို ထိုင်းနယ်ခြားစောင့်တပ် က ဖမ်းဆီးရရှိမှုကိုလည်း ရည်ညွန်းကာ ထည့်သွင်းပြောကြားခဲ့သည်။
ခရိုင်ဝန်၏အဆိုအရ မဲဆောက်ဒေသအတွင်း အခြေစိုက်ကာ ဒုက္ခသည်စခန်းအတွင်း လုပ်ကိုင်နေသည့် NGO အဖွဲ့ ၂၀ ခန့်ရှိပြီး အခြားပြင်ပတွင်လုပ်ကိုင်နေသည့် NGO အဖွဲ့မှာ ၆၀ ခန့်ရှိသည်ဟု သိရသည်။
သတိပေးထားသည့်အတိုင်း လိုက်နာခြင်းမရှိသည့် NGO အဖွဲ့အစည်းများမှာ အရေးယူခြင်းခံရမည်ဟု အစည်းအဝေးအပြီး တွင် နိုင် စမာ့လွိုင်ဖာ့က ဒေသခံ သတင်း ထောက်များကို ပြောကြားသည်။
မြန်မာဒုက္ခသည်များနှင့် ပတ်သက်၍လည်း ဒုက္ခသည်များ စခန်းအပြင်ထွက်ကာ သစ်ခုတ်ခြင်း၊ မူးယစ်ဆေးဝါးများရောင်း ၀ယ်သုံးစွဲခြင်းများကို တွေ့ရှိပါက ဒုက္ခသည်အဖြစ်မှ ပယ်ဖျက်ပြီး အရေးယူခံရမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာအတိုက်အခံ ခေါင်းဆောင်တဦးက“ထိုင်းနယ်စပ်မှာ သွားလာလှုပ်ရှားနေတာမှန်ပေမယ့် ထိုင်းနိုင်ငံရဲ့အချုပ်အခြာကို ထိခိုက်စေမယ့်အနေအထားတွေကိုတော့ ဘယ်အဖွဲ့ကမှမလုပ်ပါဘူး၊ မြန်မာဘက်မှာ လတ်တလောဖြစ်နေတဲ့ တိုက်ခိုက်မှုတွေနဲ့ အခြားကိစ္စတွေကို မြန်မာအတိုက်အခံအဖွဲ့တွေက ထိုင်းနယ်မြေကိုအသုံးချပြီး လုပ်နေတယ်လို့ မြန်မာနယ်ခြား ကော်မတီ ကနေတဆင့် ထိုင်းဘက်ကိုအရေးဆို တိုင်ကြားတာတွေရှိတယ်၊ အခုဖြစ်တဲ့ကိစ္စကလည်း ပတ်သက် ဆက်နွယ် မှုတွေရှိတယ်၊ ပြောရရင်တော့ မြန်မာဘက်က ဖိအား ပေးလို့”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းအစည်းအဝေးသို့ ထိုင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ ထိုင်း စစ်တပ်၊ ထိုင်းရဲ၊ လူဝင်မှု ကြီးကြပ်ရေး(လ၀က)၊ နယ်ခြား စောင့်တပ်ဖွဲ့နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၊ ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီ ညစောင့်ရှောက်ရေး ညွန့်ပေါင်း အသင်း(TBBC) အပါအ၀င် NGO အဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာဒုက္ခသည်စခန်းများမှ စခန်းဥက္ကဌများ တက်ရောက်ခဲ့ကြသည်။

Collapse...
သန်းထိုက်ဦး
မွန်ပြည်နယ် ရေး - သံဖြူဇရပ် ကားလမ်းတွင် ယမန်နေ့က ခရီးသည်တင်ကား ၅ စီး ပစ်ခတ်ခံရသည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ထိုသို့ ပစ်ခတ်ပြီး ဆက်ကြေးတောင်း၊ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သူတို့မှာ ကရင် အမျိုးသားအစည်း အရုံး (KNU) တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ဆိုသည်။
တနှစ်စာ ဆက်ကြေးအဖြစ် ထားဝယ် - ရန်ကုန် ကားတစီးလျှင် ကျပ် ၁၀ သိန်း၊ ထားဝယ် - မော်လမြိုင်ကား တစီးလျှင် ၃ သိန်း နှုန်း အဓမ္မ ကောက်ခံခဲ့ကြောင်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဖော်ပြထားသည်။
အခင်းဖြစ်ပွားပြီးနောက် နယ်မြေခံ စစ်တပ်က လိုက်လံ ရှင်းလင်းရာ ဖမ်းဆီးခံထားရသူ ၆ ဦး အနက်မှ ၄ ဦး ထွက်ပြေး လွတ်မြောက်လာကြောင်း သတင်းစာက ဆိုသည်။ ခရီးသည်များ ထိခိုက်မှု ရှိမရှိ သတင်းစာတွင် ဖော်ပြမထားပေ။
KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေကမူ ၎င်းတို့ တဖက်သတ် စွပ်စွဲရေးသားခံရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒီသတင်း အချက်အလက်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ သံသယ ရှိတယ်၊ နောက်တခုက ကျနော်တို့ဘက်က ဒီလိုမျိုး ဖမ်းဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပေါ်လစီ (မူဝါဒ) မရှိဘူး၊ ဒါ စွပ်စွဲချက်ပဲလို့ ကျနော်တို့ပြောရမယ်” ဟု သူက ဆိုသည်။
ထိုဒေသ တလျှောက်တွင် KNU တပ်ဖွဲ့ဝင်များ ရှိသကဲ့သို့ မွန်ပြည်သစ်ပါတီဝင်ဟောင်း တချို့နှင့် ဖွဲ့စည်းထားသော ဓားပြအဖွဲ့ တဖွဲ့လည်း လှုပ်ရှားနေသောကြောင့် အခြေအနေများ ရှုပ်ထွေးနေသည်ဟု မွန်ပြည်သစ် ပါတီနှင့် နီးစပ်သူတဦးက ပြောသည်။
မွန်ဓားပြ အဖွဲ့တွင် လူဦးရေ ၃၀ ခန့်ရှိပြီး မွန်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဟု အမည်ပေးထားကြောင်း သူက ဆိုသည်။
အာဏာပိုင်တို့က မြန်မာပြည်အတွင်း ပစ်ခတ်မှုများနှင့် ပေါက်ကွဲမှုများ ဖြစ်ပွားသည့် အခါတိုင်း နယ်စပ် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲတတ်သကဲ့သို့ ယင်း အဖွဲ့အစည်းများကလည်း ငြင်းဆိုလေ့ ရှိကြသည်။

Collapse...
ဧရာဝတီ
ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လနှင့် အုန်းဖျန် ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသည့် ဒုက္ခသည်များ၏ စာရင်း အတိ အကျ သိရှိနိုင်ရန် ထိုင်းအာဏာပိုင်များက ၀င်ရောက်စစ်ဆေးမည်ဖြစ်သောကြောင့် ယခုလ၂၂ ရက်နေ့မှ စတင်၍ စခန်း အတွင်း ၀င်ထွက်သွားလာမှုများကို ပိတ်ပင်ထားမည်ဟု သိရသည်။

အုန်းဖျန် ဒုက္ခသည်စခန်း (ဓာတ်ပုံ - ဧရာဝတီ)
အုန်းဖျန် ဒုက္ခသည်စခန်း (ဓာတ်ပုံ - ဧရာဝတီ)
ထိုင်းနိုင်ငံ တာ့ခ် ခရိုင် ဖုတ်ဖရ မြို့နယ်ရှိ အုန်းဖျန် ဒုက္ခသည်စခန်းမှ ရပ်ကွက်မှူးတဦး က“ဒီလ ၂၃ ရက်နေ့ကစပြီး တာ့ခ် ခရိုင် အုပ်ချုပ်ရေးအဖွဲ့က ဒုက္ခသည်အားလုံးရဲ့စာရင်းကို အတိအကျကောက်ယူမှာဖြစ်တဲ့အတွက် အပြင်မှာအလုပ်သွားလုပ်ကြတဲ့လူတွေ၊ ခရီးလွန်နေတဲ့လူတွေကို အမြန်ပြန်လာကြဖို့ လိုက်ပြီးနိုးဆော်နေရတယ်၊ သတ်မှတ်ရက်မှာ မရှိလို့ကတော့ လူသစ် လူဟောင်း အားလုံး အပယ်ခံရမယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခုလ ၂၃ ရက်နေ့မှ ဇွန် လ ၁ ရက်နေ့အထိ ဒုက္ခသည်များ၏ စာရင်းကောက်ခံမှု အစီအစဉ်ကို တာ့ခ် ခရိုင် အုပ်ချုပ်ရေး အဖွဲ့ တခုတည်းကသာ ပြုလုပ်မည်ဖြစ်ပြီး ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ပါဝင်ခြင်းမရှိဟု သိရသည်။
ဒုက္ခသည်တဦးက“ထိုင်းကတော့ ဒီကိစ္စကိုအပြတ်ကိုင်တွယ်မယ်ဆိုတော့ စခန်းထဲကလူတွေလည်း အတော်စိုးရိမ်နေကြ တယ်၊ အပြင်ရောက်နေတဲ့ လူတွေလည်း ပြန်လာကြတာ ၃၀၀၀ လောက်ရှိမယ်၊ အခုထိ ပြန်လာနေတုန်းပဲ၊ စခန်းကို လုံ
ခြုံ ရေးပေးနေတဲ့ ထိုင်းတွေ ပြောတာက အထက်အမိန့်အရ ဒီလ ၂၂ ရက်နေ့မှာ စခန်းကို တံခါးပိတ်လုပ် မယ်လို့ပြော တယ်”ဟု ပြောဆိုသည်။
အုန်းဖျန်စခန်းအတွင်း စာရင်းကောက်ခံခြင်းနှင့် စစ်ဆေးမှုလုပ်ငန်းစဉ်များ ပြုလုပ်ရာတွင် လူ ဟောင်းများကို စခန်း အတွင်း ရှိ အမှတ် ၂ အထက်တန်းကျောင်းတွင် ပြုလုပ်မည်ဖြစ်ပြီး လူ သစ်များကို စခန်းဇုန် B တွင်ရှိသည့် ရိက္ခာထုတ်ပေးရေး ဂိုဒေါင်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှတောင်ဘက် ၇၅ ကီလိုမီတာခန့် အကွာတွင်တည်ရှိသည့် အုန်းဖျန် ဒုက္ခသည် စခန်း တွင် ရပ်ကွက် ၁၆ ခုရှိပြီး မြန်မာ ဒုက္ခသည် ၁၆၀၀၀ ခန့် နေထိုင်လျက်ရှိသည်။
အလားတူစစ်ဆေးမှုများကို မယ်လ ဒုက္ခသည်စခန်း၌လည်း ယခုလ ၂၃ ရက်နေ့မှစတင်ကာပြုလုပ်မည်ဟု မယ်လစခန်း ဥက္ကဌ ကိုစောထွန်းထွန်း က ပြောသည်။
၎င်းက“အုန်းဖျန်စခန်းနဲ့ မယ်လစခန်းကို တချိန်တည်း လုပ်မှာဖြစ်တယ်၊ အသေးစိတ် အစီအစဉ်တွေကိုတော့ မနက်ဖြန်မှာ လုပ်မယ့် စခန်းကော်မတီအစည်းအဝေးပြီးမှပဲ သိရမယ်၊ သတ်မှတ်ရက်အတွင်း မရှိတဲ့လူကတော့ လုံးဝ အပယ်ခံရမှာ သေချာတယ်”ဟု ပြောသည်။
မယ်လ ဒုက္ခသည်စခန်းသည် မဲဆောက်မြို့၏ မြောက်ဘက် ၅၅ ကီလိုမီတာအကွာတွင် တည်ရှိပြီး ရပ်ကွက် ၂၂ ခုရှိကာ လက်ရှိတွင် ဒုက္ခသည် ၅၀၀၀၀ ကျော်နေထိုင်လျက်ရှိသည်ဟု ကရင်ဒုက္ခသည် ကော်မတီ(KRC)၏ မှတ်တမ်းများ၌ ဖော် ပြထားသည်။
မယ်လ ဒုက္ခသည်စခန်းကို ယခင်က ခရိုင် အုပ်ချုပ်ရေး အာဏာပိုင်များနှင့် ထိုင်း စစ်တပ်၊ ထိုင်း ရဲတပ်ဖွဲ့တို့က ညဘက် ရှောင်တခင် ၀င်ရောက်စစ်ဆေးမှုများရှိခဲ့သော်လည်း တရားမ၀င်နေထိုင်သူ ဆယ်ဂဏန်းမျှသာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

Collapse...
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်း ယခုရက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကရင်ပူးပေါင်းတပ်များနှင့် မြန်မာအစိုးရ စစ်တပ်တို့၏ တိုက်ပွဲများကြောင့် နှစ်ဘက်ထိခိုက် သေကျေမှုများ ရှိသည်ဟု ကရင် တပ်မှူး များက ပြောသည်။

KNLA တပ်ရင်း ၂၀၁ မှ တပ်သားများ (ဓာတ်ပုံ - ဧရာဝတီ)
ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကော့ကရိတ်မြို့နယ် ဝေါ်လေဒေသ ဖောမူ့ဘောထာ့ရွာတွင် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၁ နှင့် ကနဲလေးရွာ အခြေစိုက် မြန်မာ အစိုးရ၏ ခြေမြန်တပ်ရင်း (ခမရ - ၃၇၂) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
KNLA တပ်ရင်း ၂၀၁ မှ ဗိုလ်ခုဝါးက “မနေ့က ကျနော်တို့ ပြောက်ကျားနည်းနဲ့ သွားတိုက်တာ သူတို့ဘက်က အကျအဆုံး များတယ်။ အားလုံး ၆ ယောက်ကျတယ်။ လက်နက်၊ လူသူနဲ့ အင်အားခြင်းက ကွာတော့ ကျနော်တို့ ဒီနည်းကိုပဲ သုံးတယ်” ဟု ပြောသည်။
ယခုရက်ပိုင်း အတွင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ချူးကလိဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ တွင်လည်း KNLA ဘက်မှ တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့ရာ တပ်ဖွဲ့ဝင် ၂ ဦး မှာ ထိုင်း - မြန်မာနယ်စပ်တွင် ဆေးဝါးကုသမှု ခံယူလျှက် ရှိသည်ဟု သိရသည်။
မေ လဆန်းပိုင်းကစ၍ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် ရက်သတ္တ ၁ ပတ်ခန့် ကြာသည်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ အဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။
၎င်း တိုက်ပွဲကြောင့် ကျိုက်ဒုံဒေသခံ ရွာသား ၁၀၀၀ ကျော် ထိုင်းဘက်ခြမ်းရှိ အုန်းဖန်မြို့နယ် အတွင်း ထွက်ပြေး ရောက်ရှိလာခဲ့ပြီး တိုက်ပွဲများအပြီးတွင် ထိုင်းအာဏာပိုင်များက နေရပ်သို့ ပြန်ပို့ခဲ့သည်ဟု သိရသည်။

Collapse...
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်း တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ရန်အတွက် ယနေ့ ပြည်ထောင်စု လွှတ်တော် သို့ တင်သွင်း လိုက်သည်။

၂၀၀၈ ခုနှစ်က တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံနေသော ဦးတင်အေး (ဓာတ်ပုံ - ဆင်ဟွာ)
“ဦးတင်အေးက ဒီနေ့ပဲ လွှတ်တော် ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်ကြောင်း စာတင်တာကို ပြည်ထောင်စု လွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဖတ်ကြားတယ်။ ဘာဖြစ်လို့ နုတ်ထွက်တယ်ဆိုတာတော့ မပြောဘူး။ အားလုံးက အံ့အားသင့်ကုန်တယ်” ဟု လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောသည်။
လွှတ်တော် ကိုယ်စားလှယ်များက ဦးတင်အေးသည် အစိုးရသစ်ဖွဲ့ရာတွင် အာဏာ ခွဲဝေမှု မညီမျှခြင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ တရားဝင် နုတ်ထွက်ခြင်း ဖြစ်နိုင်သည်ဟု ထင်မြင်ယူဆနေကြသည်။
ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် စစ်တပ်အတွင်း၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လူယုံတဦးဟု လူသိများ၍ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးပြီးလျှင် ဦးရွှေမန်း၊ သီဟသူရ ဦးတင်အောင်မြင်ဦးတို့နှင့် အတူ စစ်တပ်အပေါ် သြဇာညောင်းသည့် နံပါတ် ၆ ခေါင်းဆောင်ဖြစ်သည်။
စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များ မြောက်ကိုရီးယား၊ ရုရှားစသည့် နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်၍ လက်နက် ၀ယ်ယူရာတွင် ဦးတင်အေးမှာ အရေးပါသူတဦးအဖြစ် အမြဲတမ်း လိုက်ပါရသူဖြစ်သည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လ အတွင်းက ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများကို ရွေးကောက်ပွဲ ၀င်ရန် စစ် အစိုးရက ရာထူးမှ နုတ် ထွက်စေခဲ့ရာ ဦးတင်အေးကို မန္တလေးတိုင်း တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံ စေခဲ့သည်။
ဦးတင်အေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၉ ကျောင်းဆင်းဖြစ်ပြီး ၁၉၉၄ ခုနှစ်ခန့်က တနင်္သာရီတိုင်းတွင် အသစ် ဖွင့်လှစ်သည့် ဒေသကွပ်ကဲမှု စစ်ဌာချုပ်တွင် ဗိုလ်မှူးချုပ် တာဝန်ယူခဲ့ပြီးနောက် တောင်ပိုင်းတိုင်း စစ်ဌာချုပ် တိုင်းမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့နောက် အာဏာသိမ်း စစ်ကောင်စီတွင် အဖွဲ့ဝင်တဦး ဖြစ်လာခဲ့သည့်အပြင် တပ်မတော် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ် အဖြစ်လည်း တာဝန်ယူခဲ့သည်။
၎င်းသည် စစ်တပ် စီးပွားရေးကို အကောင်အထည် ဖော်ပေးရသည့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်တွင် ဥက္ကဋ္ဌအဖြစ် ပြီးခဲ့သည့်နှစ် သြဂုတ်လ အထိ တာဝန်ယူခဲ့သူ ဖြစ်သည်။
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ရာထူးကို ဗိုလ်ချုပ်ခင်ဇော်ဦးအား တရားဝင် လွှဲပြောင်းပေးခဲ့ရ သော်လည်း ထိုတာဝန်များကို နောက်ကွယ်မှ ကြိုးကိုင်ရန် ဗိုလ်ချုပ်မှူးကြီးက ဦးတင်အေးကို အမိန့်ပေးခဲ့သည်။
ဦးတင်အေး လက်ထက်တွင် စစ်တပ်စီးပွားရေး ကုမ္ပဏီဖြစ်သည့် ဦးပိုင်လီမိတက်သည် မြန်မာဘီယာ၊ တိုက်ဂါးဘီယာ၊ ရမ္မာမော် တော် ကားစက်ရုံ၊ ရူဘီမတ် ကုန်တိုက်၊ မြန်မာတံဆိပ် အထည်ချုပ်စက်ရုံ၊ ဘိလပ်မြေစက်ရုံ၊ ကြယ်ငါးပွင့် သင်္ဘောလိုင်း၊ ပါရမီ ကားလိုင်း၊ မြောက်ကိုရီးယား နိုင်ငံသို့ ဆန်တင်ပို့ခြင်း စသည့်လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ခဲ့သည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့က နေပြည်တော် ဆာဖာရီဥယျာဉ်ကို ဦးတင်အေး သွားရောက်ဖွင့်လှစ်ပေးခဲ့ရာ အစိုးရပိုင် သတင်းစာများ၌ ၎င်းကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်ဟု သုံးနှုန်းထားကြောင်း တွေ့ရသည်။
ယခုအခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ဖွဲ့စည်းပေးသည့် အစိုးရသစ်တွင် အာဏာခွဲဝေရေး မညီမျှမှုများနှင့် ပတ်သက်၍ မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း၊ မကြာသေးမီက ကာကွယ်ရေး ၀န်ကြီး ခန့်အပ်မှုကို မကျေနပ်သည့်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား စောဒကတက် ပြန်လည် ပြောဆိုခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ရာထူးမှ ဖယ်ရှားခဲ့ ကြောင်း နေပြည်တော် စစ်တပ်အသိုင်းအ၀န်းတွင် ပြောဆိုနေကြသည်။

Collapse...
ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် ကာကွယ်ရေး ၀န်ကြီးတာဝန်ပေးအပ်ခြင်းကို လက်မခံသည့်အတွက် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရာထူးမှ ချက်ခြင်း ထုတ်ပယ်လိုက်သည်ဟု နေပြည်တော် စစ်ဘက်အသိုင်းအ၀ိုင်းမှ သိရသည်။ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် ကာကွယ်ရေးဦးစီးချုပ်နေရာကို ဆက်ဆံမည့်သူအဖြစ် လျာထားခြင်းခံရသည်ဟု နာမည်ထွက်ခဲ့သော်လည်း ကာကွယ်ရေးဝန်ကြီးရာထူးကို ပေးအပ်သည့်အတွက် ငြင်းပယ်ခြင်းဖြစ်ကြောင်း သိရသည်။
www.irrawaddy.org

Collapse...