Showing posts with label article. Show all posts
Showing posts with label article. Show all posts

3 June 2012

လောင်စာဆီ မပါသော ငြိမ်းချမ်းရေး ယာဉ်ကြီး ကချင်ပြည်နယ်သို့ မရောက်နိုင်

http://www.thithtoolwin.com/

      ငြိမ်းချမ်းရေး  ဆိုသော  စကားလုံးသည်  အလွန်လှပါသည် ။ ကြားရသူအပေါင်း`၏ နားတွင်လဲ အလွန်မဂ်လာရှိပါ ။ ကျက်သရေလဲ ရှိပါ`၏ ။ခက်နေသည်က  ငြိမ်းချမ်းရေး ဆိုသော ယာဉ်ကြီးကို လောင်စာဆီထည့်မမောင်းနှင်ဘဲ ခေါင်းဆောင်များက ဝိုင်းပြီးတွန်နေခြင်းဖြစ်သည် ။ တိုင်းရင်းသား စစ်ဘေးဒုက္ခသည်များ နှင့် ပြည်သူတွေက ထိုယဉ်ကို စီးဘို့ စောင့်နေကြသည် ။ စောင့်ရင်းနှင့် သေတွင်းကို ခုန်ဆင်းနေကြရသော ဒုက္ခသည်တွေရဲ့  အသက်တွေလဲ မနဲလှပေ ။ထိုကဲ့သို့ ဆက်ပြီး တွန်းနေမည်ဆိုလျှင် ဆက်မတွေးရဲ စရာပင် . . ငြိမ်းချမ်းရေး ယာဉ် အတွက်လောင်စာဆီက ဒုက္ခသည်တွေရဲ့  အသက်အိုးအိမ် ပေးဆပ်နေသလို ဖြစ်နေပြီ ။

      အခက်အခဲများ ရှိမည်ကို တွေးမိပါသည် ။ ထိုအခက်အခဲများ ဖြေရှင်းနိုင်သော နည်းလမ်းမှာ နှစ်ဘက်ခေါင်းဆောင်များ အတ္တတွေဖြေလျှော့ ပြီး ဒုက္ခရောက်နေသော ပြည်သူတွေဂရုနာနှင့် ကိုယ်ချင်းစာတရားထားလိုက်လျှင် ငြိမ်းချမ်းရေးယာဉ်ကြီး ခရီးနှင်လို့ ရမည်မှာ အသေအချာ ပင် ဖြစ်ပါသည် ။

      ငြိမ်းချမ်းရေး ယာဉ်အတွက် လိုနေသော လောင်စာမှာ မေတ္တာ ၊ ဂရုဏာ ၊ စေတနာ ဆိုသော လောင်စာများ ပင်ဖြစ်ပါသည် ။ထိုလောင်စာများ ထည့်ပြီး မောင်းနှင်ပါက လိုရာခရီးကို အချိန်တို အတွင်း ရောက်မည်မှာ မလွဲ ဧကန် ဖြစ်ပါသည် ။
by - zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
 
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း

more.gif

7 May 2012

ဓါးစာခံ စောလားပွယ်၊ မြန်မာ့မူးယစ် ထုတ်လုပ်မှုနှင့်နိုင်ငံရေးကစားကွက်

ဖူးဒို (မေလ ၇ရက်၊ ၂၀၁၂)

ကမ္ဘာ့ဘိန်းဖြူထုတ်လုပ်မှုပြဇယား
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ဘိန်းဖြူထုတ်လုပ်မှု ပမာဏတွင် ဒုတိယအများဆုံးဖြစ်နေပါသည်။ ကမ္ဘာ့ ကုလသမဂ္ဂမူးယစ်နှင့် ရာဇ၀တ် ဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ၂၀၁၀ ဘိန်းဖြူထုတ်လုပ်သည့် ပမာဏသည် မက်ထရစ်တန် ၅၈၀ ရှိခဲ့ပါသည်။ဘိန်းစိုက်ပျိုး သည့် ဧရိယာအကျယ်အ၀န်းမှာ၂၀၀၉ခုနှစ်တွင် ၃၁၇၀၀ဟက်တာမှ ၂၀၁၀ခုနှစ်တွင် ၃၈၁၀၀ဟက်တာသို့ တိုးလာသော်လည်း ၂၀၁၀ခု နှစ် ဘိန်းထွက်နှုံးကျရသည့် အကြောင်းအရင်းမှာ ပိုးမွါးကျရောက်ခြင်းကြောင့် ဖြစ်သည်။

၁၉၉၆မှ ၂၀၁၀ထိ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုဇယား
မြန်မာနိုင်ငံတွင် ၁၉၉၆ မှ ၂၀၀၆ ထိ ဘိန်းစိုက်ပျိုးမှု သိသိသာသာ ကျဆင်းခဲ့သော်လည်း ထိုကာလတွင်း စိတ်ကြွရူးသွပ်ဆေးခေါ် ရာဘ ဆေး ထုတ်လုပ်သည့်ပမာဏမှာ ကမ္ဘာ့ထိပ်တန်းအဆင့် ၁သို့ ရောက်ခဲ့ပါသည်။ ၂၀၁၀နှစ်ထဲတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ မှောင်ခို တင်သွင်းခဲ့သော ရာဘဆေး အရေအတွက်မှာ ၁ ဘီလျံ (သန်း တစ်ထောင်) ရှိခဲ့ပြီး ၂၀၁၀အတွင်း ဖမ်းဆီးမိခဲ့သည့်အရေအတွက်မှာ သန်း ၄၀ ရှိခဲ့ပါသည်။ မြန်မာနိုင်ငံမှာထွက်ရှိသည့် ရာဘဆေးအများစုသည် ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံသို့ မှောင်ခိုတင်သွင်းလေ့ရှိ ခဲ့ရာမှ ယခုအချိန်တွင် နယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယကိုပါ တင်သွင်းလာပြီ ဖြစ်သည်။

ကုလသမဂ္ဂ (UNOD) မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံတွင်း ဒေသအလိုက် ဘိန်းစိုက်ပျိုးမှုဇယား
၂၀၁၀ တွင် မြန်မာနိုင်ငံတွင်းရှိ စိတ်ကြွရူးသွပ်ဆေး (ရာဘ)နှင့် ဘိန်းဖြူ ဖမ်းဆီးရမိသည့် ကိန်းဂဏာန်း သိသိသာသာ ကျဆင်းခဲ့ပါသည်။ သို့သော် ၎င်းကျဆင်းနှုံးသည် ရာဘနှင့် ဘိန်းဖြူထုတ်လုပ်ခြင်း ကျဆင်းသည့်လဏ္ခာမဟုတ်ဘဲ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင် ခြင်း၊ စည်းရုံးခြင်းနှင့် တိုက်ရိုက် ပတ်သက်နေပါသည်။ အချို့သော် ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲစည်းရုံးရေးတွင် မိမိပါတီအနိုင်ရပါ က ဘိန်းစိုက်ပျိုးရေးကို ခွင့်ပြုမည်ဟုဆိုသော စည်းရုံးရေးကို တွေ့ခဲ့ရသလို မူးယစ်ကုန်သည်တချို့သည်လည်း လွှတ်တော်တွင်းသို့ ရောက်ရှိနေပါပြီ။
နောက် သက်သေတခုမှာ ကမ္ဘာ့ထိပ်တန်း မူးယစ်ရာဇာများဖြစ်သော ခွန်ဆာ၊ လောဝ်စစ်ဟန်၏သား ထွန်းမြင့်နိုင် (Steven Law) တို့ကို တွေ့ရပါသည်။ မူးယစ်ကုန်သည်ဖြစ်နေပါစေ တနေ့တချိန်တွင် မြန်မာစစ်ဖက် ခေါင်းဆောင်နှင့်တည့်အောင်ပေါင်းပြီး အေးချမ်းစွာ နေနိုင် သည့်အပြင် ရင်းနှီးမြုပ်နှံမှုများ၊ ငွေကြေးခ၀ါချမှု (ငွေမဲမှ ငွေဖြူသို့ ပြောင်းလဲခြင်း)များကို မြန်မာနိုင်ငံတွင် လွတ်လပ်စွာ လုပ်ဆောင်နိုင် သောအချက်သည် ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ထုတ်လုပ်ခြင်းကို များစွာအားပေးနေပါသည်။
မြန်မာအစိုးရသည် မူးယစ်ဆေး တိုက်ဖျက်ရေးကို သိသိသာသာ မတိုက်ဖျက်ခြင်းအတွက် အဓိကသုံးသပ်မိသော အချက်များမှာ -
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို အပြစ်ဖို့ပြီး စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ရန်
- ဘိန်းနှင့် မူးယစ်ဆေးထွက်ကုန် အများစုမှာ ပြည်ပဈေးကွက်အတွက်သာ ဖြစ်ခြင်း
- အုပ်ချုပ်ရေးအတွင်း မသမာမှု၊ လာဘ်ပေးလာဘ်ယူမှုများ ရှိနေခြင်းကြောင့် ဖြစ်ပါသည်။
ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေး ထုတ်လုပ်မှု အများအပြားတွင် အစိုးရမှ တာဝန်ရှိနေသူများ ပတ်သက်နေသလို အချို့ဒေသများတွင် စိုက် ပျိုးရေးနှင့်ပတ်သက်ပြီး ဘိန်းစိုက်ပျိုးရန် အာဏာပိုင်များမှ အားပေးနေသည်ကို တွေ့ရပါသည်။ သက်သေအနေဖြင့် လူနေကျဲသော ချင်းတောင်တန်းများတွင် မြို့နယ်အာဏာပိုင်များက မြို့ပြင်များတွင် ဘိန်းစိုက်ပျိုးခွင့် ပေးထားသည်ကို တွေ့ရပါသည်။ ဒီ့အပြင် ဘိန်းနှင့် မူးယစ်ဆေးဖမ်းဆီးရမိပြီး မီးရှို့ဖျက်ဆီးသည့် အခမ်းအနားလုပ်ရန် အာဏာပိုင်များသည် မူးယစ်ကုန်သည်များကို တိုက်ရိုက်ဆက်သွယ် ပြီး အလူခံလေ့ရှိနေသည်မှာလည်း လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာခဲ့ပါပြီ။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ဘိန်းနှင့် မူးယစ်ဆေးထွက်ရှိခြင်း၏ အဓိကရေသောက်မြစ်မှာ အုပ်ချုပ်ရေးတွင် တာဝန်ရှိသော အာဏာပိုင်များ နှင့် အဓိကပင်စည်မှာ ဘိန်းနှင့် မူးယစ်ဆေး အများအပြား ထုတ်လုပ်သည့် မူးယစ်ရာဇာများ ဖြစ်နေပါသည်။

ထိုင်း-မြန်မာဆက်ဆံရေး
မြန်မာနှင့် ကီလိုမီတာ ၁၂၀၀ကျော် နယ်စပ်ထိနေသည့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင်း စီမံကိန်း ၆၁ခုဖြင့် ရင်းနှီးမြုပ်နှံငွေ အမေရိကန် ဒေါ်လာ ၉.၅၆၈ဘီလီလျံဖြင့် မြန်မာနိုင်ငံအတွက် ဒုတိယ အကြီးဆုံး ရင်းနှီးမြုပ်ထားသော နိုင်ငံဖြစ်ပါသည်။ မြ၀တီ-မဲဆောက် နယ်စပ် ကုန်သွယ်တခုတည်းတွင် ကုန်သွယ်မှုပမာဏ တစ်နှစ်လျှင် ဒေါ်လာ သန်းတစ်ထောင်ကျော် ရှိပါသည်။ မြ၀တီ-မဲဆောက်နယ်စပ်ကုန် သွယ်ရေးတံတားကို မြန်မာအစိုးရဖက်က ၂၀၁၀၊ ဇူလိုင်လ ၁၈ရက်မှစပြီး တနှစ်ခွဲနီးပါးကြာ ပိတ်ထားခဲ့ပါသည်။ ၎င်းနယ်စပ် ကုန်သွယ် ရေးလမ်းကြောင်း ပိတ်လိုက်ခြင်းတွက် နေ့စဉ် ကုန်သွယ်မှုပမာဏ ထိုင်းဘတ်ငွေ ၈၈ သန်း ( အမေရိကန် ဒေါ်လာ ၂.၇၄)ကို ထိခိုက်ခဲ့ပြီး နယ်စပ်ဂိတ်ပြန်ဖွင့်နိုင်ရေးတွက် မြန်မာအစိုးရနှင့် အမြန်ဆုံး ဆွေးနွေးမည်ဟု ထိုင်းကုန်သွယ်ရေးဝန်ကြီး ပွန်တီဗာနာကာစိုင် (Mrs. Porn-tiva Nakasai – Minister of Commerce)က ပြောခဲ့ပါသည်။ တကယ်တမ်းတွင်မူ နယ်စပ်ကုန်သွယ်မှုပိတ်ခြင်းကြောင့် နှစ်နိုင်ငံစလုံးမှာ နစ်နာသော်လည်း ထိုင်းနိုင်ငံမှ နယ်စပ်ဖွင့်လှစ်နိုင်ရေးတွက် စိတ်အားထက်သန်နေသည်မှာ ထိုင်းအစိုးရသည် ထိုင်းပြည်သူလူထု၏ နစ် နာမှုများကို အလေးထားသောကြောင့် ဖြစ်သည်။ မဲဆောက်မြို့နှင့် တာ့ခ်ခရိုင် (Tak Province) ဖွံ့ဖြိုးမှုသည် မြ၀တီ-မဲဆောက်ကုန်သွယ် ရေးနှင့် တိုက်ရိုက် ဆက်နွယ်နေပါသည်။
၂၀၁၀၊ နိုဝင်ဘာလ ရွေးကောက်ပွဲရက်အပြီးတွင် ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သော DKBA အဖွဲ့မှ မြ၀တီမြို့သို့ စီးနင်းဝင်ရောက်တိုက်ခိုက် မှုသည် စစ်အစိုးရကို များစွာ သိက္ခာကျစေခဲ့ပါသည်။ လနှင့်ချီကြာသော အစိုးရ၏ တန်ပြန်စစ်ဆင်ရေးကို ဗိုလ်နှုတ်ခမ်းမွှေးတို့အဖွဲ့မှာ ခံနိုင်ရည်ရှိခဲ့သဖြင့် စစ်အစိုးရကို ပိုပြီး သိက္ခာကျစေခဲ့ပါသည်။ ၎င်းနောက် မြ၀တီ-မဲဆောက် နယ်စပ်ဂိတ်ပြန်ဖွင့်ရေးတွင် မြန်မာအစိုးရ ဖက်မှ စစ်ဖက်ဆိုင်ရာ အကျိုးဖြင့် ဆွေးနွေးလာပါသည်။ ဗိုလ်နှုတ်ခမ်းမွေး ဖမ်းဆီးနိုင်ရေးတွင် ထိုင်းအစိုးရမှ ပူးပေါင်းကူညီပြီး ဗိုလ်နှုတ် ခမ်းမွှေးကို ဖမ်းဆီးနိုင်ပြီးနောက်ပိုင်းမှသာ မြ၀တီ-နယ်စပ်ဂိတ်ကို ပြန်ဖွင့်မည်ဟု မြန်မာအစိုးရက တောင်းဆိုလာပါသည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း၌သာ အခြေစိုက်သော ဗိုလ်နှုတ်ခမ်းမွှေးကို ထိုင်းဖက်မှ ဖမ်းဆီးပေးနိုင်ခြင်းမရှိခဲ့ချေ။
ဧပြီလ ၂၀ရက်နေ့က မူးယစ်ဆေးကုန်ကူးမှုတွင် ထိပ်တန်းစာရင်းဝင်သူ ၂၅ယောက်၏အမည်ကို ဖမ်းဆီးနိုင်သူအား ထိုင်းဘတ်ငွေ ၁၂ သန်း ဆုကြေးငွေပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရ၏ Office of the Narcotics Control Board -ONCB အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုစာ ရင်းတွင် မြန်မာနိုင်ငံသား ၃ဦးအနက် DKBA ခွဲထွက်အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး၏အမည်လည်းပါ ၀င်ခဲ့သည်။ ထူးခြားချက်တစ်ခုမှာ ဗိုလ်နှုတ်ခမ်းမွှေးတစ်ဦးတည်းသာ ထိုင်းအစိုးရကို ပြန်လည်တုန့်ပြန်ခဲ့ပါသည်။ သူ၏ တုန့်ပြန်ချက်တခု မှာ ထိုင်းအာဏာပိုင်များကို မိမိနယ်ထဲ ၀င်ရောက်စစ်ဆေးရန် ဖိတ်ခေါ်ထားသည်မှာ ထူးခြားချက်တစ်ခု ဖြစ်နေပါသည်။ ၎င်း (ဗိုလ်နှုတ် ခမ်းမွှေး)၏ တုန့်ပြန်ချက်ကို ထိုင်းအာဏာပိုင်မှ ပြန်လည် တုန့်ပြန်သည်မှာ ဗိုလ်နှုတ်ခမ်းမွှေး၏ မူးယစ်ဆေးဝါးမှုသည် လွန်ခဲ့သည့် ၉နှစ်မှ အမှုဖြစ်ပြီး မိမိတို့ဖက်မှ အထောက်အထားရှိသဖြင့် ဗိုလ်နှုတ်ခမ်းမွှေးကိုယ်တိုင် လာရောက်ဖြေရှင်းရန် တောင်းဆိုထားပါသည်။
နှစ်ဦးနှစ်ဖက်၏ အခြေအနေကို လေ့လာပြီး သုံးသပ်မိသည်မှာ -
ထိုင်းနိုင်ငံအနေဖြင့် အထောက်ထားမခိုင်လုံဘဲ စွပ်စွဲကြေညာမည်မဟုတ်သလို အထောက်အထားများစွာ ရှိသည့်အထဲမှ တစ်ခုတည်းကို ဆွဲထုတ်ထားသည်မှာ စဉ်းစားစရာဖြစ်နေပါသည်။ ဒိပြင် လွန်ခဲ့သော ၉နှစ်ဆိုသောအချိန် ၂၀၀၃ခုနှစ်သည် ဗိုလ်နှုတ်ခမ်းမွှေးမှ DKBA ၏ အုပ်ချုပ်မှုအောက်တွင်ရှိနေသေးသလို စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့်ကာလလည်း ဖြစ်နေပါသည်။ ထိုအချိန်ကာလ၏ ပြစ်မှု အတွက် DKBA အဖွဲ့ခေါင်းဆောင် သို့မဟုတ် စစ်ဦးစီးချုပ်ကို ဖြေရှင်းချက် အရင်မတောင်းဘဲ ဗိုလ်နှုတ်ခမ်းမွှေးကို ဖမ်းဝရမ်းထုတ်ခြင်း သည် စိတ်ဝင်စားစရာဖြစ်နေပါသည်။ စာရေးသူအနေနှင့် အတိတ်ကာလတွင် ဗိုလ်နှုတ်ခမ်းမွှေးအနေဖြင့် မူးယစ်ဆေးရောင်းဝယ်မှုနှင့် တိုက်ရိုက်ပတ်သက်မှုရှိမရှိကို အတိအကျ မသိသော်လည်း နှစ်ဦးနှစ်ဖက် စွပ်စွဲချက်နှင့် တုန့်ပြန်ချက်အပေါ် မူတည်ပြီး လေ့လာသော် လက်ရှိတွင် ဗိုလ်နှုတ်ခမ်းမွှေးသည် မူးယစ်ဆေးနှင့် ပတ်သက်မှုကင်းရှင်းကြောင်း ပေါ်လွင်နေပါသည်။ တဖက်တွင်လည်း မြန်မာနိုင်ငံမှ ထွက်သည့် ဘိန်းနှင့် မူးယစ်ဆေးသည် ထိုင်းနိုင်ငံသို့လည်းကောင်း ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံမှတဆင့် ကမ္ဘာ့ဈေးကွက်သို့ ဖြန့်ဖြူးနေ သည်ကို ထိုင်းအာဏာပိုင်များ တားဆီးလိုသည်မှာလည်း တရားမျှတပြီး သဘာဝကျပါသည်။
အထက်က ဖေါ်ပြသည့်အတိုင်း မြန်မာနိုင်ငံမှထွက်ရှိသည့် ဘိန်းနှင့် မူးယစ်ဆေးသည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှ ဖြစ်သည့် အားလျှော်စွာ ဘိန်းနှင့် မူးယစ်ပြဿနာ၏ အဓိကရေသောက်မြစ်နှင့် ပင်စည်ကို ဦးတည်ဖြေရှင်းရန် ပို၍အရေးကြီးသလို မဟာဗျုဟာ လည်း ကျပါသည်။ ထိုင်းနှင့် ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဖြန့်ဖြူးနေသော မူးယစ်ရာဇာကြီးများကို ဦးစားပေး ဖမ်းဆီးနိုင်ရန် ပိုကြိုးစား သင့်ပါသည်။ မြန်မာအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသော ဗိုလ်နှုတ်ခမ်းမွှေးကိုသာ ဖမ်းဝရမ်းထုတ်ပြီး မြန်မာအစိုးရနှင့် အဆင်ပြေသော ကမ္ဘာ့အဆင့် မူးယစ်ရာဇာများကို ဖမ်းဆီးရန် မကြိုးစားခြင်းသည် ဘိန်းနှင့် မူးယစ်ဆေးဝါးကို အမှန်တကယ် တိုက်ဖျက်နေခြင်းမဟုတ်ပါ။
မြန်မာအစိုးရမှ ခွင့်ပြုသော မူးယစ်ရောင်းဝယ်သူများကိုသာ ဖမ်းဆီးဝရမ်းထုတ်သော ထိုင်းနိုင်ငံ၏ ပေါ်လစီကိုလည်း အံ့ဩမိသလို သံသ ယ ဖြစ်မိပါသည်။ လက်ရှိတွင် မူးယစ်ရောင်းဝယ်ထုတ်လုပ်မှုမရှိဘဲ မြန်မာအာဏာစနစ်ကို ဆန့်ကျင်နေသော ဗိုလ်နှုတ်ခမ်းမွေးကို ဖမ်းဝ ရမ်းထုတ်ခြင်းသည် မြန်မာအစိုးရ အာဏာရှင်စနစ် သက်တမ်းရှည်ရန် အားပေးရာရောက်သလို ရေသောက်မြစ်နှင့် ပင်စည်ကိုခုတ်ရန် မကြိုးစားဘဲ ခြောက်သွေ့နေသော အကိုင်းအခက်ကို ခုတ်ထွင်ရှင်းလင်းရန် ကြိုးစားခြင်းသည် ပင်စည်ကို ရေလောင်းအကျိုးပေးခြင်း ဖြစ် နေပါသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်နေသော ထိုင်းအာဏာပိုင်ကို လေးစားအားပေးသလို တဖက်တွင်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကဏ္ဍ တွင် မြန်မာအစိုးရ၏ ဩဇာလွမ်းမိုးမှုအောက်မှာ မရပ်တည်သင့်ကြောင်း အကြံပေးလိုပါသည်။
ဖူးဒို
(မေလ ၇ရက်၊ ၂၀၁၂)
Reference;
1. UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုတိုက်ဖျက်ရေးဌာန
2. APAIC – အာရှ-ပစိဖိတ်အက်ဖက်တမင်း စိတ်ကြွဆေးသတင်းဌာန
3. BANGKOK, March 26 (Xinhua)
4. YANGON, Xinhua, 2011-12-7

more.gif

3 February 2012

အပစ်ရပ်များအတွက် ဒုတိယထောင်ချောက် အပစ်ရပ်များအတွက် ဒုတိယထောင်ချောက်




သျှမ်းသံတော်ဆင့်

more.gif

16 September 2011

လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် အာဏာရှင်တွေကို တရားစွဲသင့် မစွဲသင့်

ကက်သရင်း ဆခ်ခင်းခ်



လူသတ်မှု၊ မျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားထုအပေါ် ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်အာဏာရှင်တွေအတွက် ယနေ့ ပြေးစရာ မြေမရှိ အချိန်မရှိတော့ပါဘူး။

ပြီးခဲ့တဲ့လတွေမှာ ဆာဘီးယားက စစ်ရာဇ၀တ်မှုကျူးလွန်တဲ့ တရားခံပြေးတွေကို 'သဟိတ်' ခုံရုံးကို လွှဲပေးခဲ့ပါတယ်။ ကိုင်ရိုမှာ အီဂျစ်သမ္မတဟောင်း ဟို့စနီ မူဘာရခ် ကို ရုံးထုတ်နေပါတယ်။ ကင်ညာနိုင်ငံရဲ့ ၂၀၀၇-၀၈ ခုနှစ် ရွေးကောက်ပွဲ အပြီး အကြမ်းဖက် သတ်ဖြတ်မှုတွေကို နိုင်ငံတကာ ရာဇ၀တ် ခုံရုံးက ကြားနာစစ်ဆေးလျက် ရှိပါတယ်။

ဒါပေမဲ့ ဒီလို ခုံရုံးတင်ဖို့ကြိုးစားတာတွေကို မလိုလားသူတွေလည်း ရှိပါတယ်။ စစ်ရာဇ၀တ်မှု ကျူးလွန်တဲ့ အာဏာရှင်တွေအပေါ် တရားစွဲဖို့ ကြိုးစားခြင်းဟာ ဒီမိုကရေစီကို ပိုချည့်နဲ့စေမယ်၊ ပဋိပက္ခတွေ ပိုများလာမယ်၊ လူအခွင့်အရေး ချိုးဖောက်ဖို့ ပိုတွန်းပေးသလိုဖြစ်မယ်လို့ မြင်ကြသူတွေလည်း ရှိပါတယ်။

ဝေဖန်သူတွေရဲ့ အမြင်ကတော့ လစ်ဗျားက ကာနလ် ကဒါဖီ နဲ့ ဆူဒန်က အိုမာ အယ်လ် ဘာရှား တို့လို အာဏာရှင်တွေကို နိုင်ငံတကာခုံရုံးတင်ဖို့ ပြောဆိုခြင်းဟာ သူတို့ အာဏာလက်မလွှတ်ရဲအောင် လုပ်ထားသလို ဖြစ်မယ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းပေါ်ဖို့ ပိုကြန့်ကြာမယ်လို့ ဆိုကြပါတယ်။

သူတို့ ထောက်ပြတဲ့နိုင်ငံတခုက အယ်လ် ဆာဗာဒိုး ပါပဲ။ အဲဒီမှာ လွန်ခဲ့တဲ့ ၂၂ နှစ်က ဘရင်ဂျီ ဘုန်းကြီးတွေကို သတ်ဖြတ်ခဲ့တဲ့ အစိုးရ ခေါင်းဆောင်တွေကို တရားစွဲဆိုမှုတွေ လုပ်တော့ အခုထိပြည်တွင်း မတည်ငြိမ်မှုနဲ့ အချုပ်အခြာ မခိုင်မြဲမှုတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။



နို့ပေမဲ့ ကျမတို့ မသိတာက ပြစ်မှုကျူးလွန်သူတွေကို နိုင်ငံတကာ ခုံရုံးလွှဲပြောင်းပေးလိုက်တာကြောင့် အယ်လ် ဆာဗာဒိုး ကို ပိုပြီးမတည်မငြိမ် ဖြစ်စေတာလား။ ကဒါဖီကို I.C.C က စွဲချက်မတင်ဘူးဆိုရင် လစ်ဗျားဟာ ဒီကနေ့အခြေအနေထက် ပိုကောင်းလာမှာလား ဆိုတာပါပဲ။

တကယ်တော့ ဒီထင်မြင်ချက်တွေဟာ တကယ်မရှိသေးတဲ့ အခြေအနေအပေါ် သဘောတူသလား မတူဘူးလားဆိုတာ အငြင်းပွားနေတာ ဖြစ်ပါတယ်။ I.C.C က ကဒါဖီကို နိုင်ငံတကာခုံရုံးတင် တရားစွဲဆိုဖို့ လုပ်တာဟာ သူ အာဏာလက်မဲ့ ဖြစ်သွားတာနဲ့ ထွက်ပြေးပုန်းအောင်းဖို့ တွန်းပေးလိုက်တာလား။ အဲဒီလို စွဲချက်တင်တာက သူ့ရဲ့ အာဏာ နောက်ဆုံးနေ့ရက်တွေကို တိုတောင်းစေမှာလား၊ ပိုကြာရှည်စေမှာလား။

လူ့အခွင့်အရေးဆိုင်ရာ တရားစွဲဆိုမှုအပေါ် ဝေဖန်သူတွေကို၊ ကျမတို့က သမိုင်းကြောင်းဆိုင်ရာ အချက်အလက် အထောက်အထားတွေနဲ့ ပြန်မေးခွန်းထုတ်စရာ ရှိလာပါတယ်။

ဒီနေရာမှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းနေတဲ့ တိုင်းပြည်တွေ သို့မဟုတ် ပြည်တွင်းစစ်ကနေ ငြိမ်းချမ်းရေးကို အသွင်ကူးပြောင်းနေတဲ့ တိုင်းပြည်တွေအပေါ် ကျမရဲ့ သုတေသန တွေ့ရှိချက်ကို ပြောပါရစေ။ အဲဒီလို အသွင်ကူးပြောင်းဆဲကာလမှာ၊ လူ့အခွင့်အရေး ကျူးလွန်ခဲ့သူတွေအပေါ် တရားစွဲဆိုမှုမရှိတဲ့ တိုင်းပြည်ထက်၊ တရားစွဲဆိုမှုရှိတဲ့ တိုင်းပြည်မှာ နောက်ထပ် ဖိနှိပ်မှုတွေ ပိုပြီး လျော့ပါး ကျဆင်းစေတယ် ဆိုတာပါပဲ။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရုံးတင်တရားစွဲမှု လုပ်နိုင်ခဲ့တဲ့ အာဂျင်တီးနား နဲ့ တရားစွဲဆိုခြင်း မရှိတဲ့ ဘရာဇီးကို နှိုင်းယှဉ်ကြည့်ရင်၊ ကျမတွေ့တာက တရားစွဲရုံးတင်နိုင်ခြင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျဆင်းစေတယ်၊ အကြမ်းဖက်မှု လျော့ပါးစေတယ်၊ ဒီမိုကရေစီကို ကြံခိုင်စေပါတယ်။

၁၉၈၀ ကနေ ၂၀၀၄ ခုနှစ်အတွင်း အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းခဲ့တဲ့ နိုင်ငံ ၁၀၀ အနက်၊ ၄၈ နိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု အနည်းဆုံး တစ်မှုကို ရုံးတင် တရားစွဲနိုင်ခဲ့ပါတယ်။ ၃၃ နိုင်ငံမှာက နှစ်မှု သို့မဟုတ် နှစ်မှုထက်ပိုပြီး တရားစွဲဆိုနိုင်ခဲ့ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်ခဲ့တဲ့ ယခင် အစိုးရအရာရှိဟောင်းတွေအပေါ် ရုံးတင် တရားစွဲဆိုနိုင်ခဲ့တဲ့ တိုင်းပြည်တွေမှာ မတရားနှိပ်စက်ညှဉ်းပန်းမှု၊ သတ်ဖြတ်မှု၊ နိုင်ငံရေးအရ အကျဉ်းချမှုတွေ အများကြီး လျော့ပါး ကျဆင်းတာကို တွေ့ရပါတယ်။ ပြည်တွင်းစစ်က ဖိနှိပ်မှုတွေကို ပိုများစေတယ် ဆိုဦးတော့၊ ပြည်တွင်းစစ်နဲ့ ပတ်သက်တဲ့ ရုံးတင်စစ်ဆေးမှုတွေဟာ ဝေဖန်သူတွေပြောသလောက် အခြေအနေတွေကို ပိုမဆိုးရွားစေပါဘူး။

လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်ခဲ့သူတွေအပေါ် အပြစ်ပေး အရေးယူခြင်းက အနာဂတ် ခေါင်းဆောင်တွေ နောက်ထပ် ဒါမျိုးတွေ မကျူးလွန်နိုင်အောင် ဟန့်တား ပေးနိုင်ပါတယ်။

၁၉၄၉ ခုနှစ်ကနေ ၁၉၇၀ ပြည့်နှစ်တွေအထိ နျူရင်ဘတ် ခုံရုံးတင် စစ်ဆေးမှုတွေကိုကြည့်ရင်၊ ဒုတိယကမ္ဘာစစ် အတွင်း လူ့အခွင့်အရေး ကျူးလွန်ခဲ့ကြတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ အစိုးရ အရာရှိတွေဟာ သူတို့ရဲ့ ဆိုးရွားတဲ့ ပြစ်မှုတွေအတွက် သက်ညှာခွင့် မရခဲ့ကြပါဘူး။

ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း ဒီလို အပြစ်ပေး အရေးယူနိုင်မှုတွေ ပြန်ပေါ်လာခဲ့ပါတယ်။ အကျိုးဆက်အဖြစ် အစိုးရအရာရှိတွေဟာ လူသတ်ဖို့နဲ့ သူတို့ရဲ့ နိုင်ငံရေးပြိုင်ဖက်ကို နှိပ်စက်ညှင်းပန်းဖို့ မလုပ်ခင်မှာ၊ သတိကြီးကြီး ထားလာကြတာ တွေ့ရပါတယ်။

နောက် လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ရုံးတင်စစ်ဆေးနိုင်ခြင်းဟာ နယ်နမိတ်ဖြတ် ဟန့်တားနိုင်မှုတွေ ရရှိစေပါတယ်။ ဒေသတခုက နိုင်ငံအချို့ရဲ့ လူ့အခွင့်အရေး ကျူးလွန်မှုတွေကို တရားစွဲဆိုနိုင်ခဲ့ရင်၊ သူတို့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဖိနှိပ်သတ်ဖြတ်မှုတွေ အလိုလို ကျဆင်းသွားစေပါတယ်။

အာဂျင်တီးနားမှာ လူ့အခွင့်အရေး ကျူးလွန်သူ ၈၁ ဦးကို တရားစွဲခဲ့ပါတယ်။ ချီလီမှာ ၆၆ ဦးကို တရားစွဲခဲ့ပါတယ်။ အဲဒီ စစ်အာဏာရှင်ဟောင်းတွေရဲ့ ရာဇတ်ဝတ်မှုတွေနဲ့ သူတို့အပေါ် အပြစ်ပေးမှုတွေကို ကြည့်ပြီး၊ လာတင်အမေရိကရဲ့ နောက်ပေါက် စစ်အရာရှိတွေဟာ သင်ခန်းစာ ယူလာနိုင်ကြပါလိမ့်မယ်။

အပြစ်ပေး အရေးယူမှုတွေဟာ အတိတ်ကထက်၊ ယနေ့အခါ ဖြစ်နိုင်ချေ ပိုများနေတယ်ဆိုတာ သဘောပေါက် လာကြပါလိမ့်မယ်။ ဒီအချက်က ကနေ့အခါ လာတင်အမေရိကနိုင်ငံတွေမှာ စစ်အာဏာသိမ်းပွဲတွေ ဘာကြောင့် ရှားပါးသွားရသလဲ ဆိုတာကို ရှင်းပြနေပါတယ်။

အလားတူပါပဲ။ ကိုင်ရို တရားရုံး ၀က်ခြံထဲက ဟို့စနီ မူဘာရခ် ရဲ့ မြင်ကွင်းဟာ အဲဒီဒေသက အစိုးရအရာရှိတွေ နောက်နောင် သူတို့လူထုအပေါ် ဖိနှိပ်မှုတွေ မလုပ်နိုင်အောင် ဟန့်တားမှုကို ဖြစ်စေပါတယ်။

သို့သော် မူဘာရခ် ရဲ့ ဖြစ်ရပ်က၊ လက်ရှိ အကြမ်းဖက်နှိပ်စက်မှုတွေ အများကြီးကျူးလွန်နေတဲ့ ဆူဒန်က မစ္စတာဘာရှား နဲ့ ဆီးရီးယားက သမ္မတ ဘာရှာ အယ်လ် အာဆဒ် တို့ကို နောင်တရမှုနဲ့ ဟန့်တားနိုင်မှု ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

အာဏာရှင်တွေရဲ့ သမိုင်းကိုပြန်ကြည့်ရင်၊ အာဏာအတွက် ဘာဖြစ်ဖြစ် ရူးရူးမိုက်မိုက် ဆုပ်ကိုင်ထားချင်သူတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ အဲဒီလို အာဏာကို အသေဆုပ်ကိုင်ထားမှုတွေဟာ သူတို့ကို ရုံးတင်ဖို့ ခြိမ်းခြောက်တာကြောင့် ဖြစ်လာတယ်လို့တော့ ပြောလို့မရပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် လူထုအပေါ် ပြစ်မှုကျူးလွန်ခဲ့တဲ့ အစိုးရအားလုံးကို ရုံးတင် တရားစွဲရမှာပဲ ဖြစ်ပါတယ်။ ဒါမှ ကိုယ့်နိုင်ငံမှာ တရားမျှတမှုပေါ်ထွန်းလိုတဲ့ ဆန္ဒတွေ အမြဲရှိနေမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ ကာလမှာ တရားစွဲဆိုနိုင်ဖို့ နိုင်ငံရေးအခြေအနေတွေ မရှိသေးရင်တောင်မှ၊ နောက်ပိုင်းမှာ ရုံးတင်တရားစွဲဆိုမှုတွေ လုပ်ကြရမှာပဲ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားက လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က ကြောက်မက်ဖွယ် လူသတ်ကွင်းအတွက်၊ မနှစ်က ပထမဆုံးအကြိမ် စစ်ရာဇ၀တ်ကောင်တွေကို ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။ ဥရုဂွေး ပြည်တွင်းတရားရုံးကလည်း လူအခွင့်အရေး ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့တဲ့ အာဏာရှင် သမ္မတဟောင်း ဟွန် မာရီယာ ဘော်ဒါဘာရီ ကို တရားစွဲဆိုဖို့ နှစ် ၂၀ ကြာ အချိန်ယူခဲ့ရပါတယ်။ အတိုက်အခံနိုင်ငံရေးမားတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးမှုနဲ့ နောက်ဆုံး ဘော်ဒါဘာရီ ဟာ နှစ် ၃၀ ထောင်ကျသွားပါတယ်။

အတိတ်ကို ပြန်ရင်ဆိုဖို့ဆိုတာ ဘယ်တိုင်းပြည်အတွက်မှ မလွယ်ကူပါဘူး။ အတိတ်က ကျူးလွန်ခဲ့တဲ့ အမှားတွေကို မျက်နှာချင်းဆိုင် တာဝန်ယူဖို့ တောင်းဆိုလာတဲ့အခါ၊ ခေါင်းဆောင် အားလုံးနီးပါးက အတိတ်စာမျက်နှာတွေ လှန်ပစ်ပြီး၊ အနာဂတ်ကိုပဲ မျက်နှာမူချင်ကြပါတယ်။

သို့ပေမဲ့ ကနေ့အချိန်မှာ တရားမျှတမှုပေါ်ထွန်းဖို့ တောင်းဆိုမှုတွေ ပိုအားကောင်းလာနေပါတယ်။ ယခင် အာဏာရှင်ဟောင်းတွေကို သူတို့ပြစ်မှုတွေအတွက် တာဝန်ယူဖို့ တရားစွဲဆိုနိုင်တဲ့ တိုင်းပြည်တွေဟာ ရေရှည်မှာ ဒီမိုကရေစီ ကြံခိုင်သန်စွမ်းမှု ပိုရှိလာကြပါတယ်။

(Kathryn Sikkink မှာ အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတာ တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး၊ "The Justice Cascade: How Human Rights Prosecutions Are Changing World Politics" နာမည်ကျော် စာအုပ်ရေးသူ ဖြစ်ပါတယ်။)

ဝင့်ထန်း

more.gif

15 September 2011

" ဒီလိုပုံနဲ့ မိုးကြီးချုပ်လျှင် "

ဒီမိုဝေယံမှ
သခင်ကိုယ်တော်မှိုင်းဆိုတာ ကျွန်တော်တို့အားလုံး တညီတညွတ်ထဲ (ငယ်ငယ်တုံးက
သင်ခဲ့ရဘူးတဲ့ ဆရာ တယောက်ရဲ့ လေသံအတိုင်းပြောရရင်) “ပါးစပ်နဲ့”
ကြည်ညိုမဆုံးဖြစ်နေကြပြီး “တနှစ်တခါ” အလွမ်းသယ် သယ် နေကြတ၊ဲ့ အမျိုး
သားခေါင်းဆောင်ကြီးလို့ ကန့်ကွက်သူမရှိ
ကျွန်တော်တို့ ရည်ညွှန်းလေ့ရှိကြတဲ့ ဗိုလ်ချုပ် (အောင်ဆန်း) ကို “ဟေ့ကောင် အောင်ဆန်း၊ မင်းကဆရာလား.. ငါကဆရာလားကွ..ဟေ့” လို့ ငေါက်လို့ရတဲ့အထိ သြဇာကြီးမားသူတဦး
ဆိုတာကို (အရပ်စကားဝိုင်းထဲ ဆွဲသွင်းမယ်ကြံတိုင်း) မမေ့သင့်ဘူးလို့တော့ ပြောချင်ပါတယ်။
(ဆောင်းပါးရှင်လောကပါလ တစ်ယေါက် သခင်ကိုယ်တော်မှိုင်းရဲ့သေတမ်းစာမှာတိုင်းရင်းသားတွေကိုဘယ်လိုနှိုပ်ကွပ်ဘို့
နဲ့ဗမာဝါဒီတွေဘယ်လိုလုပ်ရမလဲဆိုတာသင်ခဲ့ရရင်
လေါကပါလတစ်ယောက် တိုင်းရင်းသားဖြစ်ခဲ့ရင်းဒီလိုမျိုး ကိုယ်တော်မှိုင်းကိုကြည်ညိုပါ့မလားမသိဘူးနော် ဆောင်းပါးကိုအနှစ်ချုပ်လိုက်ရင်
ရင်ဒေါက်တာလှိုင်မြင့်ဘက်က ရှေ့နေလိုက်ယင်းအာကန့်လန့်ပါးကန့်လန့်ဆောင်းပါး
ဟင်းတခွက်နဲ့ ဒေါက်တာဇာနည်စကားနဲ့ပြောရရင် မသာပေါင်ဒါဖို့တာပါဗျာ။

" ဒီလိုပုံနဲ့ မိုးကြီးချုပ်လျှင် " (ဆောင်းပါးရှင် လောကပါလ)

ဒေါက်တာလှိုင်မြင့်ရဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆောင်းပါးကိုဖတ်ပြီး ဒီဆရာတော့ လုပ်ချလိုက်ပြန်ပြီလို့ စိတ်ထဲက ပြောမိပါတယ်။ မြန်မာနိုင်ငံရဲ့ အရေးအပါဆုံး ဖြစ်သလောက် ပြဿနာအများဆုံး အရှုပ်အထွေးဆုံးနဲ့ (အခန့်မသင့်ရင် မျိုးပါတုံးနိုင်တဲ့) အန္တရာယ် အကြီးမားဆုံး ကိစ္စတခုကိုမှ သွားထိလိုက်တာကိုပါ။ "အန္တရာယ် ဘယ်လောက်ကြီးတယ် ဆိုတာတော့ ပြောဘို့တောင်လိုမယ် မထင်ပါဘူး။ ဒီကိစ္စကို အကြောင်းပြုပြီး ကွဲလိုက်ရတဲ့ စိတ်ဝမ်းတွေ၊ ဖြစ်လိုက်ရတဲ့ရန်တွေ၊ တိုက်လိုက်ရတဲ့စစ်တွေ၊ ဆုံးရှုံးလိုက်ရတဲ့ အသက်အိုးအိမ် စည်းစိမ်တွေ။ ကျွန်တော်ထင်ပါတယ် တိုင်းပြည် လွပ်လပ်ရေးတိုက်ပွဲတွေမှာ ပေးဆပ်ခဲ့ရတဲ့ အသက်တွေထက် လွပ်လပ်ရေးရပြီး ဒီတိုင်းပြည်ကို ဘယ်သူဘယ်လို အုပ်ချုပ်ရေးအပေါ် တိုက်ရင်း ပေးဆပ်ခဲ့ရတဲ့ အသက်တွေက ပိုတောင်မှ များနေမလားလို့ပါ။ ခုချိန်ထိ ပေးဆပ်နေရဆဲ ပေးဆပ်ဘို့ တာစူနေကြဆဲ ဆိုတဲ့ အချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ထူးခြားချက်လို့ ဆိုရမလိုတောင် ဖြစ်နေပါပြီ။

ဒီလို အခင်းအကျင်းနဲ့ အနေအထားမျိုးမှာ ဒေါက်တာလှိုင်မြင့် ဒီအစ သွားဆွဲလိုက်တာ နဲနဲတော့ မိုက်မဲရာကျ တယ်လို့ ထင်စရာပါ။ ဒါပေမဲ့ အဆိုးထဲက အကောင်းပြောရမလို (blessing in disguise) ဖြစ်လာတာတခုက သူ့စာကြောင့် ကျွန်တော်တို့ ညီအကိုတွေမှာ အကင်းသေပုံ မရသေးတဲ့ ကိုယ်တွင်းနာလေးတွေ ကိုယ်စီကိုယ်စီ အလျှိုအလျှိုဆိုသလို ပေါ်လာကြတာကို မြင်ခွင့်ရလိုက်ခြင်းပါဘဲ။ မြင်ရသမှ ကြောက်ခမန်းလိလိ လို့သာ ပြောပါရစေတော့။ စံနစ်တခုရဲ့ ညံ့ဖျင်းမှုကို နှစ်ပေါင်းအတော်ကြာ ခံစားခဲ့ကြခြင်းရဲ့ ရလဒ်တခုအဖြစ် ဒေါသတွေ၊ အမုန်းတရားတွေ ရောင်ပြန်ဟပ်နေတာကို နားလည်နိုင်သည့်တိုင် အဲသည်အရာတွေရဲ့ လွှမ်းမိုးမှုကိုခံယူရင်း ဆင်ခြင်တုံတရား လွတ်သွားတာမျိုးကတော့ စိတ်မသက်သာစရာပါ။ အထူးသဖြင့် ခေတ်လေးခေတ်လောက်မှာ တစ်ယောက်ပေါ်ထွက်ဘို့ မလွယ်ကူသလို ယနေ့ထိလဲ အစားမရနိုင်သေးတဲ့ သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်မျိုး ကိုတောင် ချမ်းသာမပေးနိုင်တဲ့ လက်လွတ်စပယ် အတ္တမျိုးကျတော့ ကမ်းကုန်ပြီဆိုတာထက် “ကျွန်တော်တို့ အားလုံး လွတ်လပ်ရေးနဲ့မှ ထိုက်တန်သေးရဲ့လား” လို့ မေးရမလိုဖြစ်တော့တာပါဘဲ။ ခွင့်ပြုပါ။

သခင်ကိုယ်တော်မှိုင်းဆိုတာ ကျွန်တော်တို့အားလုံး တညီတညွတ်ထဲ (ငယ်ငယ်တုံးက သင်ခဲ့ရဘူးတဲ့ ဆရာ တယောက်ရဲ့ လေသံအတိုင်းပြောရရင်) “ပါးစပ်နဲ့” ကြည်ညိုမဆုံးဖြစ်နေကြပြီး “တနှစ်တခါ” အလွမ်းသယ် သယ် နေကြတ၊ဲ့ အမျိုးသားခေါင်းဆောင်ကြီးလို့ ကန့်ကွက်သူမရှိ ကျွန်တော်တို့ ရည်ညွှန်းလေ့ရှိကြတဲ့ ဗိုလ်ချုပ် (အောင်ဆန်း) ကို “ဟေ့ကောင် အောင်ဆန်း၊ မင်းကဆရာလား.. ငါကဆရာလားကွ..ဟေ့” လို့ ငေါက်လို့ရတဲ့အထိ သြဇာကြီးမားသူတဦး ဆိုတာကို (အရပ်စကားဝိုင်းထဲ ဆွဲသွင်းမယ်ကြံတိုင်း) မမေ့သင့်ဘူးလို့တော့ ပြောချင်ပါတယ်။ တခါတခါတော့ ကျွန်တော်တို့တိုင်းပြည်မှာ ခေါင်းဆောင်ကောင်းတွေ သမင်မွေးရင်းကျားစားရင်း ဖြစ်ဖြစ်နေရတာ မူကြောင့်လား လူကြောင့်လား စဉ်းစား စရာဖြစ်လာရပါတယ်။ ကျွန်တော့်စကား ဘေးရောက်သွား ရင်ခွင့်လွှတ်ပေးကြပါ။ ဒေါက်တာလှိုင်မြင့် ဆောင်းပါးကို ကွန်မာန့် ပေးဘို့ကြိုးစားရာက ဒီအထိရောက်လာတာဟာ ဒီလို ဘေးရောက်ရောက်သွားတဲ့ အတွေးတွေရဲ့ စေ့ဆော်မှုကြောင့် ဆိုတာကိုလဲ ဝန်ခံလိုပါတယ်။ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် သူ “လူမိုက်” လုပ်လိုက်လို့ ဒီလိုမြင်စရာ၊ တွေးစရာ၊ ရေးစရာ၊ ဆွေးနွေးစရာတွေ ကြုံကြ၊ ပြောကြဆိုကြ၊ (စောစောကပြောသလို ကိုယ့်မိ ကိုယ့်ဖ အမိအဖသဘွယ် ကြည်ညိုထိုက်သော ပုဂ္ဂိုလ်တွေကို အသားလွတ် မထိပါးဘဲ) ရှုံ့ချ ပစ်တင်ဝေဖန်ကြ တာဟာလဲ လူမသိသူမသိ ကြိတ်ပြီး “ဓါးသွေး” နေတာထက်စာရင် တော်သေးတာမို့ ကြံဖန် ကျေးဇူးတင်ရ မလိုပါဘဲ။ အများအကျိုးအလို့ငှါ သူများကိုဝေဖန်ရင်း သူများပြောတာနားထောင် ကိုယ့်ကိုကိုယ်လဲ သုံးသပ် နိုင်ကြရင် ပိုကောင်းမယ် ယူဆပြီး ဒီဆောင်းပါးကို အဲသည်ဘက်ရှေ့ရှုတဲ့ အချက်အလက်တွေ ပေးသွားဘို့ ရည်ရွယ်ပါတယ်။ တိုင်းပြည်အတွက် အရေးကြီးတယ်လဲ ထင်လို့ပါ။

အထက်မှာပြောခဲ့သလို အင်မတန် အကဲဆတ်တဲ့ပြဿနာ တရပ် (Sensitive issue)ကို ဆရာ ဦးလှိုင်မြင့်က သူ့ဟန်အတိုင်း “ကိုင်” လိုက်လို့ ပွဲဆူသွားရပေမဲ့ သူ့ရဲ့စေတနာကိုတော့ မြင်သာတယ် ထင်ပါတယ်။ သူလဲ ဒီမြေဖွားတဦးဘဲလေ။ အပြောမနပ်လို့ ဆဲသလို ဖြစ်သွားတာကတော့ ဆရာကိုယ်တိုင် သတိထားရမယ့် သူ့အပိုင်းပေါ့။ အထူးသဖြင့် တိုင်းရင်းသားတွေ သနားမှ ချမ်းသာရမလိုဆိုတဲ့ စကားတခွန်းဘယ်လောက် တာသွားသလဲဆိုတာ ခုလောက်ဆို ဆရာလဲ သိလောက်ပြီ ထင်တာပါဘဲ။ ပြောသာပြောရတယ် သူပြောလိုတဲ့ လူမျိုး (races) ကို အခြေမခံဘဲ ဒေသကို အခြေခံတဲ့ ပြည်ထောင်စုစံနစ် ဆိုတာကတော့ ကျိုးကြောင်းသင့်တဲ့ အချက်တခုလို့ဘဲ မြင်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ လောက် အထိ ကမ္ဘာကြီး လုံးတယ်ဆိုတာကို ၈၀% လောက်က လက်သင့် မခံနိုင်ခဲ့တဲ့ (အစွဲကြီးတဲ့) တိုင်းပြည်တပြည် အနေနဲ့ လူမျိုးကို (နာမည်ကိုပဲဖြစ်ဖြစ်) ဖျောက်ထားတဲ့ ဖွဲ့စည်းပုံတရပ်ဟာလက်တွေ့မကျလှဘူးဆိုတာတော့ ပြောလိုဇော အားကြီးပြီး သူမေ့သွားပုံရပါတယ်။ ထားပါတော့။

ခုသူစလိုက်တဲ့ ဒို့ပြည်ထောင်စု ဒို့ပြည်နယ် ဆိုတာကို သူများပြည်ထောင်စု သူများပြည်နယ်တွေနဲ့ ယှဉ်ပြီး နည်းနည်း ကြည့်ကြည့်ရအောင်ပါ။ ယှဉ်တယ်ဆိုတာလဲ မြင်သာရုံလောက်ပါ။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ထူးခြားချက် နောက်တခုဖြစ်တဲ့ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ အတွင်း အခြေခံဥပဒေ နှစ်ခု ဖျက်သိမ်းခံခဲ့ရပြီး သုံးခု မြောက်ကလည်း ချီကတည်းက ယဉ်သကို ဆိုသလိုမျိုး ဖြစ်နေတာကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်သလို ပြည်သူ တွေ မကြုံစဘူး ကြုံနေကြရတဲ့ ဒုက္ခသုက္ခ တွေကိုလည်း မြင်တဲ့အတိုင်း သိကြရမှာပါ။ တဆက်တည်း လက်ရှိ အယောင်ပြလေးဘဲဖြစ်ဖြစ် အပေါင်း လက္ခဏာဆောင်တဲ့ တိုးတက်မှုလေးတွေကို သံသယဘေးချိတ်ပြီး ကြည့်နိုင်အောင် ကြိုးစားဘို့ လိုအပ်မယ်လည်း ထင်ပါတယ်။

မြန်မာနိုင်ငံနဲ့ မရှေးမနှောင်း (တဦးတည်းဆီက) လွတ်လပ်ရေးရခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ တမီလ်နာဒူး ဘင်္ဂလား၊ ပန်ဂျပ်၊ အာသံ စသည်ဖြင့် လူမျိုး (သို့မဟုတ်) ဘာသာစကားခြေပြု ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ နိုင်ငံကြီးပြီး လူမျိုးစုံတဲ့ သူတို့ဆီမှာ ခွဲထွက်ရေးပြဿနာတွေ ရှိခဲ့ ရှိနေဆဲပါ။ အများသိပြီးဖြစ်တဲ့အတိုင်း Jammu and Cashmir ကိစ္စဆိုရင် ကာလသမဂ္ဂလို အဖွဲ့အစည်းမျိုးတောင် မကယ်နိုင်ဘဲ ခုချိန်ထိ တင်းမာဆဲပါ။ သည်အထဲ ရာဇဝင်ချဉ်းနေတဲ့ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုက ဒီခေတ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံတွေအတွက် ကြီးမားတဲ့စိမ်ခေါ်မှု တရပ်ဖြစ်ရှိ နေဆဲဖြစ်ပါတယ်။ ဒီကြားထဲကဘဲ အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် တောက်လျှောက် ရပ်တည်နေရုံမက ဒီနေ့ဆိုရင် စီးပွားရေးမှာပါ ထိပ်တန်းကျတဲ့နိုင်ငံ တခုအဖြစ်ကို ကူးပြောင်းလို့နေပါပြီ။ ရေးပြီးကတည်းက မဖျက်ခဲ့တဲ့ သူတို့ရဲ့ အခြေခံဥပဒေကို နှစ် ၆၀ အတွင်း အကြိမ် ၅၀ ပြင်ဆင်ပြီးသား ဆိုတာကတော့ မှတ်သားစရာလို့ ပြောရမှာပါ။

ဒါ့အပြင် မူလက အချုပ်အချာအာဏာပိုင် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဆိုတဲ့စာသားကို ၁၉၇၆ ခုနှစ်ရောက်မှ ဘာသာပေါင်းစုံ စုစည်းညီညွတ်သော အချုပ်အချာ အာဏာပိုင် ဆိုရှယ်လစ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဆိုတဲ့စာသားတွေနဲ့ အစားထိုးပြင်ဆင်ခဲ့တယ် ဆိုတာကလဲ စိတ်ဝင်စားစရာပါ။ အရေးမပါလှပေမဲ့ အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ကမ္ဘာပေါ်မှာ အခန်းအများဆုံးနဲ့ အရှည်လျားဆုံး ဆိုတဲ့အချက်ကလည်း “ကုလားကားပေရှည်တယ်” လို့ ပြောလေ့ရှိကြတဲ့ ကျွန်တော်တို့ မြန်မာတွေ ပြုံးမိတဲ့အထိ စိတ်ဝင်စားစရာဖြစ်နိုင်ပါသေးတယ်။ ရယ်စရာ ပြောတာပါ။

ဘယ်နိုင်ငံရဲ့ကိုလိုနီမှ မဖြစ်ခဲ့ဘူးပါလို့ ဂုဏ်ယူလေ့ရှိတဲ့ ထိုင်းနိုင်ငံဟာ စည်းမျဉ်းခံဘုရင်စံနစ် (Constitutional Monarchy) ကို ပြောင်းခဲ့တဲ့ ၁၉၃၂ ခုနှစ်ကစပြီးဒီနေ့ထိ ယာယီဖွဲ့စည်းပုံ အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၇ ကြိမ် ရေးဆွဲခဲ့ပြီး လက်ရှိတည်ဆဲ အခြေခံဥပဒေကို ၂၀၀၇ ခုနှစ်မှာရေးဆွဲခဲ့တာပါ။ စစ်ဘက်အာဏာ တခါသိမ်း တိုင်း ဥပဒေအသစ် တခါဆွဲတာမို့ ဥပဒေပြုချင်လို့ အာဏာသိမ်းတာလား၊ အာဏာမြဲချင်လို့ ဥပဒေပြုတာလား မေးရလောက်ပေမဲ့ ဘယ်ဥပဒေမှလဲ ၁၀ နှစ်သက်တမ်း မတိုင်ခဲ့ပါဘူး။ မှတ်သားသင့်တာကတော့ ၁၉၉၇ ခုနှစ် အခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေအရ အပြည့်စုံဆုံး၊ အကောင်းဆုံးအဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြု ခံခဲ့ရတာပါဘဲ။ အဲသည်ဥပဒေမှာ စစ်တပ်ကအာဏာ သိမ်းလာခဲ့ရင် ကန့်ကွက် ဆန္ဒပြခွင့် ဆိုတာမျိုးအထိ ထည့်သွင်းထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီဥပဒေလဲ နောင်တော့် နောင်တော်တွေရဲ့ သခါင်္ရသဘောကို မလွန်ဆန်နိုင်ဘဲ ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုမှာ ပျက်ပြယ်ခဲ့ရပါတယ်။ ဒါကိုကြည့်ပြီး ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုကို မေးခွန်းထုတ်စရာအမှန်ဖြစ်ပေမဲ့ နိုင်ငံစီးပွားရေးနဲ့ ပြည်သူတွေရဲ့ဘဝ အဆင့်အတန်းကတော့ သိကြတဲ့အတိုင်းပါ။ အုပ်ချုပ်မှုနယ်ပယ်အဖြစ် ရှေးဟောင်းမြို့တော်တွေ၊ ကံကြွေးချ နယ်ပယ်တွေကို အခြေပြုတဲ့ ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဘာသာရေး အကြောင်းပြ ခွဲထွက်လိုတဲ့ တောင်ပိုင်းဒေသကလွဲရင် သာမန်အားဖြင့်ငြိမ်းချမ်းတယ်ပြောနိုင်ပေမဲ့ ပြည်သူတွေ အင်မတန်ကြည်ညို တဲ့ ကမ္ဘာ့နန်းသက်အရှည်ဆုံး ရာမ (၉) ဘုရင်ကြီး (သက်တော် ၈၄) ကံကုန်ပြီးကာလ နောက်ပိုင်းကိုတော့ ခန့်မှန်းရခက် လှပါသေးတယ်။

ပြောရရင် ဖွဲ့စည်းပုံ ဥပဒေရယ်လို့မရှိတဲ့ အင်္ဂလန်နိုင်ငံဟာလဲ ၁၇ ရာစုအလယ် ကာလလောက်မှာ ပါလီမန် ဂိုဏ်းသားတွေနဲ့ ရှင်ဘုရင် ရန်ဖြစ်ရာက ဘုရင်ရှုံးပြီး စည်းးမျဉ်းခံ ဘုရင်ဖြစ်စံနစ် ဖြစ်သွားခဲ့ပြီးနောက်ပါလီမန် ဒီမိုကရေစီနည်းနဲ့ အုပ်ချုပ်လာခဲ့တာ နှစ်ပေါင်း ၃၅၀ ကျော်ပါပြီ။ ဂရိတ်ဗြိတိန်နိုင်ငံဟာ (လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ နဲ့ ၄၀၀ အကြား) လူမျိုးမတူတဲ့ နိုင်ငံငယ်လေးခုကို ပါလီမန်စံနစ်နဲ့ ပေါင်းပြီး ယူနိုက်တက်ကင်းဒမ်း အဖြစ်ရပ်တည်နေတာပါ။ သူလဲခွဲထွက်ရေး ပြဿနာနဲ့ မကင်းခဲ့ပါဘူး (အိုင်ယာလန်)။ ဖွဲ့စည်းပုံဥပဒေရယ်လို့တောင် မရှိဘဲ ကမ္ဘာ့နေမဝင် အင်ပါယာ တခုထူထောင်နိုင်ခဲ့တဲ့ သူတို့ရဲ့ အစွမ်းအစကတော့ စိတ်ဝင်တစား ရှိသင့်တာအမှန်ပါဘဲ။ အရည်အချင်းပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေကို ရွှေးချယ်တင်မြှောက်နိုင်ကြတာရယ်၊ အရည်အချင်း ရှိတဲ့ပါလီမန်မှာ ဆွေးနွေးဆုံးဖြတ်ကြပြီးတဲ့နောက် ဥပဒေတွေ (Laws) ပြဌာန်းချက်တွေ (Statutories)၊ စာချုပ်စာတမ်းတွေ(Treaties) အဖြစ်မှတ်တမ်းတင်ပြီးရင် မမှိတ်မသုံ လေးစားလိုက်နာကြတဲ့ စည်းကမ်းရယ် ကြောင့်လို့ သုံးသပ်ရင် လက္ခံနိုင်ကြမယ် ထင်ပါတယ်။

အမှန်တော့ အမေရိကန်နိုင်ငံဟာလဲ လူမျိုးစု(tribes) နဲ့ကင်းတာမဟုတ်ပါဘူး။ တခုရှိတာက သူတို့ကိုယ်တိုင်က ကျူးကျော်သူတွေမို့ မူရင်းတိုင်းပြည် (အင်္ဂလန်) ဆီကနေခွဲထွက်ပြီး လွတ်လပ်ရေး ကြေငြာခဲ့ချိန်မှာ ဒေသခံ လူမျိုးရေးကိစ္စတွေ ရှင်းသလောက်ဖြစ်နေပြီလို့ ယူဆရင် ရမရဆိုတာပါ။ ဒါကို အစပြန်မဖေါ်မိအောင် သို့မဟုတ် အမည်တပ်စရာလူမျိုး မကျန်တော့လို့များ ဒေသအမည်နဲ့ ပြည်နယ် ခွဲခဲ့တာလားတောင် စဉ်းစားစရာပါ။ ရှိပြီးသားဒေသခံလူမျိုးစုတွေရဲ့ ဥပဒေတွေ၊ အုပ်ချုပ်ရေးပုံစံတွေဟာ အမေရိကန်ဖွဲ့စည်းပုံအပေါ် အတိုင်းအတာ တခုထိ သြဇာသက်ရောက်မှု ရှိခဲ့ကြောင်းကိုလည်း မှတ်သားဘူးပါတယ်။ ပြည်နယ်အားလုံး တန်းတူရည်တူ ဖွံ့ဖြိုးပြီးတဲ့ ယနေ့ကာလမှာတော့ ဒါတွေဟာ သမိုင်းထဲမှာ ကျန်ခဲ့တယ်လို့ဘဲပြောရတော့မှာပါ။ ဥပဒေအတည် ဖြစ်တာလည်း နှစ်ပေါင်း ၂၅၀ နီးပါးရှိခဲ့ပါပြီ။ တပါတည်း သတိမူသင့်တာတခုက ကျွန်တော်ကို့ တတွေ အတော်များများစံပြုနေကြတဲ့ အဲသည်အခြေခံဥပဒေ ဟာဒီနေ့အထိ ၂၇ ကြိမ် ပြင်ဆင်ခဲ့ရပြီးပြီ ဆိုတာရယ် အဲသည်ဥပဒေရဲ့အသားအဖြစ် ကိုးးကားလေ့ရှိတဲ့ လွပ်လပ်စွာပြောဆိုခွင့်၊ ကိုးကွယ်ခွင့်ဆိုတာတွေ မူလ ပြဌာန်းချက်မှာ မပါဘဲနောက်မှပြင်ဆင်ချက်နဲ့ ထည့်ခဲ့ရတယ်ဆိုတာရယ်၊ လူ့သမိုင်းမှာ အမဲစက်သဘွယ် တည်ရှိခဲ့တဲ့ ကျွန်စံနစ်ကို မူလဥပဒေက အကာအကွယ်ပေးရုံမက အချိန်အတန်ကြာမပြုပြင်နိုင်မဲ့ ပြဌာန်းချက် တွေပါရှိနေခဲ့တယ် ဆိုတာတွေပါ။

သုံးသပ်မိတာတခုက နိုင်ငံတခု တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ဖွဲ့စည်းပုံဥပဒေရယ်၊ အဲသည် ဥပဒေမှာ အခြေခံတဲ့ စည်းမျဉ်းဥပဒေ နည်းဥပဒေတွေရယ်၊ ဥပဒေကိုလိုက်နာကျင့်သုံးကြမယ့် ဥပဒေအောက်က (No one is above the Law) လူတွေ (အုပ်ချုပ်သူ၊ အုပ်ချုပ်ခံသူ) အားလုံးရဲ့ အရည်အသွေးနဲ့ အချိန်နဲ့ရင်းပြီး ယူတတ်မှရတဲ့ အတွေ့အကြုံတွေရယ် အညီအမျှ အရေးပါတယ်ဆိုတာပါ။ မြန်မာနိုင်ငံရဲ့ လွပ်လပ်ရေးရပြီးကစ ယနေ့ထိ ကြုံခဲ့ကြုံနေဆဲ ပြဿနာတွေဟာ ဒုတိယနဲ့ တတိယ အချက်တွေမှာ အများအပြား တည်နေတယ်ဆိုရင် လွန်မယ်မထင်ပါဘူး။ အထူးသဖြင့် ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို ရယူနိုင်စွမ်းမရှိပဲ (လက်နက်နဲ့) အာဏာကို ရယူခဲ့ပြီး တိုင်းပြည်ကို ဆင်းရဲတွင်းနက်စေခဲ့တဲ့ အုပ်ချုပ်မှု အရည်အသွေးကတော့ “ပြရန်မလို၊ပြပြီး” ပါဘဲ။ ဒီအတွက်လည်း အရည်အချင်းပြည့်ဝသူတွေ ဦးဆာင်တဲ့အုပ်ချုပ်ရေးအဖွဲ့တခု ပေါ်ပေါက်ဘို့ ဘက်ပေါင်းစုံက ကြိုးစားနေကြတယ်လို့ မြင်ပါတယ်။ မျှမျှတတဖြစ်အောင် ကျွန်တော်တို့ အုပ်ချုပ်ခံဘက်က အရည်အသွေးကရော။ ဆင်ခြင်တုံတရားနဲ့ ရင့်ကျက်ခြင်း ဦးဆောင်တဲ့ ညီညွတ်မှုဆိုတာ အရည်အသွေးတရပ်လို့ မြင်ပါတယ်။ နိုင်ငံရေးလိုဘ မပြည့်မှုတခုကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်မျိုးကိုတောင် လူပုံအလယ်မှာ နင့်နင့်သီးသီး ပုတ်ခတ်ရဲတဲ့ ဆင်ခြင်တုံတရားနဲ့ ရင့်ကျက်မှုမျိုးကတော့ ဖြစ်ခြင်းဖြစ် သံပုရာတခြမ်းနဲ့ခြေမဲ့ အရည်အသွေးဘဲဖြစ်မှာပါ။ ဒီစကား ထပ်တလဲလဲပြောသလိုဖြစ်ရင် ခွင့်လွှတ်ပါလို့ ပြောရင်း စဉ်းစားကြပါလို့ လဲ “ထပ်” ပြောချင်ပါသေးတယ်။

ဒီနေရာမှာ ဆရာကြီးဦးထွန်းဖေရဲ့“ပါလီမန်ဒီမိုကရေစီစံနစ် ဘာကြောင့်ကျဆုံးရသလဲ” ဆိုတဲ့စာအုပ်လေး ကို အမှတ်ရမိပါတယ်။ ဆရာကြီးဟာ ၁၉၂၀ ပထမကျောင်းသားသပိတ်ခေါင်းဆောင်၊ ထွန်းနေ့စဉ် သတင်းစာ တည်ထောင်သူ သတင်းစာဆရာကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြန်ကြားရေးဝန်ကြီး စသည်ဖြင့်ဂုဏ်ပုဒ် များစွာ နဲ့ ရပ်တည်ခဲ့ပြီး ပြောင်မြောက်တဲ့ သူ့စာ အရေးအသားကြောင့် ထင်ရှားသူလဲ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ အခြားဂုဏ်ပုဒ်တွေကတော့ မဟုတ်မခံစိတ်နဲ့ ဥပဒေကို ယုံကြည်လေးစား လိုက်နာမှုပါ။ ပြန်ကြားရေးဝန်ကြီး ဘဝမှာ ဝန်ကြီးချုပ်ရဲ့ လုပ်ရပ်တွေ အခြေခံဥပဒေနဲ့မညီညွတ်ဘူးလို့ မြင်သမျှ မထောက်မညှာ ဝေဖန် ရုံမက ရာထူးကနုတ်ထွက်ပြီး အခြေခံဥပဒေအားကိုးနဲ့ တရားစွဲခဲ့တဲ့သူ၊ ဝန်ကြီးချုပ်ကို “ဘဝရှင် မင်းတြားကြီး” လို့ လူသိရှင်ကြား အမည်ပေးခဲ့ပြီး လုပ်ဖေါ်ကိုင်ဘက်တွေနဲ့ ပြည်သူတွေကိုလည်း ဥပဒေကို ရဲရဲ လိုက်နာသုံးစွဲ ဘို့ အမြဲဆော်သြခဲ့သူပါ။

တော်လှန်ရေးကောင်စီတက်လာပြီးနောက် ရေးသားထုတ်ဝေခဲ့တဲ့ အထက်ကစာအုပ်မှာ အင်္ဂလန်ပြည်မှာ ကျင့်သုံးခဲ့တာ နှစ် ၃၀၀ ကျော်(အသားကျနေ)ပြီဖြစ်တဲ့ ပါလီမန်ဒီမိုကရေစီစံနစ်ဟာ သက်ဦးဆံပိုင် ပဒေသရာဇ် စံနစ်အသွေးအသားထဲအထိ စိမ့်ဝင်နေတဲ့ မြန်မာပြည်မှာတော့ ၁၄ နှစ်နဲ့ဇီဝိန်ချုပ်ခဲ့ရတယ် လို့ ရေးသားထားပြီး တော်လှန်ရေးကောင်စီဟာ သမိုင်းပေးတာဝန်အရ ပေါ်ပေါက်လာခဲ့တယ်လို့လဲ တဆက်တည်းပြောခဲ့ပါတယ်။ မဆလ ခေါင်းပေါင်းစွတ် အစိုးရ ပေါ်ပေါက်ပြီး မရှေးမနှောင်း ဆိုသလို ကွယ်လွန်ခဲ့တဲ့ အတွက် တရိပ်ရိပ် ထိုးတက်လာတဲ့ အနိဌာရုံတွေ ကို ဆရာကြီးမြင်မသွားရှာပေမဲ့ သူ့အတွေ့ အကြုံအရ သူယုံကြည်သလို ရေးခဲ့တဲ့ သူ့သုံးသပ်ချက်ဟာ ဒီနေ့ကာလဖြစ်ပေါ်တိုးတက်မှုတွေ အတွက်သင်္ခမ်းစာ ယူတတ်ရင်ရနိုင်မယ် ထင်ပါတယ်။ သေချာတာတခုကတော့ ကျွန်တော်တို့နိုင်ငံဟာ ထိုင်းနိုင်ငံလို ၁၇ ခုမြောက် အခြေခံဥပဒေရေးဆွဲတဲ့ ဒဏ်ခံနိုင် လောက်အောင် အင်အားမရှိတော့ပါဘူး ဆိုတာပါဘဲ။

မြန်မာ့သမိုင်းတလျှောက် နှစ်ပေါင်း ၆၀ အတွင်း စူ့ထက်စူ လူစွမ်းကောင်းတွေ ဦးဆောင်ရေးဆွဲခဲ့တဲ့ တတိယမြောက် ဖွဲ့စည်းပုံ အခြေခံဥပဒေရယ်၊ အဲသည် မဟောင်းမသစ် ခပ်ညစ်ညစ်နဲ့ အတည်ဖြစ်ခဲ့ရတဲ့ ဥပဒေအပေါ် ဗိုက်မှောက်ပြီး တယောက်တပေါက် အော်နေကြတဲ့ အဖြစ်သနစ်တွေရယ် မသက်မသာကြည့်ရင်း (မိမိမျိုးဆက်သစ်တွေ အတွက်) ရတက်မအေးသူတဦးရဲ့ ပုဂ္ဂလိကအမြင်လို့ ဆိုနိုင်ပါတယ်။ အားလုံးကို ချင့်ချိန်ပြီး တိုင်းပြည်အတွက် အကောင်းဆုံးစဉ်းစား အရင့်ကျက်ဆုံး (တဦးချင်း) တွေးခေါ် လုပ်ကိုင် နိုင်ကြရင် ပိုကောင်းနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ တင်ပြခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စိုက်ပျိုးသမျှ ကျွန်တော်တို့ဘဲ ရိတ်သိမ်းကြရမယ် (as we sow; so shall we reap) မဟုတ်ပါလား။ တခုပြောသင့်တယ်ထင်တာက နှစ်ပရိစ္ဆေဒ ရှည်ကြာစွာ ဒုက္ခပေါင်းစုံ ခါးစည်းခံပြီး (ကျွန်တော်ဉာဏ်မီ သရွေ့ ပြန်ပြောင်းကြည့်သမျှတော့ သုခပေါင်းစုံရယ်လို့ မရှိသလောက်ပါဘဲ) နေထိုင်လာကြသည် နှင့်အမျှ ကျွန်တော်တို့ ပြည်ထောင်စုသားတွေအချင်းချင်း မမေ့နိုင်တဲ့ဖြစ်ရပ်တွေ နာကျင်မှုတွေ ရှိကြမှာ မလွဲသလို ဒီနာကျင်မှုတွေကို နာကျည်းမှု အဖြစ်သမိုင်းထဲကို သယ်ဆောင်ဘို့သင့်မသင့် ရာမရာချင့်ချိန်ဘို့တော့လိုကြမယ် ဆိုတာပါ။

အင်္ဂလိပ်လူမျိုး စာရေးဆရာကြီး H. Fielding Hall ရေးသားပြီး ဆရာပါရဂူ ဘာသာပြန်ခဲ့တဲ့ သီပေါ၏မဟေသီ (Thibaw’s Queen) စာအုပ်ထဲက မှတ်မိသမျှလေး ဖေါက်သယ်ချပါရစေဦး (နှစ်ပေါင်းသုံးဆယ်ကျော်ခဲ့ပြီမို့ အရင်းအတိုင်းတော့ မဟုတ်ပါ)။ “ငယ်တုံးရွယ်တုံးသာ မေ့မရနိုင်ဘူး မေ့ဘို့မလွယ်ဘူး ပြောနေကြတာပါ။ ကြီးပြင်းလာတဲ့ အခါကျတော့လဲ တကယ်တမ်း မလွယ်တဲ့အရာ ဟာ မေ့ဘို့ မဟုတ်ဘဲ အမှတ်ရဘို့ ဆိုတာ သိလာပါလိမ့်မယ်”။ လူ့သက်တမ်းတခု အတွက်တော့ ဒီစကား ဘယ်လောက်မှန်တယ်ဆိုတာ ရှင်းပြဘို့လိုမယ်မထင်ပါ။ နဲနဲဆန့်ပြီး ကျွန်တော်တွေးမိသလို ပြောလိုတာက နိုင်ငံတခုရဲ့သက်တမ်းနဲ့ပတ်သက်ရင် ပိုလို့တောင်မှမှန်မလားလို့ပါ။ ရှေးအထက်ကျော် ကာရီက သရေခေတ္တရာ၊ တကောင်း၊ ပုဂံ၊ အင်းဝ၊ ဟံသာဝတီ ဆိုတဲ့ ခေတ်တွေကို ကျွန်တော်တို့ ဘယ်လောက်များ မှတ်မိနိုင်ကြပါပြီလဲ။ ဒီလိုဘဲ နောင်လာမယ့်နှစ်ပေါင်း ၃၀၀ (နိုင်ငံတခုရဲ့သက်တမ်း အတွက် နှစ်သုံးရာဆိုတာ မျက်တောင်မွှေးတဆုံး သာသာမျှ ရှိမှာပါ) ကျရင် ဒီနေ့ကျွန်တော်တို့ မမေ့နိုင် ကြတဲ့ အရာတွေကို ဘယ်လို အမှတ်ရချင်ကြသလဲ၊ အမှတ်ရဘို့ ကျွန်တော်တို့တိုင်းပြည် ကျွန်တော်တို့ နိုင်ငံဆိုတာရော ကမ္ဘာ့မြေပုံပေါ်မှာ ရှိပါဦးတော့မလား ဆိုတာဟာ ဒီနေ့ အနေအထားအရ နက်နက်နဲနဲ စဉ်းစားရမဲ့ အချက်တွေပါ။ ကျွန်တော့်အမြင် ပြောရရင် ဒုတိယအချက်ကို ဘယ်လိုဖြေဆိုပြီး လက်တွေ့ ကျကျ ဘာတွေလုပ်တယ် ဆိုတာဟာ ကျွန်တော်တို့သမိုင်းဖြစ်လာပါလိမ့်မယ်။

ဒီဆောင်းပါး ခေါင်းစဉ်ကို ငယ်ငယ်ကကျောင်းမှာ ရွတ်ခဲ့ဘူးတဲ့ “ဒီလိုပုံနဲ့မိုးကြီးချုပ်လျှင်၊ ကျွန်ုပ် အိမ်ပြန် ရောက်ပါ့မလား” ဆိုတဲ့ ကဗျာကလေးက ယူပါတယ်။ ကျွန်တော်တို့မျိုးဆက်အတွက်တော့ တကယ်ဘဲ မိုးချုပ်နေပါပြီ။ အာရုဏ်တက်စ၊ နံက်ခင်း၊ နေမွန်းတည့် နဲ့ မွန်းတိမ်းစ အချိန်အသီးသီး၊ ခွန်အား အရပ်ရပ်ကို ပိုင်ဆိုင်ထားကြတဲ့ မျိုးဆက်တွေ ကျွန်တော်တို့လို မရေမရာ မိုးမချုပ်စေလိုတဲ့ စေတနာနဲ့ (ဦးလှိုင်မြင့်ကို အကြောင်းပြုပြီး) ဒီဆောင်းပါး ကိုရေးပါတယ်။ “မြစ်ဆုံ” အတွက် အရေးကြီးချိန်မှာ ဆေးရိုးသည်က ကန်လန့် ဖြစ်သွားခဲ့ရင် အားလုံးကိုတောင်းပန်ပါတယ်။

လောကပါလ

more.gif

30 August 2011

လူလိမ်ကြီး အစိုးရ


http://www.karenunited.com


စစ်တပ်အုပ်ချုပ်တဲ့ ကာလမှာ ဗမာကျပ်ငွေတွေကို အတိုင်းအဆမရှိ ဗရမ်းဗတာရိုက်ထုတ်တယ် ။
ပိုက်ဆံနဲ့ ကုန်ပစ္စည်း မျှခြေ ရှိနေရာက ပိုက်ဆံတွေချည်ွး အဆမတန်ပေါလာတယ် ။
ဒီတော့ လူတွေလက်ထဲမှာရှိတဲ့ ချွေးနဲစာ ပိုက်ဆံတွေ အလိုလို တန်ဖိုးကျကုန်တာပေါ့ ။
ကုန်ဈေးနှုန်း တက်လာတာပေါ့။

ဒါဘယ်သူ့ကြောင့်လဲ . ရှင်းနေတာပဲ ။

ဒါပြည်သူတွေလက်ထဲက တန်ဖိုးမျှယူလိုက်တာပဲ ။
အားမနာတမ်းပြောရရင် ဒါ . ခိုးတာပဲ ။

ဒေါ်လာဈေးတက်တယ်ဆိုတာ ၀ယ်လိုအားများလာတာကို အခြေမခံဘူး ။

ဗမာစက္ကူပိုက်ဆံတွေ နင်းကန်ရိုက်ထုတ်လို့ ဖြစ်လာရတာ။ွှလူလိမ်တွေကတော့ ထွက်ပေါက်ကြိုရှာထားပုံရတယ် ။
တယ်လီဖုန်း ၊ ဆိုင်ကယ် ၊ မော်တော်ကား ၊ စားအုံးဆီ ၊ ဓါတ်ဆီ စတာတွေကို လိုင်စင်အကြောင်းပြပြီး
တမင်ဈေးကြီအောင် ကျပ်တည်းအောင် လုပ်ထားတယ် ။ မီတာခကို မြှင့်တယ်။ တယ်လီဖုန်းပြောခကို တိုးတယ်။
မီးမလာ အောင် တမင်လုပ်တယ်။ ဒါတွေနဲ့ ပြည်သူတွေကို လူစဉ်မမှီအောင် လုပ်ထားတယ်။ အာဏာလွှဲပေးရမယ်ဆိုတော့မှ လူကြားကောင်းအောင် ဗမာငွေတန်ဖိုးရှိပါတယ်ဆိုတာ လုပ်ပြမယ်လေ ။ ဆိုင်ကယ်တွေ သွင်းခွင်းပေးပြီး အခွန်မတရားကောက်တယ်။ (တရုပ်ပြည်မှာ တသိန်းခွဲနဲ့ စီးလို့ရတဲ့ဆိုင်ကယ်က ဒီမှာ ခြောက်သိန်းကျော်ပေးစီးရတယ်)
ဆိုင်ကယ် ဆယ်သန်း တရုပ်ပြည်က သွင်းတယ် ဆိုပါတော့ ဆိုင်ကယ်တစ်စီး အခွန်နှစ်သိန်းရတယ်ဆိုရင် လူတွေလက်ထဲက ဗမာကျပ်ငွေ သန်းပေါင်းသိန်းနှစ်ဆယ် (ကုဋေပေါင်းနှစ်သိန်း) ပျောက်သွားပြီ။ လူလိမ်ကြီး အစိုးရကသာသာလေး သယ့်ယူသွားပြီ ။


နောက်ရှိသေးတယ် ကဒ်ဖုန်း တဲ့ တယ်လီဖုန်းတွေကို ဈေးပေါပေါနဲ့ ပေးလို့ရရဲ့သားနဲ့ ကဒ်ဖုန်းဆိုတာကိုထုတ်လိုက်တယ် ။
(နံဘေးတိုင်ပြည်တွေမှာ ဖုန်းကဒ်တစ်ခုကို အခုငွေဈေးနဲ့ဆို ကျပ်နှစ်ထောင်လောက်ပဲ ရှိမယ်) ကဒ်ဖုန်းအားလုံး ငါးသန်းလောက် ရောင်းခဲ့ရတယ်ဆိုပါစို့ အနည်းဆုံး ဒေါ်လာသန်းတစ်ရာ စာ ဗမာငွေတွေ ဈေးကွက်ထဲက ဆွဲထုတ်သွားပြီ
အဲဒီတုန်းကပေါက်ဈေး တစ်ဒေါ်လာ တစ်ထောင့်နှစ်ရာနဲ့ဆို ကျပ်သန်းပေါင်း တစ်သိန်းနှစ်သောင်း (ကုဋေပေါင်း တစ်သောင်းနှစ်ထောင်) ပေါ့

လွယ်လိုက်တာနော် အဲ နောင်ပိုင်း နယ်မြေခွဲခြား ငါးသိန်းဖုန်းတဲ့ အခုတော့ ဘယ်ယူသွားသွား ငါးသိန်းတဲ့ အဲဒါဘာလုပ်တာလဲ
လူတွေ အိတ်ကပ်ထဲက ပိုက်ဆံကို ခိုးတာပဲပေါ့ ဆိုရှယ်လစ်ခေတ်က ပြည်သူပိုင် သမ၀ါယမပိုင်ဆိုတာ အမှန်တော့ လူထုအများ
တိုင်းရင်းသားအားလုံးရဲ့ ပိုင်ဆိုင်မှုပါ အဲဒါတွေကိုလည်း လူလိမ်ကြီးတွေက လက်ညိုးထိုး ရောင်စားကြပြန်တယ်
(ဗရမ်းဗတာ ထုတ်ခဲ့တဲ့ စက္ကူငွေ တွေကို ပြန်သိမ်းတဲ့နည်းလေ )

ဗမာပြည်ကြီး အခုလို အဓွန့်ရှည်အောင် တည်တန့်အောင် သွေးတွေ ချွေးတွေနဲ့ ကြိုးစားခဲ့တာ အာလုံးရဲ့ ဘိုးဘွားဘီဘင်တွေပါ
မြေပေါ်မြေအောက် သယံဇာတတွေက အားလုံးနဲ့ ဆိုင်ပါတယ်။ သဘာဝဓါတ်ငွေ့ ၊ ရေနံ ၊ ကျောက်သံပတ္တမြား ၊ ကျောက်စိမ်း ၊ ရွှေနဲ့ သတ္တုတွေ ၊ ကျွန်း သစ် ၊ စတာတွေနဲ့ ပင်လယ်ထဲက ငါးတွေပါမကျန် လူလိမ်တွေ အပိုင်လုပ် ပါမစ်ပေး တဖြဲနှစ်ဖြဲ ပေါင်းစားကြတာ မြင်မကောင်းပါဘူး ။

နောက်ဆုံးတော့ ဗမာကျပ်ငွေတန်ဖိုးတက်တယ်ပေါ့ ဒီလိုဆို ဗမာတွေ ချမ်းသာသွားကြပြီတဲ့လား ပြောကြစမ်းပါအုံး
သူခိုးကြီးတော ဓါးပြတဲ့ အားလုံးဝိုင်းတားနေတဲ့ကြားက ဧရာဝတီကိုပါ မုဒိမ်းကျင့် ရောင်းစား
တိုင်းရင်သားအားလုံးကို ကျွန်ဇာတ်သွင်း ဒါတွေ အတိအလင်းမြင်နေရပါပြီ

ဒီလောက် စိတ်သဘောထားကောင်းတဲ့ ပြည်သူလူထုကို ဘယ်လောက်အထိများ နှိပ်စက်ချင်ကြသေးလဲ
မင်းတို့ လူတွေမှ ဟုတ်ကြသေးရဲ့လား

more.gif

20 August 2011

လက်သီးဆုပ်နှင့် ကမ်းလင့်ကြိုဆို ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဒီမိုကရေစီ နိုင်ငံကြီးလို့ ပြောထားတော့ သမ္မတကြီးဟာ အစိုးရတရပ်ကို ဖွဲ့စည်းပြီးတာနဲ့ တိုင်းပြည်ကို ပထမဦးဆုံးသော  နှုတ်ခွန်းဆက်စကား ပြောကြားလာရပါတယ်။ အဲဒါက ဘာကိုပြပါသလဲ ဆိုတော့ ဗိုလ်သန်းရွှေ လုပ်ပေးတဲ့ အလိမ်အညာ ရွေးကောက်ပွဲဟာ ဘယ်လိုဘဲ ဒီမိုကရေစီ စံတွေနဲ့ သွေဖီနေသော်လည်း ဒီမိုကရေစီ လိုတော့လုပ်ပြရတာပါဘဲ။ ဗိုလ်သန်းရွှေ ၁၉-နှစ် အုပ်ချုပ်ခဲ့တယ်။ တခါမှ မိန့်ခွန်း မပြောခဲ့ဘူး။ မပြောတော့ သူ့စကားကို ချည်တုတ်ပြီး ပြန်လည်ဆန်းစစ်စရာ ဘာမှမရှိဘူး။  မိန့်ခွန်းပြောခဲ့ရင်တောင် ပြန်ဆန်းစစ်ခွင့် မရှိဘူးလေ။ အာဏာရှင်လို့ ပြတ်ပြတ်ပြောထားခဲ့ပြီဘဲ။
အဲဒီဗြောင်အာဏာရှင် စံနစ်ကနေ ဒီမိုကရေစီအမည်ခံ အာဏာရှင်ကို  ပြောင်းခဲ့တယ်။ ဒါကို လက်မခံနိုင်သူတွေက ရှိခဲ့တယ်။ လက်မခံနိုင်တာက သူ့တို့ အကြောင်းနဲ့ သူတို့ရှိခဲ့တယ်။ ဥပမာ ဒေါ်စုနဲ့ အဖွဲ့ချုပ်က နာဂစ်အခြေခံဥပဒေဟာ လူတဦးတယောက်ကို ရည်စူးရေးထားတယ်လို့ဆိုတယ်  ။ တဦးတယောက်ကို ရည်စူးကန့်သတ်ချက်တွေ ထည့်ထားတယ်ပေါ့။ မှန်ပါတယ်။ တိုင်းပြည်တခုရဲ့ အခြေခံဥပဒေဆိုတာ လူတဦးတယောက်ကို ထိခိုက်ပိတ်ဆို့လိုတဲ့ သဘောနဲ့ ရေးဆွဲထားတာ မလုပ်သင့်သောအရာပါ။ တကယ်တော့ လူတဦးတယောက်သာမဟုတ်ပါဘူး။ လူအများကြီးကို ပယ်ထုတ်ထားတဲ့ ဥပဒေကြီးပါ။




ဒေါ်စုတင်မဟုတ်ပါဘူး။ ပြည်ပထွက်သွားသူ အများစုကို ပယ်ထုတ်ထားတဲ့ ဥပဒေကြီးဖြစ်ပါတယ်။  အမတ်တယောက်ဟာ မြန်မာနိုင်ငံမှာ တဆက်ထည်း- ၁၀-နှစ်နေထိုင်သူဖြစ်ရမယ်။ ပြီးပြီ။ ဒီလိုလူတွေ အများစုကိုလည်း ပယ်ထားတယ်။ ပြီးနိုင်ငံတကာရောက် ပညာရှင်မြန်မာများကို တိုင်းပြည်တည်ထောင်ရေး အတွက်ပြန်လာဖို့ လက်ကမ်း ကြိုဆိုပါတယ်ဆိုတော့ ကမ်းတဲ့လက်က ဖြန့်ထားတဲ့လက်လား လက်သီးဆုပ်ဖြစ်နေလား စာဖတ်သူတွေသာ ဆုံးဖြတ်ကြည့်ပါ။ ပါးစပ်ပါတိုင်း ငါ့စကားနွားရ ပြောနေသလို ဖြစ်နေပါတယ်။
တိုင်းပြည်ကို အုပ်ချုပ်နေသူ အထူးသဖြင့် တိုင်းပြည်အရေးကို နှစ်အရှည် လမ်းပြထားတဲ့ တိုင်းပြည်ရဲ့ အခြေခံဥပဒေကို ရေးဆွဲသူတွေက ကိုယ်ပြောတာတွေ ကိုယ်ရေးဆွဲထားတာတွေနဲ့ ကိုယ်လုပ်ဆောင် နေတာတွေဟာ ဖီလာဆန့်ကျင်ဖြစ်နေပြီ ဆိုတာလောက်တော့ သတိကပ်သင့်ပါတယ်။
အခုလဲ ဗိုလ်ကျော်ဆန်းနဲ့ ဗိုလ်အောင်ကြည်တို့က ဒေါ်စုနဲ့ အဖွဲ့ချုပ်ကို သူတို့က လက်ကမ်းကြိုဆို နေပါတယ်။ ဥပဒေဘောင်ထဲပြန်ဝင်ပါ ပါတီကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်ပါ ဖိတ်ကမ်းလာပါတယ်။ တကယ်တော့ ပြည်သူတွေကို (ငအ) တွေထင်နေတဲ့ ပြည်သူတွေအပေါ် အထင်သေး အမြင်သေးနေတဲ့ သူတို့ရဲ့ စိတ်ဓါတ်တွေကို ပြင်သင့်ပါပြီ။ ပြည်သူတွေက (မအ) ပါဘူး။ မသိတာမဟုတ်ဘူး။ သိတယ် ပြောဆိုခွင့် ပိတ်ထားတာခံရလို့။ နောက်ဆုံး ပြောဖို့နေနေသာသာ ပြောသူက ပြောတာကိုတောင် နားထောင်ခွင့် အပိတ်ခံထားရတာပါ။ ပြည်သူတွေ ပြန်မပြောရဲတာကို ငါတို့လိမ်တိုင်း ယုံမယ့်လူတွေလို့ အထင်အမြင်သေးနေတာ ကိုက တိုင်းသူပြည်သားတွေနဲ့ ဒီစစ်ဗိုလ်တွေ ဘယ်လောက် ကင်းကွာနေတယ်ဆိုတာ သူတို့ပြနေတာပါဘဲ။
အခုဒေါ်စုကို တွေ့ဆုံဆွေးနွေးတာ မလုပ်မှီ ရက်ပိုင်းတွေက ဒုသမ္မတ က အမေရိကန် ဆီးနိတ် အမတ် ဂျွန်မက်ကိန်းကို ဒေါ်စုဟာ သာမာန်ပြည်သူတယောက်ပေါ့။ သဘောကတော့ သူ့အကြောင်း အလေးတယူ လုပ်ပြောနေစရာမလိုဘူး။ တဲ့တဲ့ပြောရရင်တော့ အလေးထားစရာမလိုဘူး။ တခါ မကြာဘူး ပြည်ထဲရေးက နိုင်ငံရေးအလုပ်တွေ မလုပ်ရဘူး အမိန့်စာပို့ခဲ့တယ်။ တကယ်ကတော့ ရမလားစမ်းကြည့်တယ်။  ဟိုကလည်း လာခဲ့လေ ကြာသလားလို့ လုပ်ပြလိုက်တယ်။ တကယ်လို့သာ NLDဘက်က နဲနဲပြာတာ ပြလိုက်ရင် ဂုတ်ခွစီး နားရင်းတီးဖို့ ကြံကြည့်တာ။ တကယ်တော့ ဒီလူတွေဟာ မူမရှိဘူး။ လူကြည့်ပြီး မူကိုကစားနေတာ။

ဟောအခုကျတော့ ဆိုင်းမဆင့်ဘုံမဆင့် ဒေါ်စုကို နှစ်ကြိမ် ရက်အနည်းငယ် အတွင်းတွေ့တယ်။ အပြုသဘောဆောင်တယ် ထုတ်ပြန်တယ်။ ကျနော်ကတော့ သဘောမတူဘူး။ အပြုသဘောဆောင်ရင် နာဂစ်ဥပဒေကို အစကထဲက လက်မခံခဲ့တဲ့ ဒေါ်စုက အခုလက်ခံလိုက်တာလား။ အရင်ကတောင် လက်မခံခဲ့တာ အခု ဒေါ်စုက အဲဒီတဖက်သက် မတရားစီးပိုးထားတဲ့ နာဂစ်ဥပဒေကြီးကို အခုကျမှ လက်ခံပါတယ်ဆိုရင် ဒါပြည်သူလူထု ကိုသစ္စာဖေါက်ရာ ရောက်ပါမယ်။ နာဂစ်ဥပဒေကို ပြင်ဆင်ပေးတဲ့ အထိရော သူတို့ဘက်က လျှော့ပေးနိုင်လို့လား။
တခါ ဘာမဆိုင် ညာမဆိုင် ဒီပဲယင်းလူသတ် တရားခံ ကြံ့ဖွတ်အဖွဲ့ ဗိုလ်ဌေးဦးကလည်း ဒေါ်စုနဲ့ လက်တွဲပါမယ် လုပ်လာပါတယ်။ လက်တွဲချင်ရင် ဒီပဲယင်းလူသတ်တာ ကျနော်တို့ ကြံ့ဖွတ်မဟုတ်ပါဘူး ဆိုတာကို အရင်ထုတ်ပြန်ပေးရပါမယ်။ ဟုတ်ရင်လဲ ဟုတ်ပါတယ်။ ကျနော်တို့ လုပ်တာမှားပါတယ် ဆိုတာ အရင်ဝန်ချ တောင်းပန်ဖို့ တာဝန်ရှိနေပါတယ်။ ဘယ်ဗျာ ဘုန်းကြီးထိပ်ခေါက်ပြီး ကန်တော့ပါရဲ့တောင် မတောင်းပန်ဘဲ ဆွမ်းစားကြွပါဦး လုပ်နေတယ်။

ဒေါ်စုသာ ကြံ့ဖွတ်ရုံးကိုသွားခဲ့ရင် ဒါသူ့အတွက် သေဆုံးသွားခဲ့သူတွေ အသက်ပေး သွားခဲ့သူတွေကို သစ္စာဖေါက်လိုက်တာထက် စော်ကားလိုက်ရာ ရောက်သွားပါမယ်။ ကြံ့ဖွတ်က ဒေါ်စုနဲ့ ဆွေးနွေးချင်ရင် သူတို့လုပ်တာ မဟုတ်ပါဘူး ဆိုတာ အရင်ငြင်းချက်ထုတ်ပြန်ပါ။ ဟုတ်တယ်ဆိုရင်လဲ ဒေါ်စုနဲ့ သေဆုံးခဲ့သူတွေကို ၀န်ချတောင်းပန်ရမယ်။ သေဆုံးခဲ့သူတွေရဲ့ ရုပ်ကြွင်းတွေကို ကိုဘယ်လို လုပ်ခဲ့တယ်ဆိုတာ ၀န်ခံရမယ်။ အာဏာရှိတယ်ဆိုတိုင်း လူပါးဝပြချင်စိတ်တွေ သတိကပ်ပါ မောင်ဌေးဦး။

အခုလဲ ကျော်ဆန်းတို့ ဗိုလ်အောင်ကြည်တို့ရဲ့ ကမ်းလှမ်းမှုက လက်သီးကို ဆုပ်ထားပြီး ဂွတ်မောနင်းဆိုပြီး လက်ဆွဲနှုတ်ဆက်ရာ ရောက်နေပါတယ်။ အဖွဲ့ချုပ်ကို အပြုသဘောဆောင် ဖိတ်ခေါ်ပါတယ်ပြောသေးတယ် ဒေါ်စုနဲ့ လူအများစုကို နိုင်ငံအရေးအလုပ်မှာ မပါနိုင်အောင် ရေးထားတဲ့ စည်းဝိုင်းထဲဝင်ခဲ့ပါတဲ့။ အဖွဲ့ချုပ်ဝင်ခဲ့ပါ။ မင်းတို့ ခေါင်းဆောင်တော့ ဆောရီး။ ဖိတ်ခေါ်တော့ စကားပြောတော့ ဒေါ်စုနဲ့ ပြောတယ်။ ခင်ဗျားမပါနဲ့ ပြောလိုက်တဲ့ ယဉ်ကျေးမှု။ မျက်စေ့ထဲ မြင်ယောင်ကြည့်ကြပါ။ အဖွဲ့ချုပ်ကို သူတိုရဲ့ နိုင်ငံရေး ကစားကွင်းထဲဝင်ဖို့ တိုက်တွန်းတယ် ဆုံးဖြတ်ခိုင်းတယ်။ အဲဒီလိုတွန်းပေးမဲ့ လူကိုတော့ မပါရဆိုတော့။ အိမ်တအိမ်ကို ထမင်းစားဖိတ်တယ်။ ထားပါတော့ ကိုယ်နဲ့ စကားများထားတဲ့ မိသားစုတခုကို ဖိတ်တယ် ကြားတာဝန်ခံပေးရသူတော့ မစားရဘူးဆိုသလိုပေါ့။

အဲဒီလို တလွှဲတွေလုပ်နေတယ်။ ဒါကိုအပြုသဘော ဆောင်တယ်ပြောကြတာ နဲနဲ ဝေဖန်ကြပါဦး။ ကျနော်က ဒီထက်ကို ပိုတွေးလိုက်တယ်။ အပြုသဘောထက် ဒီတခါက အပြုတ်သဘော ကြံပြီလို့ဘဲ တွက်ထားပြီ။ လုပ်နေတာတွေက ရုပ်ပျက်ဆင်းပျက် အောင်ကြည်ကလည်း ပလူးပြ ကျော်ဆန်း ကလည်း မျက်ရည်ခံထိုးပြ ကြားထဲ ဒီပဲယင်းတရားခံ လက်သည် ကြံ့ဖွတ်ဗိုလ်ဌေးဦးကပါ ၀င်ပြဲပြနေတော့ တခုခုကြံစည်နေပြီဆိုတာ ကျနော် ကွက်ကျော်မြင်လိုက်ပြီ။ မဟုတ်မှလွှဲရော ဒီလူတွေ မကြာခင် ပါကစ္စတန်ဝန်ကြီးချုပ်-ဘနီဇီယာဘူတိုကို ရှင်းသလို အသေခံဗုံးခွဲသူနဲ့ ရှင်းပြစ်ဖို့  ကြံစည်နေပြီလို့။ ကျနော်တထစ်ချ တွက်ဆနေပြီ။ ပြီးမှ သူတို့နဲ့က ဒေါ်စုနဲ့ အဆင်ပြေနေတာ ကြားကတဖွဲ့ဖွဲ့က မနာလိုလို့ ၀င်လုပ်သွားတယ်။ တိုင်းပြည်တိုးတက်ရေးကို မလိုလားသူတွေ မရှုစိမ့်သူ တဖွဲ့ဖွဲ့က ၀င်လုပ်သွားတယ်ဆိုပြီးလုပ်မှာ။ လူ့ပလီတွေ။ ဒီလိုလုပ်ချင်လို့ ဒီယုံကို ဖမ်းချင်လို့ ဒီခြုံကိုထွင်နေတာ။ အာဆီယံ ဥက္ကဌ ကိစ္စလဲပါတယ် အဲဒီထက်ထက် ပိုတယ်လို့ဘဲ ကျနော်ထင်တယ်။
ဟာဗျာ ခင်ဗျားကလဲ မကောင်းဘဲမြင်နေတယ် ပြောချင်လား။ ဟုတ်ကဲ့ ပြောရင်လဲ ရတာဘဲ။ ကျနော်ကလည်း ကိုယ်သံသယရှိတာလေးတွေ မြင်ထားလို့ပေါ့။ သူတို့လျှို့ဝှက်ချက်တွေကို သိဖို့က လွယ်ကူတဲ့ကိစ္စမှ မဟုတ်တာ။ ဒါပေမဲ့ အခုသူတို့လုပ်နေတာက သူတို့ရဲ့ တကယ့်အစစ်အမှန် သဘောထားနဲ့ ရုပ်ပျက်ဆင်းပျက် ပြောင်းပြန်တွေလုပ်ပြနေတော့ ဥာဏ်ထုတ်သုံးကြည့်ပါ။ ဒါကဘာလဲ .. အခု ဒေါ်စု ပဲခူးခရီးစဉ်သူတို့ကို လုံခြုံရေးမတောင်းဘူး။ တောင်းရင်လဲ စိတ်အနှောက်အယှက်တွေ ပေးတယ်လေ။ အခုမတောင်းဘူး တခုခုဖြစ်ရင် သူတို့မှာတာဝန်မရှိဘူးဆိုတာကို ချပြထားပြီ။ ချပြထားပြီ သတိသာထားပေတော့။ နောက်ခရီးစဉ်လေးတွေ ပေးထွက်မယ်ပြီး ပိုင်ပြီဆိုရင် ကိုင်မယ်။
ကျနော်ပြော နေရတာက ဒီပဲယင်းလူသတ်တာဝန်ခံ သန်းဟန်က ရာထူးခုန်ပျံ ကျော်လွှားတက်တယ်။ အခုဗိုလ်ချုပ်ဖြစ်နေတယ်။ တပ်ချုပ်ကြီးဟောင်းနဲ့ အမြဲ ထိတွေ့နေတယ်။ သူဟာသူ ဘာရာထူးပြထားထား သူတို့မှာသီးခြား အထူးတာဝန်ရှိထားတယ်။ တပ်ချုပ်ကြီးမှာ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဆိုတဲ့ ဆိုင်းဘုတ်မပြထားတဲ့ တာဝန်ခံထားရတယ်။ ဒါကအထူးအဖွဲ့။ တပ်မတော်အရာရှိတွေ အတော်များများတောင် မသိကြဘူး။ အဲဒီအထူးအဖွဲ့တွေရဲ့ အသုံးစားရိတ်ကို ချမပြနိုင်လို့ ဗိုလ်ကျော်ဆန်းက တနေ့ကပြောတာပေါ့။ ဘဏ္ဍာရေးရှင်းတမ်းကို မပြနိုင်ဘူးဆိုတာလေ။ အဲဒီအထူးအဖွဲ့ကို ဘယ်သူစီမံနေတာလဲ။ သိအောင်လုပ်ကြပါ။ ဒီအဖွဲ့ကဘာတွေ အတွက် ထူထားရတာလဲ ဘာကြောင့် ဘဏ္ဍာငွေတွေ လိုသလောက်သုံးနေရတာလဲ။ ဘယ်သူတွေကို ဆော်ဖို့လဲ။ အလကား ထူထားတာမဟုတ်ဘူး။ ဒီအဖွဲ့လက်တံက ကမ္ဘာတခုလုံးထိ ဆန့်ထားတာ။ အဲဒါကြောင့်လဲ ဒေါ်လာတွေ မတရားသုံးစွဲနေတာ ။
ဒီအဖွဲ့ လိုဘဲ ပြည်ပအတိုက်အခံအဖွဲ့ထဲဘသူလျှိုမြုပ်နှံရေးဌာန ဆိုတာကလဲရှိသေးတယ်။ ပြည်ပအဖွဲ့ တွေထဲ မြုပ်ထားတဲ့သူတွေကို (သုံးလ) တကြိမ် ထောက်ပံ့ငွေတွေ ပို့ပေးနေရတဲ့ အဖွဲ့လဲရှိသေးတယ်။ ထားပါ ဇူလိုင်လဆန်းပိုင်းက တကြိမ်ပေးတယ်။ ဒါကျနော်ရထားတဲ့ သတင်း။ အခုကျနော်တို့ အတိုက်အခံအဖွဲ့တွေထဲက လူတွေ အဲဒီလို သုံးလတကြိမ် ဘဏ်ထဲ ငွေဝင်ဝင်လာသူရှိရင် အဲဒီသူဟာ န.အ.ဖ သူလျှိုဘဲ။ အခု ကျနော်တို့ ဘက်ရောက်လာတဲ့ ဗိုလ်မှုးအောင်လင်းထွဋ် ဆိုရင် အဲဒီသူလျှို ဘယ်သူတွေဆိုတာ သိနိုင်မယ်။ သူတို့တာဝန်ထဲမှာ အဓိကကတော့ ပြည်ပအတိုက်အခံတွေ အထဲ အချင်းချင်း စိတ်ဝမ်းကွဲရေး အချင်းချင်းပြန်တွယ်အောင် လုပ်နိုင်သူတွေဆိုရင် အထူး ထောက်ပံ့ပေးတယ်လေ။ အဲဒီတော့ ကျနော်တို့ မီဒီယာတွေအပေါ် အချင်းချင်းခွပ်အောင် လုပ်နေသူတွေဆိုရင် ဆုတော်ငွေပိုရလို့ ချနေကြတာလား။ စဉ်းစားဖို့ လိုနေပြီ ။
သူတို့စီမံချက်မှာ ဆန္ဒပြတာများများ လုပ်ဖို့က ပါထားတယ်။ အတိုက်အခံတွေက ဆန္ဒပြရုံလေးနဲ့ တာဝန်ကျေနေကြနေပြီး တခြားသူတို့ ကုလားထိုင်ကို လှုပ်စေမှာတွေ မစဉ်းစားမိအောင် စီမံချက်ထဲမှာပါတယ်။ ဗိုလ်ရွှေက ဆန္ဒပြတာနဲ့ အလုပ်ရှုပ်နေလေ ကြိုက်လေလေ။ ကျနော်တို့ အတိုက်အခံတွေကလည်း ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံကြီးတွေမှာဆိုရင် ဒါဂုဏ်သိက္ခာကို ထိခိုက် မီဒီယာကိုဖြေရဆိုတော့ ဂရုစိုက်တယ်။ အလေးထားတော့ ဆန္ဒပြရတာ အကျိုးသက်ရောက်မှု ရှိတယ်လေ။ ဗိုလ်ရွှေလို ဂုဏ်သိက္ခာဆိုတာကို အလေးမထားသူကို ဆန္ဒပြနေတာက အချီးအနှီးဖြစ်နေတာပေါ့။
ဒါပါဘဲ။ ဗိုလ်ရွှေ ခြေလှမ်း ပြောင်းလိုက်တာကို လက်ခံရမှာပါ။ ကြိုဆိုရမှာပါ။ ဒါပေမဲ့ သတိလက်လွတ်ပြီး ကောင်းပေ့တော့ မလုပ်မိကြပါနဲ့။ သတိလေးတော့ ထားကြပါ။ ခံရပေါင်းများလှပြီ။ သန်းဟန် ကိုမေ့မထားကြပါနဲ့။
အားလုံးကိုလေးစားလျှက်

လှိုင်မြင့်
http://www.demowaiyan.co.cc/2011/08/blog-post_7259.html

more.gif

30 July 2011

ကရင့်ရင်ခွင်ရောက် နန်းအေးအေးငြိမ်းနှင့် နန်းအိအိငြိမ်း

စအယ်ဆူးခလိန်း(မြစ်ဝကျွန်းပေါ်


မြူတိမ်ကင်းစင်တဲ့ နေ့တစ်နေ့….မနက်ခင်းတစ်ခုလုံး မိုးရိပ်မိုးငွေ့ဆို၍ ဘာကိုမျှ မတွေ့ရ..။ကောင်းကင်တစ်ခွင် မြေပြင်အနှံ့ သန့်ရှင်းကြည်လင်လျက် မဟာဆေးဝင်္ကဘာ အာလိန်ငါးဆင့်ရင်ခွင်ဟာ နိုးထရွှန်းသစ်စ သလေးထိုင်ခုတ်ဖိုး မနက်ခင်းတွေတိုင်း လတ်လတ်ဆတ်ဆတ် သစ်သစ်လွင်လွင်။ ကမ်းလင့်ဆီးကြိုမှုအပြည့်၊ နွေးထွေးပျူငှါမှု တရက်တရောဖြင့်….။


ကျွန်တော် အဲဒီကိုရောက်တော့ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီက လူကြီးတွေ စုံညီစွာရောက်နှင့်နေကြပြီ။ ကရင်သက္ကရာဇ် ၂၇၄၈-ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပြက္ခဒိန်ထုတ်ဝေရန်အတွက် မော်ဒယ်သရုပ်ဆောင်မယ့် ကရင်မောင်မယ်များ၊ မိတ်ကပ်ဆရာမ၊ ဓာတ်ပုံဆရာ၊ ဒီဇိုင်းဆရာ၊ အ၀တ်အစားအပြင်အဆင်ဆရာမများအားလုံး တာဝန်ကိုယ်စီနှင့် ဘူမိနက်သန် ဆုံမှတ်တစ်ခုအောက်မှာ အားပြည့်အင်ပြည့်လုပ်ဆောင်နေကြတာ၊ တက်တက်ကြွကြွ၊ လှုပ်လှုပ်ရှားရှား၊ ကရင့်အယ်ဒီတာတစ်ဦးဖြစ်တဲ့ စောထော့ဗျော်က ကျွန်တော့်ကို အသက်(၆၀) ၀န်းကျင်ရှိ ကရင်တိုင်းရင်းသူ အမျိုးသမီးတစ်ဦးနှင့် မိတ်ဆက်ပေးတယ်။ နန်းလှကျင် တဲ့။ ရင်ချင်းဆက်အမွှာ( Siamese twins) ညီအစ်မနှစ်ဦးဖြစ်တဲ့ နန်းအေးအေးငြိမ်းနဲ့ နန်းအိအိငြိမ်း တို့ရဲ့ မိခင်။ ကျွန်တော်ကတော့ အမိုး လို့ တရင်းတနှီး တလေးတစား ခေါ်လိုက်တယ်။

အမိုးနဲ့ကျွန်တော် စကားအနည်းငယ်ပြောဖြစ်ခဲ့ပါတယ်။ ပြီးတော့ နန်းအေးအေးငြိမ်းနဲ့ နန်းအိအိငြိမ်းတို့နဲ့လည်း စကားဆက်ပြောဖြစ်ခဲ့တယ်။ အဲဒီအထိတော့ ကျွန်တော်ဒီစာစုလေးကိုရေးဖို့ ဆန္ဒ၊စိတ်ကူး အလျဉ်းမရှိးသေးပါဘူး။ ကျွန်တော်က သူတို့နှစ်ဦးရဲ့ ပညာရေးနဲ့ ၀ါသနာကိုပဲ မေးမိတယ်။ သူတို့နှစ်ယောက်က ကျွန်တော်မေးတဲ့ ပညာရေးနဲ့ ၀ါသနာတွေတင်မက ကရင်အမျိုးသားစကားလုံးတွေကိုပါ ထည့်ထည့်ပြီးဖြေတယ်။


သမီးက ကိုယ့်ကရင်အတွက်ဆိုရင် နံပါတ်တစ် ဆိုတဲ့နန်းအေးအေးငြိမ်းရဲ့စကားနဲ့ ကိုယ့်အမျိုးသားရေးအတွက် လာကူညီရတာ တကယ်ကျေနပ်တယ် ဆိုတဲ့ နန်းအိအိငြိမ်းရဲ့ စကားလုံးတွေဟာ ကျွန်တော့်ရင်ထဲကို အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဝင်သွားခဲ့ပါတယ်။အဲဒီတော့ ကျွန်တော်လည်း ကိုယ့်လူမျိုးအကြောင်း စိတ်ဝင်တစားပြောနေတဲ့ ကရင့်သမီးပျို အမွှာညီအစ်မနှစ်ဦးကို ကရင်မိဘပြည်သူများနဲ့ မိတ်ဆက်ပေးလိုစိတ် ဖြစ်ပေါ်လာတယ်။ ဒီလိုနဲ့ပဲ အလုပ်များနေတဲ့ နှစ်ကူး၊ ဗဟို အထွေထွေအတွင်းရေးမှူး စောလှထွန်းကို ခွင့်တောင်းပြီး တွေ့ဆုံမေးမြန်းဖြစ်တော့တယ်။ နောက်ဆုံးတော့ ကရင့်ရင်ခွင်ရောက် နန်းအေးအေးငြိမ်းနဲ့ နန်းအိအိငြိမ်း တို့ဟာ ကရင့်ကြေးမုံ ပုံပြင်ထဲ ရောက်ရှိတော့တာပေါ့။

ရင်ချင်းဆက်အမွှာညီအစ်မ နန်းအေးအေးငြိမ်း၊ နန်းအိအိငြိမ်းတို့နဲ့ ကျွန်တော် စကားပြောဖြစ်တဲ့အကြောင်းလေးကို မတင်ပြမီ သူတို့နှစ်ဦးရဲ့ ကိုယ်ရေးဖြစ်စဉ်အချို့ကို လက်လှမ်းမှီသရွေ့ ရှာဖွေစုဆောင်းထားသည်ကို ဖေါ်ပြပေးလိုက်ပါတယ်။
၁၉၉၁-ခုနှစ်၊ ဇူလိုင်လ(၈) ရက်နေ့တွင် နန်းအေးအေးငြိမ်း၊ နန်းအိအိငြိမ်းတို့၏ ကိုယ်ဝန်ကိုလွယ်ထားသော အသက်(၄၀) ၀န်းကျင်ရှိ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်းစွန်းကျေးရွာအုပ်စု၊ ညောင်သာယာကျေးရွာနေ နန်းလှကျင်ဆိုသူ ကရင်တိုင်းရင်းသူတစ်ဦးဟာ ဘီးလင်းမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာပါတယ်။

နေ့လည် (၁၁) နာရီပတ်ဝန်းကျင်လောက်မှာ တာဝန်ကျဆရာဝန် ဒေါက်တာဦးယဉ်ငြိမ်း၊မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါ်မြင့်မြင့်၊ မိခင်နှင့်ကလေး ဆရာဝန်ဒေါက်တာဦးမျိုးအောင်တို့သုံးဦးသား အသေးစိတ်စစ်ဆေးကြတယ်။နန်းလှကျင်က ရာသီသွေးထိန်ရက်ထက် သားအိမ်အမြင့်က ပိုမိုကြီးထွားနေခြင်း၊ ကလေး ခေါင်းနှစ်လုံး စမ်းသပ်မိခြင်း၊မိခင်မှာ သွေးအားနည်းနေသော်လည်း သွေးပေါင်ချိန်မြင့်နေခြင်း၊ ခြေခုံများအန်းနေခြင်းစတဲ့ လက္ခဏာတွေတွေ့ရလို့ အမွှာဖြစ်ရမယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်ကြတယ်။

လူနာဒေါ်လှကျင်ဟာ ဆေးရုံမှာပဲ ချမ်းတုန်ပြီး ဖျားလာတယ်။ အဲဒီဒေသက ဖြစ်လေ့ဖြစ်ထရှိတဲ့ ငှက်ဖျားများလားလို့တောင် ဆရာဝန်ဒေါက်တာ ဦးယဉ်ငြိမ်းက စိုးရိမ်ခဲ့ရသေးတယ်။ လူနာကို ဆက်လက်ပြီး ဂရုတစိုက်ကုလိုက်တော့ အဖျားကျသွားပေမယ့် အနေအထိုင်က ပိုပြီး ခက်လာတယ်။ ထူးထူးခြားခြား သက်သာမလာဘူး။ ဒါကြောင့် ဆရာဝန်(၃)ဦးစလုံးက (ဂ-ဂ-၉၁) နေ့မှာ ကြိုတင်ဗိုက်ခွဲမွေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။


ဒါပေမယ့် ကြိုတင်လျာထားရက် မတိုင်မီ (၂-ဂ-၉၁)သောကြာနေ့မှာ နန်းလှကျင် ဗိုက်စနာလာတယ်။ နောက်တစ်နေ့ စနေ့နေမှာ ဗိုက်နာပိုစိတ်လာတယ်။ စနေ့နေညပိုင်းတစ်ညလုံးကိုတော့ တာဝန်ကျဆရာမ ဒေါ်စန်းယုဝေက ဂရုတစိုက်နဲ့ ညလုံးပေါက်ပြုစုတယ်။တနင်္ဂနွေနေ့မနက်ပိုင်း(၁၁) နာရီမထိုးခင်မှာ အဲဒီဆရာမကပဲ လူနာရဲ့အသေးစိတ်အခြေအနေကို စာအုပ်နဲ့အစီရင်ခံ တင်ပြတယ်။ ဒေါက်တာဒေါ်ဦးယဉ်ငြိမ်းက မြို့နယ်ဆရာဝန်ကြီးဒေါက်တာဒေါ် မြင့်မြင့်ကို ထပ်မံတင်ပြပြီး မနက်(၁၁)နာရီတိတိမှာ ခွဲစိတ်မှုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။
သွေးလှူဖို့ဆန္ဒပြုထားတဲ့ ဘီးလင်းမြို့ ငြိမ်းချမ်းရိပ်မြုံဓမ္မာစရိယသင်တန်းကျောင်းက သံဃာတော်(၄)ပါးကလည်း သွေးလှူဖို့ အသင့်စောင့်ဆိုင်းပေးနေကြတယ်။နန်းလှကျင်ကို သွေး(၄)ပုလင်းသွင်းပေးခဲ့ပါတယ်။အဲဒီနေ့ (၄-ဂ-၉၁)တနင်္ဂနွေနေ့က ခွဲစိတ်မွေးဖွါးပေးခဲ့သော ဆရာဝန်နဲ့ဆရာမများအဖွဲ့ကတော့ ဒေါက်တာဦးယဉ်ငြိမ်းက ခွဲစိတ်မှုကို ဦးဆောင်တယ်။မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မြင့်မြင့်က မေ့ဆေးပေးတယ်။ဒေါက်တာဦးမျိုးအောင်က ခွဲစိတ်မှုအကူ တာဝန်ယူတယ်။ခွဲစိတ်ခန်းထဲမှာ တခြားအကူအညီပေးကြတဲ့ ဆရာ၊ဆရာမများကတော့ ၀ါရင့်ဆရာမကြီး ဒေါ်စန္ဒာလွင်၊ အထွေထွေအလုပ်သမား ဒေါ်မွှေးကြိုင်၊ဒေါ်အေးအေးသိန်း၊ ဒေါ်အေးသန်း၊ဒေါ်ကြည်ပြုံးတို့ ဖြစ်ကြတယ်။

(ကျွန်တော် စကားပြောနေတဲ့အချိန်အထိတောင် နန်းလှကျင်ဟာ သူမကို ခွဲစိတ်မွေးဖွါးပေးခဲ့သော (သို့)အသက်သုံးသက်ကို ကယ်တင်ပေးခဲ့သော ဆရာဝန်များ၊ဆရာမများကို ကျေးဇူးတင်မဆုံးနိုင်ကြောင်း ထပ်ခါတလဲလဲပြောပြနေခဲ့တယ်။)
ည(၇း၀၀)နာရီလောက်မှာ ကျွန်မသတိရလာတယ်။အဲဒီတစ်ညပဲ မှတ်မှတ်ရရ ကျွန်မကလေးတွေနဲ့ အတူ နေခဲ့ရတယ်။ နောက်တနေ့တွေမှာတော့ လာကြည့်တဲ့လူတွေများ လို့ဆိုပြီး သီးသန့်ဆောင်မှာ ကလေးတွေကို ထားပေးပါတယ်။သူမ ခွဲစိတ်မွေးဖွားခဲ့ပုံ အတွေ့အကြုံများအား ကျွန်တော့်ကို နန်းလှကျင် ပြန်လည်ပြောပြနေတာပါ။ ထိုကဲ့သို့ (၄၅)မိနစ်ကြာ အောင်မြင်စွာ ခွဲစိတ်အပြီးမှာ ပြည်သူ့အချစ်တော်လေးများဖြစ်ကြတဲ့ နန်းအေးအေးငြိမ်းနှင့်နန်းအိအိငြိမ်းတို့ အမွှာနှစ်ဖော်လူ့ဘ၀ထဲကို ခက်ခက်ခဲခဲနဲ့ရောက်ရှိလာခဲ့ကြတယ်။မွေးကာစမှာပဲ နှစ်ဦးပေါင်းရဲ့ ကိုယ်လေးချိန်က (၁၅)ပေါင်ရှိခဲ့တယ်။

(၂၁-ဂ-၉၁)နေ့မှာ (၁၇)ရက်သားအရွယ် နန်းအေးအေးငြိမ်းနှင့် နန်းအိအိငြိမ်းတို့ကို ရန်ကုန်ကလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့တယ်။ အဲဒီမှာ တာဝန်ကျသူနာပြုဆရာမလေးတွေက ပြုစုစောင့်ရှောက်ထားရင်းနဲ့ အသက်(၂)နှစ်ပြည့်ခါနီး၊၁၉၉၃-ဇူလိုင်လ(၂၅) ရက်မှာ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးမောင်မောင်၊ ကထိက ဒေါက်တာဦးအောင်ကြည်နှင့်မေ့ဆေးဆရာဝန်ဒေါက်တာဒေါ်မြအေးကြူတို့ ပူးပေါင်းကြိုးပမ်းပြီး ရင်ဘတ်မှ ချက်အထိဆက်နေသော ရင်ချင်းဆက်နေမှုကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံဆေးပညာရှင်များ၏ အောင်မြင်မှုသမိုင်းမှတ်တိုင် စိုက်ပေးနိုင်ခဲ့သော နေ့တစ်နေ့လည်းဖြစ်ပါတယ်။

(နန်းအေးအေးငြိမ်းနှင့်နန်းအိအိငြိမ်းတို့သည် ၄င်းကလေးဆေးရုံ၏ ဆရာဝန်များရိပ်သာတွင် သီးသန့်ခန်းဖြင့်နေထိုင်ခဲ့ပြီး အသက်(၁၆)နှစ်အရွယ်(၂၆-၇-၂၀၀၇)ကြာသတေးနေ့တွင် အရွယ်ရောက်လာ၍ မိခင်နန်းလှကျင် ရင်ခွင်သို့ ပြန်လည်ရောက်လာခဲ့ပါတယ်။)
နန်းအေးအေးငြိမ်း၊ နန်းအိအိငြိမ်း၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း
၁။အမည်.. နန်းအေးအေးငြိမ်း
နန်းအိအိငြိမ်း
၂။အဖအမည်…. စောငြိမ်းကို
၃။အမိအမည်… နန်းလှကျင်
၎။မိဘနှစ်ပါး၏နေရပ်… ညောင်သာယာကျေးရွာ၊ တောင်းစွန်းအုပ်စု၊ ဘီးလင်းမြို့နယ်၊
မွန်ပြည်နယ်။
၅။လူမျိုး ကရင်(ပိုး-အရှေ့)
၆။ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
၇။ညီအစ်ကို မောင်နှမများ… အစ်ကိုကြီး စောအောင်ကိုဦး၊အစ်မ နန်းစမ်းလှသင်း
၈။ပညာအရည်အချင်း.. နန်းအေးအေးငြိမ်း(ဒဿမတန်း၊အီကို)
` နန်းအိအိငြိမ်း(ဒဿမတန်း၊ဘိုင်အို)
၉။လက်ရှိနေရပ်လိပ်စာ… ၀န်ထမ်းအိမ်ရာ၊ ကန်တော်မင်္ဂလာပန်းခြံ၊ အလုံမြို့နယ်၊ ရန်ကုန်။
၁၀။ရည်မှန်းချက်နှင့်ဝါသနာ နန်းအေးအေးငြိမ်း…အောင်မြင်သော သရုပ်ဆောင်ကောင်း(သရုပ်ဆောင်လုပ်ငန်း) နန်းအိအိငြိမ်း… အောင်မြင်သောအဆိုတော် (ဂီတအနုပညာ)
၁၁။မွေးသက္ကရာဇ် ၄-ဂ-၉၁ (တနင်္ဂနွေနေ့)(၁၁း၄၅)နာရီ
၁၂။အရပ်… ၅.ပေ ၄ လက်မ
၁၃။မိခင်အားခွဲစိတ် မွေးဖွားပေးခဲ့သော ဆေးရုံ… ဘီးလင်းမြို့ ပြည်သူ့ဆေးရုံကြီး။နေ့စွဲ(၄-ဂ-၉၁)
၁၄။ရင်ချင်းဆက်နေမှုကို အောင်မြင်စွာ ခွဲစိတ်ပေးသည့် ဆေးရုံ… ရန်ကုန်မြို့ကလေးဆေးရုံကြီး။နေ့စွဲ (၂၅-၇-၉၃)
၁၅။အနုပညာအတွေ့အကြုံ…စရဏမဂ္ဂဇင်း(မျက်နှာဖုံး)တစ်ကြိမ်၊ အပျိုစင်မဂ္ဂဇင်း(အတွင်းစာမျက်နှာ)တစ်ကြိမ်၊ အသင်းအဖွဲ့များထုတ်ဝေသော ပြက္ခဒိန် (မကြာခဏ)၊ဒါရိုက်တာ အဏ်ထော်ဏီ(မော်လမြိုင်)ရိုက်ကူးသော သံယောဇဉ် နှောင်ကြိုးတစ်မျှင် တွင် ပါဝင်သရုပ်ဆောင်ခဲ့။၂၇၄၈-ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပြက္ခဒိန်တွင် ပါဝင်သရုပ်ဆောင်ကူညီသည်။ကရင်သက္ကရာဇ် ၂၇၄၈-ခုနှစ်၊ ကရင့်ကြေးမုံမဂ္ဂဇင်းမျက်နှာဖုံးတွင်လည်း ပါဝင်သရုပ်ဆောင်သည်။
၁၆။မိခင်ရင်ခွင်သို့ အရွယ်ရောက်၍ပြန်လည် ခိုဝင်လာသည့်နေ့…(၂၆-၇-၂၀၀၇) ကြာသပတေးနေ့။

သူတို့နှစ်ယောက်ကို မွေးခါစက အေးအေး၊ အိအိ လို့ပဲ သူနာပြုဆရာမလေးတွေက စခေါ်ကြတာပါ။နောက်ကျမှ သူ့အဖေနာမည်ပါအောင်၊ ဘီးလင်းမှာ ခွဲစိတ်မွေးဖွားပေးတဲ့ ဆရာဝန်ရဲ့ နာမည်လည်းပါအောင် အဲဒီတုန်းက သွေးလာလှူတဲ့သူ ဆရာတော်တွေ သီတင်းသုံးတဲ့ ကျောင်းအမည်လည်းပါအောင်ဆိုပြီး ငြိမ်း တစ်လုံး ထပ်ထည့်ပေးလိုက်တယ်။ဒီလိုနဲ့ပဲ အေးအေးငြိမ်း၊ အိအိငြိမ်း တွင်သွားခဲ့တာပဲ။သမီးနှစ်ဦး၏အမည်နာမဖြစ်ပေါ်လာပုံကို နန်းလှကျင်က ကျွန်တော့်ကို ပြောပြနေခြင်း ဖြစ်ပါတယ်။
(ဒါ့အပြင်နန်းလှကျင်က သမီးတွေရဲ့ နာမည်ကို အေးအေးငြိမ်း၊ အိအိငြိမ်းလို့ တန်းပြီးခေါ်တာကို သဘောမကျပါဘူး။ ကရင်မှန်ရင် ကိုယ့်အမျိုးအနွယ်ရဲ့လက္ခဏာ နန်း၊ နော်၊နမ့်၊ စော၊စ၊ မန်း တစ်ခုခုပါရမယ်။သမီးနှစ်ဦးရဲ့ နာမည်ကိုလည်း နန်းအေးအေးငြိမ်း၊ နန်းအိအိငြိမ်း လို့ခေါ်တာကို ပိုကြိုက်တယ်။)ကရင်ဖြစ်လျက်နှင့် အကြောင်းအမျိုးမျိုးကြောင့် စော၊စ၊မန်း၊နမ့်၊နန်း၊နော် စတဲ့ ကရင့်တန်ဖိုးလက္ခဏာတွေနဲ့ဝေးကွာပြီး ဂလိုဘယ်မကျ၊လိုကယ်မကျ စကောစကဖြစ်နေသော ကရင်တစ်ချို့အား ဒီဆောင်ပါးဖတ်မိပြီး တစ်ရာ ရာခိုင်နှုန်းကရင်ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။)

နန်းအေးအေးငြိမ်း၊နန်းအိအိငြိမ်းတို့၏ ပထမဆုံးအနုပညာခြေလှမ်းအဖြစ် သံယောဇဉ်နှောင်ကြိုးလေးတစ်မျှင် အမည်ရှိဗွီစီဒီတစ်ခွေအား လူငယ်ဒါရိုက်တာ အယ်ထော်ဏီ (မော်လမြိုင်)က ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ အရမ်းချစ်ကြတဲ့ ညီအစ်မနှစ်ယောက် ကွဲကွာသွားကြပြီး နောက်ပိုင်းမှာ ပြန်ဆုံတွေ့ကြတဲ့ ဇာတ်လမ်းလေးပါ။ ဒါရိုက်တာ အဏ်ထော်ဏီရဲ့ ကိုယ်ပိုင်ဇာတ်လမ်းကို စာရေးဆရာ ချစ်ဦးညိုရဲ့သား လင်္ကာ က ဇာတ်ညွန်းရေးဖွဲ့ပေးပြီး ဖြိုးနှင့်မင်း ဗွီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ်ဖြန့်ဝေမှာ ဖြစ်ပါတယ်။၎င်းဇာတ်ကားမှာ အကယ်ဒမီကျော်သူ၊ အကယ်ဒမီကျော်ရဲအောင်၊ မေသဉ္ဇာဦး၊ ညိုလင်းထက်တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။)

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီဟာ ယခင်ကလည်း နော်ကဗျာဘွဲ့မှူး၊ စောဟက်ကက်၊ စောရဲလေးတို့နှင့် ပြက္ခဒိန်များ ရိုက်နှိပ် ထုတ်ဝေခဲ့ဖူးပါတယ်။ ယခု၎င်းအနုပညာရှင်များမှာ အောင်မြင်သောအဆင့်တွင် ရောက်ရှိနေကြပြီးဖြစ်ပါတယ်။ယခုနှစ် ပြက္ခဒိန်ရိုက်နှိပ်ထုတ်ဝေခဲ့သော နန်းအေးအေးငြိမ်း၊ နန်းအိအိငြိမ်းတို့သည်လည်း အဝေးတော့တဲ့ အနာဂတ်မှာ အနုပညာကြယ်ပွင့်လေးများ ဖြစ်လာကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နန်းအေးအေးငြိမ်း၊ နန်းအိအိငြိမ်းတို့ရဲ့ ဖခင်စောငြိမ်းကိုမှာ ၂၀၀၄-ခုနှစ်တွင် ကွယ်လွန်သွားပြီးဖြစ်၍ ယခုအခါ မိခင်နန်းလှကျင်၊အစ်ကိုကြီး စောအောင်ကိုဦးဈ အစ်မကြီးနန်းစမ်းလှသင်းတို့နှင့်အတူ ကန်တော်မင်္ဂလာပန်းခြံအတွင်းရှိ ၀န်းထမ်းအိမ်ရာတွင် နေထိုင်လျက်ရှိပါတယ်။ လာမယ့် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်တွင် ဒဿမတန်းစာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ရန်အတွက် မိသားစုဆရာမ ဒေါ်ဆွေဆွေဇင်က လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။

(၂၇-၁၂-၂၀၀၈)တွင် မဟာဆေးဝင်္ကဘာ အာလိန်ငါးဆင့်၌ ကျင်းပမည့် မဟာရန်ကုန် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အား လာရောက်ဆင်နွှဲဦးမည်ဖြစ်ကြောင်း ထပ်ဆင့် သတင်းစကားပါးလိုက်ရပါတယ်။ ကရင်လူမျိုးဖြစ်ရတာ ၀မ်းမြောက်ဂုဏ်ယူမိပါတယ်.. နန်းအေးအေးငြိမ်း၊နန်းအိအိငြိမ်းတို့နှင့် ကျွန်တော်..ကရင့်ရင်ခွင်လို့ တင်စားခေါ်ဝေါ်အပ်တဲ့ မဟာဆေးဝင်္ကဘာ အာလိန်ငါးဆင့်မှာ (၂၅) မိနစ်တာ အမှတ်တရ စကားပြောဖြစ်ခဲ့ပါတယ်။ကျွန်တော့်အနေနဲ့ အမှတ်တရမှ ထာဝရသို့ ချိုမြိန်လန်းဆန်းနေမယ့် အမွှာညီအစ်မနှစ်ဦးရဲ့ အဖြူစင်ဆုံး ကရင်အပြုံးအား စာဖတ်သူကရင်မိဘပြည်သူများထံ မုဒိတာဆန္ဒနဲ့ ထပ်ဆင့်ဝေငှပေးလိုက်ပါတယ်။


၂၇၄၈-ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော် မဟာရန်ကုန် ကရင့်ကြေးမုံစာစောင်မှ ပြန်လည်ဖေါ်ပြလိုက်ပါသည်။

more.gif

27 July 2011

ဧရာတိုင်းမှ သောကမီးလျှံများ


မန်းတောလောင်း (ဇူလိုင်လ ၂၆ရက်၊ ၂၀၁၁ခုနှစ်)

မြို့နယ် ၂၆မြို့နယ်။ ခရိုင် ၆ခရိုင်နှင့် ပေါင်းစည်းထားသော ဧရာဝတီတိုင်းဒေသကြီးတွင် နေထိုင်ကြသူများထဲတွင် ကရင် တိုင်းရင်းသားတို့သည် ဒုတိယ အများဆုံဖြစ်သည်။ အသေအချာ သန်းခေါင်စာရင်း ကောက်ကြည့်မည်ဆိုလျှင် ကရင်လူဦးရေ အများဆုံးဖြစ်မည်ဟု ယူဆကြသည်။


အဘယ့်ကြောင့်ဆိုသော် နောက်မွေးလာသော ကရင်မျိုးဆက်သစ်များသည် မိမိဘာသာ စကားကို မပြောတတ်ကြ၍လည်းကောင်း၊ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်တွင် ဗုဒ္ဓဘာသာဝင် ကရင်များကို ဗမာတိုင်းရင်း သားအဖြစ် စာရင်းသွင်း၍လည်းကောင်း၊ အခြားတိုင်းရင်းသားနှင့် မွေးလာသော ကရင်များကို ဗမာလူမျိုး သွတ်သွင်း၍လည်း ကောင်း ထိုအကြောင်းများကြောင့် ကရင်လူမျိုးဦးရေသည် ဒုတတိယနေရာသို့ ဧရာဝတီဒေသကြီးတွင် ရောက်ရှိရခြင်း ဖြစ်ပေ သည်။
ပန်းတနော်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်း ကျင်းပရေး ကော်မတီ

ဥက္ကဌ ဒေါက်တာမန်းခင်မောင်စိုး၏ ဟော ပြောချက်အရ ပန်းတနော်မြို့နယ်တွင် ၁၉၇၈-၇၉ စစ်တမ်းအရ မြို့နယ်လူဦးရေ ၁၆၀,၀၀၀ အနက် ကရင်လူမျိုးသည် ၁၃၀,၀၀၀(၈၁.၂ရာခိုင်နှုန်း)ရှိပြီး ၂၀၁၁တွင် မြို့နယ်လူဦးရေ ၂၃၀,၀၀၀ကျော်အနက် ကရင်လူဦးရေ ၁၂၀,၀၀၀(၅၄ရာခိုင် နှုန်း)ရှိသဖြင့် ကရင်လူဦးရေ လျော့နည်းလာသည်ကို တွေ့ရကြောင်း ကရင်စာပေသင်တန်းဆင်းပွဲတစ်ခုတွင် ကြားလိုက်ရသ ဖြင့် ဧရာဝတီတိုင်းရှိ မြို့နယ်အသီးသီးတွင် မှန်မှန်ကန်ကန် သန်းခေါင်စာရင်း ကောက်ယူနိုင်လျှင် ကရင်လူဦးရေသည် အများ ဆုံးဖြစ်နိုင်ကြောင်း သိရှိရသည်။ ဧရာဝတီတိုင်း ၂၆မြို့နယ်ရှိ မြို့နယ်အသီးသီး၏ ဧရိယာတွင် နေထိုင်သော ကျေးရွာအများစု သည် ကရင်ရွာများဖြစ်သည်ကို တွေ့ရှိရသဖြင့် ဧရာဝတီတိုင်းသည် ကရင်လူမျိုးတို့၏ မူလဘူတ နေထိုင်ရာအထိုင်ဟု ပြော လျှင်မှားမည်မဟုတ်ပေ။

မြန်မာပြည်၏ စပါးကျီကို တည်ဆောက်ပေးသော ဧရာဝတီတိုင်းနေ ကရင်လူမျိုးတို့၏ စားဝတ်နေရေးသည် တနှစ်ထက်တနှစ် ဆုတ်ယုတ်နိမ့်ပါးလာခဲ့သည်။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင် ပိုးကရင်လူမျိုးများသည် ပညာရေး၊ စီးပွားရေးတွင် ပို၍ နောက်ကျ ကျန်ခဲ့သည်ကို တွေ့ရသည်။ စီးပွားရေး နောက်ခံမကောင်းလျှင် ပညာရေးနိမ့်ပါးမည်။ ပညာရေးနိမ့်ပါးလျှင် လူမျိုးလည်း တိမ် ကောပပျောက်နိုင်သည်။ ခရစ်ယာန်ဘာသာဝင် ကရင်လူမျိုးများအနေဖြင့် ဆင်းရဲနိမ့်ကျမှုများ ရှိသော်လည်း ဘာသာရေး အ ထောက်အပံ့များ ရရှိကြသဖြင့် ပညာရေးတွင် ထွန်းထွန်းပေါက်ပေါက်ဖြစ်အောင် သင်ယူနိုင်ကြသည်။ ပညာဖြင့် အသက်မွေး ၀မ်းကျောင်းနိုင်သဖြင့် လူအောက်သူအောက်ကျမှု နည်းပါးသည်ကို သိရှိရသည်။

ယခုနှစ် ရာသီဥတု ဖောက်ပြန်၍ အချိန်မတိုင်ခင် ရွာသွန်းသောမိုးကြောင့် ဧရာဝတီတိုင်းရှိ ကရင်တောင်သူလယ်သမားများ၏ စပါးခင်းများ၊ ပဲခင်းများ၊ ငရုတ်ခင်းများ ပျက်စီးယိုယွင်းသဖြင့် အလွန် အထိနာခဲ့ကြသည်။ ဧရာဝတီတိုင်းအတွင်းရှိ မြို့ကြီးများ ဖြစ်ကြသည့် ပုသိမ်သို့လည်းကောင်း၊ မြောင်းမြ လပွတ္တာသို့လည်းကောင်း၊ မအူပင် ဖျာပုံ ဘိုကလေးသို့လည်းကောင်း ကားဖြင့် သွားလျှင် ကား ၀ဲယာကိုကြည့်လျှင် တမျှော်တခေါ် ကျယ်ပြောလှသော လယ်ကွင်းပြင်ကြီးကို မြင်တွေ့ရပေလိမ့်မည်။ မိုးရာသီ တွင် စိမ်းလန်းသော စပါးခင်းများဖြင့် ပဏာရနေသည်။ ဆောင်းရာသီတွင်လည်း ပဲခင်း၊ ငရုတ်ခင်း၊ နွေစပါးတို့ဖြင့် အလှဂုဏ် ၀င့်နေသည်။

မြင်ရသူအဖို့ ပညာတင့် ဂုဏ်တင့်နေသော စိုက်ခင်းများသည် ဖောက်ပြန်သောမိုးကြောင့် လယ်သမားများ သောကဆူဝေခဲ့ကြ ရသည်။ မတ်ပဲတစ်တင်း သုံးသောင်းကျော် လေးသောင်း ရှိနေချိန်တွင် မိုးမိသော မတ်ပဲတစ်တင်းသည် ခြောက်ထောင် ခုနှစ် ထောင်မျှသာ ဈေးရကြသည်။ ဆွတ်ခူး၍ မပြီးမီ မိုးကြီးရွာသဖြင့် ငရုတ်ခင်းများ ပျက်စီးကြသည်။ လှန်းလက်စ ငရုတ်များကို လည်း မရုတ်သိမ်းနိုင်ကြ။

လူအများစု အခြေခံ ကရင်လယ်သမားများအဖို့ ငွေတိုးဖြင့် ချေးရင်းရသည့် စိုက်ပျိုးသီးနှံများ ယခုလို ပျက်စီးဆုံးရှုံးရသဖြင့် အ ကြွေးပူ၍ ဗလောင်ဆူကြရသည်။ ထိုအကြွေးပူကို ဖြေရှင်းရသည်က လယ်ယာမြေကို ပိုင်းစိတ်၍ရောင်းပြီး အကြွေးဆပ်ကြခြင်း ဖြစ်သဖြင့် ကရင်လယ်သမား အတော်များများ လယ်မဲ့ယာမဲ့ဘ၀ ရောက်ကြရသည်။

လယ်ယာလုပ်ငန်းနှင့် အဆင်မပြေသဖြင့် သားသမီးများအား ပညာရေးကို ဆက်၍ မသင်ကြားပေးနိုင်။ ခါးပိုင်းကျိုး တပိုင်းတစ ပညာရေးဖြင့် မြို့တက်စားသောက်ဆိုင်၊ ကေတီဗွီ၊ အနှိပ်ခန်းတွင် ၀င်အလုပ်လုပ်ကြရသည်။ ကရင်လူငယ်တို့၏ ဘ၀ရှေ့ရေး သည် ရင်မောစရာပင်။ တချို့က မလေးရှား၊ စင်္ကာပူ၊ ထိုင်းတို့၌ ယောက်ျားလေးများက အထွေထွေ လုပ်သား၊ မိန်းကလေးများ က အိမ်ဖော်။ ကရင်တွေ သစ္စာရှိသည်ဆိုသော ဂုဏ်ပုဒ်ကလွဲ၍ ဘာအကျိုးအမြတ်မှ ရရှိလာသည်ကို မတွေ့ရ။

ခေတ်စနစ်၏ မတည်ငြိမ်မှုနှင့် မှားယွင်းမှု၊ မိုးလေ၀သ ဖောက်ပြန်မှုတို့ကြောင့် အခြေခံလူတန်းစားတို့၏ ဘ၀သည် ခါးသီးနာ ကျင်လှသည်။ လက်ဖက်ရည်ဆိုင်က ကျောင်းနေအရွယ်ကလေးများ၊ ကျူရှင်မယူနိုင်၍ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင် နေကြရသော ကလေးငယ်များ၊ အဓမ္မစစ်သားအဖြစ် သွတ်သွင်းခံရသော ကလေးများကိုကြည့်လျှင် လူငယ်တို့၏ အနာဂတ်ကို အရိပ်မည်းကြီးက ထိုး၍နေသည့်အလား ရပ်၍မြင်ရသည်။ ရပ်ရွာအကျိုး၊ လူမျိုးအကျိုးကို ဆက်လက် တာဝန်ယူကြမည့် လူငယ်တို့၏ ဘ၀သည် ယောင်ချာချာနှင့် စံချိန်မမှီသော ပြည်တွင်းဖြစ် အရက်ဆိုင်တွင် နစ်မွန်း၍ အချိန်ကုန်နေကြသည်။ လူ မသိသူမသိ တဖြုတ်ဖြုတ်နှင့် ကြွေကျကြရသော အနာဂတ် ကြယ်ပွင့်များ ဒုနှင့်ဒေးပင်။ ရှင်ကျန်နေသူများလည်း မျှော်လင့် ချက် ကင်းဝေးနေကြပြီ။

အဘယ်မည်သောသူတွေက ၀န်း၍၀ိုင်း၍ ကူညီကယ်မကြပါမည်နည်း။ ရင်မောလေစွ

more.gif

17 July 2011

ဖိုးသူတော်လဲတော့ တောင်ဝေးမကူနိုင်

(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

မြန်မာနိုင်ငံကို တရုတ်က ကျားကန်ပေးနေတယ်လို့ ပြောတာထက် ဂုတ်ကိုစွဲပြီး ထောင်ထားပေးတယ် ပြောရရင် ပိုဆီလျှော်ပါမယ်။ တရုတ်ပြည်ကြီးဟာ ဦးနေ၀င်း လက်ထက်တုန်းက ကျတော့ အတိုက်အခံမရှိတော့ ဦးနေ၀င်းကို တိုက်တယ်။ ပီကင်းရေဒီယိုကနေ ကျနော်တို့လို ဦးနေ၀င်းအစိုးရကို လက်မခံနိုင်တဲ့ သူတွေတောင် ကြာတော့နားကြား မြင်းကပ်လောက်အောင် အရူးမ အသံနဲ့ နေ၀င်း-စန်းယု စစ်အစိုးရနဲ့ တအားအော်နေတော့တာပါဘဲ။ ဗ.က.ပ. ကို ငွေအား လက်နက်အား လူအားနဲ့ကူခဲ့တယ်။ ၁၉၇၃- လောက်ကစတင်ပြီး ပီကင်းရေဒီယိုကနေ တရုတ်တပ်မတော်က ဒီဝီဇံ တပ်မကြီးတခု ဥက္ကဌကြီးမော်ရဲ့ အမိန့်ကို ဖီဆန်ပြီး အိမ်နီးချင်းနိုင်ငံတခုထဲ ထွက်သွားတယ် ဗြောင်ကြေငြာပြိး ဗ.က.ပ တွေဘက်က လူအားနဲ့ ၀င်တိုက်ပေးတယ်။ ရှမ်းပြည်ဘက်မှာ တိုက်ပွဲကြီးတွေ ဖြစ်ရတယ်။ မြန်မာတပ်တွေဆို တပ်ရင်းလိုက် ဗ.က.ပ. အမည်ခံ တရုတ်တပ်တွေ လက်ထဲကျရတယ်။

မြန်မာနိုင်ငံမှာ ၈၈၈၈-လုံး ဒီမိုကရေစီရေစီးကြောင်းကြီး ပေါ်လာတာနဲ့ ကမန်းကတန်း ကုန်သွယ်ရေး သဘောတူညီချက်တွေ တက်သုတ်ရိုက် သဘောတူလိုက်ပြီး စစ်တပ်ကို ကျားကန်ပေးတော့တယ်။ မ.ဆ.လ. ပါတီ အရေးပေါ်ညီလာခံ ခေါ်ပြီး ဗိုလ်နေ၀င်း နုတ်ထွက်နေချိန်မှာ နယ်စပ်ကုန်သွယ်ရေး သဘောတူညီချက်လုပ်ပြီး ဒီမိုကရေစီ ရေစီးကြောင်းကြီး မပေါ်လာအောင် အပြတ်လုပ်ဆောင် ပါတော့တယ်။ တရုတ်က သူ့အိမ်ဘေးကပ်လျှက် မြန်မာမှာ ဒီမိုကရေစီ ထွန်းကားလာမှာ ပူပင်တာ အချက်အများကြီးပါ.....။
(၁) အဓိကနဲ့  အရေးကြီးဆုံးပါ။ သူ့နိုင်ငံနဲ့ နယ်နမိတ် အများဆုံး ထိစပ်နေတာက မြန်မာက (မွန်ဂိုးလီးယား နဲ့ရုရှား မှအပ) အများဆုံးလဲဖြစ်။ တခါ မြန်မာက ပညာတတ်သူပေါများတယ် ။ ဒီမိုကရေစီထွန်းကားလာရင် ချက်ချင်းထောင် တက်လာမယ်ဆိုတာ သိနေတယ်။ အဓိကက သူ့ဆီကို ဒီမိုကရေစီ ရေစီးကြောင်း ကူးလာမှာ အကြောက်ဆုံး။ သူ့နားကပ်လျှက် ဘယ်ဒီမိုကရေစီနိုင်ငံမှ မရှိစေချင်ဘူး။ အထူးသဖြင့် မြန်မာပြည်မှာက တရုတ်တွေအများကြီး ရှိနေတော့ မြန်မာပြည်မှာသာ ဒီမိုကရေစီရရင် သူ့တရုတ်တွေ ဆီကို ဒီမိုကရေစီ အမြန်ဆုံး ပြန်သွားနိုင်တယ်လေ။

(၂) မြန်မာပြည်ဒီမိုကရေစီရလာရင် စီးပွားရေးအရ ပြိုင်ရမဲ့ စီးပွားပြိုင်ဘက် တခုတိုးလာမှာလည်း ပူတယ်။ သူတို့ဆီက စမ်းသပ်ထုတ်လုပ်နေတဲ့ ပစ္စည်းတွေ ပို့ရမယ့် နိုင်ငံ ညံ့ညံ့ တခုပျောက်သွားမှာလဲ ပူတယ်။ စီးပွားချင်းပြိုင်ရမယ် ပြီးးပစ္စည်းအစုတ်တွေ ညာရောင်းလို့ ရမယ့် ဈေးကွက် တခုပျောက်ပျောက်သွားမယ်။


(၃) သန်းရွှေလို အတော်လေး ညံ့တဲ့ အာဏာရှင်ရှိထားရင် အဲဒီအာဏာရှင်ဟာ သူရပ်တည်ရေးအတွက် တရုတ်ကို အားကိုးရမယ်။ အားကိုးမှု တောင်းလာတိုင်း အခုလို ဗွီတိုအာဏာ သုံးပေးနေရမယ်။ တနည်း ဗွီတိုအာဏာကို သန်းရွှေက အလားကားရတာ မဟုတ်ဘူး။ လျှို့ဝှက်ပြိး အပေးအယူနဲ့ ဗွီတို ကို ထုတ်သုံးပေးထားတာ။ ကိုးကိုးကျွန်းမှာ ရေဒါထိုင်ဖို့။ အခု ဓါတ်ငွေ့ကို ရောင်းပေးတယ်။ အခုဓါတ်ငွေ့ ပိုက်လိုင်းလုံခြုံရေးအတွက် တရုတ်တပ်တွေ ၀င်ခွင့်ပေးထားတယ်။ တနည်းပြောရရင် သူတို့ရဲ့ဗွီတိုကို ပင်တိုင်ဝယ်နေမယ့် ဖေါက်သယ်ကြီး ရထားတာပါဘဲ။


အခုဆို သန်းရွှေမြေးကို မြန်မာပြည် အုပ်ချုပ်ရေးမှုးခန့် ပေးမယ်ဆိုပြီး မြန်မာပြည်ကို တရုတ်-ဗမာ အဓိကရုံး ဖေါ်လိုက်ပြီး တရုတ်စစ်တပ်တွေဝင်လာအောင် လျှို့ဝှက်သဘောတူထားတာလဲ လုပ်ထားနိုင်တယ်။ သန်းရွှေဟာ သူ့မြေးကို ဘုရင်လို တင်မြှောက်ချင်နေတာလေ။ သိချင်ရင် ပထမ ကမ္ဘာစစ်မတိုင်မှီ တရုတ်ဗိုလ်ချုပ် ယွမ်ချီကိုင်နဲ့ ကျူးကျော် ဂျပန်စစ်တပ်နဲ့ တရုတ်ပြည်သူတွေ မသိအောင် လျှို့ဝှက်ချုပ်ဆိုထားတာ ဖတ်ကြည့်ကြပါ။ အဲဒီလိုပုံစံ လုပ်မထားဘူးလို့ ဘယ်သူ အာမခံရဲမှာလဲ။ အတ္တစိတ်ကြီးမားတဲ့ ဗိုလ်ချုပ်ယွန်ချီကိုင်လဲ ဒီလိုပုံစံချိုးခဲ့တာပါဘဲ ။

(၄) မြန်မာနိုင်ငံက ရေကြောင်းထွက်ပေါက်ကို ဒီမိုကရေစီ အစိုးရတက်လာရင် သဘောတူညီချက် ရဖို့ဆိုတာ အလွန်ဖြစ်နိုင်ချေ နည်းသွားမယ်။ ရရင်တောင် အခုလိုလည်း အပေါ်စီးရနိုင်မှာမဟုတ်တာကလဲ အဓိက ကျနေပါတယ် ။ အခုဟာကတော့ ဒူးမထောက်ရရုံတမယ် ဘ၀ရောက်နေတာလေ။

(၅) မြန်မာတွေ စီးပွားအင်အားတောင့်လာရင် သူ့တရုတ်လူမျိုးတွေ လာရောက်ရင်းနှီးဖို့ အခွင့်အလမ်းမရနိုင်ဘူး။ အနောက်နိုင်ငံတွေ ၀င်လာမှာလဲ ပူပန်တယ်။ အခုတော့ မြန်မာမြေမှာ သူတို့တရုတ်တွေက နံမည်အတုတွေနဲ့ ၀င်ငွေပြစရာမလိုဆိုပြီး ဗိုလ်သန်းရွှေကို အထူးလုပ်ခွင့် ဖွင့်ခိုင်းလိုက်တယ်။ အဲဒီတော့ ဟိုကလဲ အမြင်ကနည်းနည်းလေ။ အမိန့်ထုတ်လိုက်တယ်။ အိမ်ခြံမြေ၀ယ်ရင် ၀င်ငွေမပြနိုင်သူ အခွန်၁၂-% ဆောင်ရင် မစစ်ဆေးတော့ဘူး ဆို ပြီးဖွင့်ပေးလိုက်တယ်။ မြန်မာမြေတွေ ပြည်ပလူမျိုးခြားလက်ထဲ လက်တလုံးခြား ထိုးရောင်းတဲ့နည်းဘဲ။

(၆) မြန်မာတွေ ဒိမိုကရေစီ ရရင် မြန်မာပြည်ကတရုတ်တွေက ထိုင်ဝမ်ကို အဓိက အားထားဆက်သွယ်လာမယ် ။ မြန်မာပြည်မှာတိုင်ဝမ်တွေ မတရားရင်းနှီးလာမယ်။ ထိုင်ဝမ်ကလဲ မြန်မာ ဒီမိုကရေစီ ရမယ်ဆိုရင် ဒေါ်လာ ဘီလျှံချီသုံးဖို့  အဆင်သင့်။ ကျနော်တို့ အတိုက်အခံတွေကို မယုံစားလို့ သူတို့  အလုပ်ပြတ်နေတာ။ မြန်မာဒိမိုကရေစီ ရရင် တရုတ်ကြီး ထိုင်ဝမ် အရေးပူရတော့မယ်။

အခုဗိုလ်ရွှေလို လူညံ့ရထားတော့ စီးပွားရေးလုပ်တာက လုပ်တိုင်းကွဲနေတော့ ငွေပြတ်လာတယ်။ ငွေလိုလာတော့ အခွန်ငွေရဖို့  ငွေမဲတွေကို ငွေဖြူခ၀ါချပေးတာ လုပ်ပြီးရင်းလုပ်နေရတော့တယ်။

ဘာဖြစ်လာမလဲ။ တရုတ်တွေက ပြည်တွင်းရှိ တရုတ်တွေကို ငွေပေးနာမည်ခံခိုင်းပြီး အိမ်ခြံမြေတွေ ဖိဝယ် ဈေးတွေ တိုးပေးဝယ်လိုက်ကြတယ်။ နာမည်ခံထားသူ တရုတ်တွေလဲ ၀င်ငွေပိုရ။ မြန်မာတွေကို ဘေးဖယ်ထုတ်ပြီး ကျည်ဆံတချက် မဖေါက်ရဘဲ အဓိက အချက်အချာ ကျတဲ့နေရာတွေကို ဆွေမျိုးဖေါက်ဖေါ် လက်ထဲ အပ်လိုက်ရပါပြီ။ ဘာဖြစ်လာမလဲ။ မြေဈေးတက်လာမယ်။ မြေဈေး/ အိမ်ဈေး-တက်လာရင် အိမ်ငှားခ ကလဲ အတိုးနဲ့ကိုက်အောင် လိုက်တက်မယ်။ အဲဒီတော့ ငွေကြေးဖေါင်းပွမှုနှုန်း မြင့်တက်လာပါမယ်။ ကုန်ဈေးနှုန်းတွေတက်လာပါမယ်။ ပြည်သူတွေ ပိုကျပ်တည်းလာပါမယ်။

အခုပင် နိုင်ငံခြားပညာရှင်တွေက ၂၀၁၂ မှာ အာရှမှာ ငွေကြေးဖေါင်းပွမှုနှုန်း အများဆုံးနိုင်ငံ ဖြစ်လာမယ် ဟောထားကြပြီ။ ငွေဖေါင်းပွတာ အလွန်များရင် အစိုးရအခက်တွေ့မယ်။ လူတွေစားဝတ်နေရေး မလုံလောက်တာဖြစ်ပြီး ဒုတိယ ရွှေဝါရောင်တော်လှန်ရေး ဖြစ်လာပါမယ်။ လာဖို့ရှိနေပါပြီ.. ဒီတခါဖြစ်လာရင် ဘာမှ နိုင်ငံရေးစကားတွေ မအော်ဘဲ ကုန်ဈေးနှုန်းထိန်းပေးပါ။ အလုပ်အကိုင်တွေ ဖန်တီးပေးပါသာ အော်ကြပါ။ ဘာနဲ့အရေးယူမှာလည်း။ အော်ချင်သပဆိုရင် အုပ်ချုပ်သူတွေ အားလုံး ပိုင်ဆိုင်မှု ကြေငြာတာ လုပ်ရေးထည့်အော်ပါဗျာ။


အဲဒီကျရင် အခုငွေဈေး ခိုင်မာနေပါတယ်ဆိုတဲ့ မြန်မာငွေဈေး ထိုးကျလာပါမယ်။ ငွေဈေးတွေ ကမောက်ကမ ဖြစ်လာရင် စိးပွားထိုးရပ်သွားပါမယ်။ အဲဒီကျရင် နောက်တခေါက် ငွေမဲတွေ ခ၀ါချတာ လုပ်လာပါအုံးမယ်။ နောက်တခေါက်ထပ်လုပ်ရင် တရုတ်က အခုတခေါက်လို မြေဈေးကို ဈေးကြီးကြီး ပေးနေစရာမလိုဘဲ တနိုင်ငံလုံးနီးပါး ကောင်းပေ့နေရာတွေ ၀ယ်ထားပါတော့မယ်။ ၉၇-မှာ ထိုင်းမှာ ငွေဈေးကျချိန်ကတော့ ထိုင်းလုပ်ငန်းတွေကို နိုင်ငံခြားတိုင်းပြည်တွေက ဈေးပေါပေါနဲ့ သိမ်းသလို ကျနော် တို့မြေတွေကိုလဲ တရုတ်တွေက ဈေးပေါပေါနဲ့ ထိုးအပ်ကြရပါတော့မယ်။

စစ်တိုက်ပြီး သိမ်းရရင် စစ်ပွဲစားရိတ်ကုန်နေမယ်။ စစ်စားရိတ်က အရမ်းများတယ်။ ကမ္ဘာနဲ့ ပြသနာတက်နေနိုင်တယ်။ အခုလိုပေါချောင်ကောင်း ၀ယ်ရတာ အကိုက်ဆုံးပေါ့။ မြန်မာ့မြေ တွေအိမ်တွေ လက်ထဲရထားပြီးရင် မကြာခင် အိမ်ငှားခတွေ တင်လာပါမယ်။ တင်လာရင် မြန်မာတွေ လူနေမှု စားစရိတ်မကာမိတော့ ထိုင်းနဲ့ မလေးရှား ကိုပိုပြီး ထွက်လုပ်ကြရပါမယ်။ အိမ်မှာကျန်နေတဲ့ မြန်မာမလေးတွေ တရုတ်မယားငယ်အနေနဲ့ ကောက်စားလိုက်ပါမယ်။

အဲဒီတော့ မြန်မာပြည်တခုလုံး နီးပါးကို စစ်တိုက်နေစရာမလိုဘဲ လူမျိုးသွေးရောနော နည်းနဲ့သိမ်းဖို့ဆိုတာ ဒိလိုခပ်ညံ့ညံ့ အုပ်ချုပ်သူကို အသက်ဆက်ပေးထားရမယ်လေ။ ကနေ့တရုတ်က ဗိုလ်ရွှေတို့ကို ငွေအများကြီး ချေးပေးတယ်။ အတိုးနှုန်း နည်းနည်းလေးနဲ့။ ပြန်မဆပ်နိုင်လဲရတယ်။ ပူနေစရာမလိုဘူး .. ထပ်တောင် ချေးပါဦးမယ်။ နောင် အနှစ် ၂၀- လောက်ဆို သူတို့လူတွေ (တရုတ်တွေ) မြန်မာအလံအောက်မှာ ဒါဒို့ပြေ ဒါဒို့မြေ ၀ပိုင်တဲ့မြေ ဆိုလို့ ရပါတော့မယ်။

လာမဲ့ ၁၅-နှစ်လောက်ဆို မန္တလေး ရှမ်းပြည်နယ် ကချင်ပြည်နယ် တို့ရဲ့တိုင်းမှုးလုပ်သူဟာ တရုတ်စကားတတ်ရန် လိုတယ်ဖြစ်လာပါတော့မယ်။ မန္တလေး၊ လားရှိုး၊ မူဆယ်လမ်းတွေမှာ တရုတ်စာတမ်း ထိုးပေးရပါတော့မယ်။ အဲဒီတော့ ၂၀၂၅ ဆိုရင် ပုံသာဖေါ်ထားကြည့်ပေတော့။

ကျနော်စိတ်ထဲ စဉ်းစားမိတာလေးတွေပါ။ တရုတ်မှာက နိုင်ငံရေးကို အမျှော်အမြင်အများကြီး ရှိတဲ့ နိုင်ငံရေးပညာရှင်တွေ မြန်မာပြည်ကို အနုနည်းနဲ့ အသာလေးရယူဖို့  ဘယ်လို စိမံကိန်းတွေချထားလဲဆိုတာ သိဖို့ ဘယ်လွယ်ပါ့မလဲ။ ဒါပေမဲ့ သိမ်းယူဖို့ ကတော့ အပြတ် စီစဉ်နေတာ မလွဲပါဘူး။ သူတို့ ဦးဏှောက်ကို ကျနော်တို့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ ကျနော်တွေးတော သလို မဟုတ်ပါဘူးငြင်းချင်ရင်လဲ ရပါတယ်။ အရိပ်ကတော့ မြင်စပြုနေပါပြီ။ အကောင်ကိုမြင်တတ်ရင် အတတ်ပြောနိုင်ပါပြီ ။

အများကြီးရှိပါတယ်... အဓိက ကျတာလေးပါ။ ကျနော်တို့မသိနိုင် မမြင်နိုင်တာတွေ ရှိပါဦးမယ်။ တရုတ်ပြည်က နိုင်ငံရေးဗျူရိုတွေ မွေးထားတော့ ဘက်ပေါင်းစုံ ဒေါင့်ပေါင်းစုံကနေ အများကြီး စဉ်းစားထားတာ။ ကျနော်တို့လောက်အဆင့်နဲ့က သူတို့မြုပ်ကွက်တွေ နည်းနည်းလေးကိုတောင် သိဖို့ မလွယ်ပါဘူး။

ထားပါ.. မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရသွားမှာ ကမ္ဘာပေါ်မှာ မလိုလားဆုံးသော တိုင်းပြည်ကို ပြပါဆိုရင် နံကြားလက်ထောက် စဉ်းစားမနေနဲ့... ဘယ်နိုင်တွေ ရှိနိုင်ဦးမလဲ ခေါင်းအရှုပ်ခံ စဉ်းစားမနေနဲ့။ မြေကြီးလက်ခတ်တာမှ လွဲသွားနိုင်သေးတယ်။ တရုတ်မှ တရုတ် ...အသေချာဆုံး။ ဘယ်သူဘာပြောချင်သလဲ။ အဲဒီလောက် တရုတ်က ကျနော်တို့ ဒီမိုကရေစီရသွားမှာ မလိုလားတာ သေချာတာမှ သိပ်သေချာ။ ချီးကိုသာမြိုလိုက်ပါဦးမယ်။ ကျနော်တို့ကို ဒီမိုကရေစီ ဘယ်လို မှမရအောင် ဘက်ပေါင်းစုံလုပ်နေမှာပါ။

အဲဒီမှာ ဘာလာဖြစ်သလဲ။ စစ်တပ်ကို ကြမ်းရမ်းပြီး တိုင်းပြည်စုတ်ပြတ်သွားအောင် ကူပြီး ဖျက်ဆီးပေးတော့တယ်။ ပျက်လေ သူတို့ကို အားကိုးရလေ။ ရောဂါရင့်လေ ဆရာကြိုက်လေ။ ရွှေရွှေမျက်ဖြူဆိုက်လေ ယီးစင်းကြိုက်လေ။ အဲဒီလိုကူညီတဲ့အတွက် မမြင်ရတဲ့ကံတရားက ရိုက်တာခံရတော့တာပါဘဲ။

ဒုတိယပိုင်း ဆက်လက်ဖော်ပြပါမည်..
အားလုံးကိုလေးစားလျှက်

လှိုင်မြင့်

more.gif

7 July 2011

နင်းစရာမြေ မရှိတော့တဲ့ ပြည်သူများ


ကန္တာရ၀တီတိုင်းမ် မှ


မော်ချီးမြို့ တောင်ပေါ်ရွာရဲ့ စနေနေ့ ညနေခင်းလေးမှာ နှစ်ခြင်းဘုရားကျောင်းဝင်းအတွင်း ဘာသာဝင် လူငယ်တစ်စုက ရှင်းလင်းရမယ့် မြက်ပင်တွေကို ပေါက်ပြားနဲ့ ပေါက်တဲ့သူကပေါက်၊ လက်နဲ့ နှုတ်တဲ့လူက နှုတ်၊ တစ်ယောက်နဲ့တစ်ယောက် စကားပြော၊ နောက်ပြောင်ကြရင်း ‘ဝုန်း’ ဆိုတဲ့ ပေါက်ကွဲသံ တစ်ခုက ရုတ်တရက် ဖုံးလွှမ်းသွားပါတယ်။

ပေါက်ကွဲသံနဲ့အတူ အသက် ၂၆ နှစ်အရွယ် စိုးမိုး ဆိုတဲ့ ဆူသူအရပ်သား လူငယ်တစ်ယောက်ဟာ ညာခြေထောက် တစ်ဖက် ပြတ်နေတာကို မြင်တွေ့လိုက်ရတယ်လို့ မော်ချီးတောင်ပေါ်ရွာ ဒေသခံ ထူးရယ်က ပြောပါတယ်။
“တနင်္ဂနွေနေ့ ဘုရားရှိခိုးတော့မယ်ဆိုတော့ သူတို့ အဲဒီမှာ စနေနေ့ဆို သူတို့အမြဲတမ်း သန့်ရှင်းရေး လုပ်တယ်လေ။ ခြံဝင်းထဲမှာ ရှည်နေတဲ့ မြက်တွေကို သူတို့ ရှင်းလင်းတာတွေ၊ ဘာတွေ လုပ်ရင်း ခါတိုင်းဆိုတော့ သူတို့ လုပ်တာ မထိဘူး” လို့ ပြောသွားပါတယ်။
တာဝတိသာစခန်း၊ ကျောက်တောင်စခန်း၊ ရှေ့တန်း (တပ်ရင်းရုံး)စခန်း၊ ၂ မိုင် (အမှတ် ၂) စခန်းနဲ့ ၉၄ မိုင် စခန်းအသီးသီးရဲ့ ကိုက် (၃ဝ) အကွာ ဝန်းကျင်အားလုံးကို မြေမြုပ်မိုင်းတွေ ချထားတယ်လို့ ဗိုလ်မှူးကိုကိုဦး ဦးစီးကွပ်ကဲတဲ့ ခလရ ၁၃၄ တပ်ရင်းက တရားဝင်အမိန့် ထုတ်ပြန်ထားပါတယ်။

မော်ချီးရှေ့တန်းရုံးနဲ့ ခြံခြင်းကပ်လျက်လည်းဖြစ်၊ ဘုရားကျောင်းဝင်း အတွင်းမှာလည်း မိုင်းကို လာရောက် ထောင်ထားတဲ့အတွက် မတ်လ ၂၄ ရက်နေ့မှာ အခုလို ဖြစ်ပွားခဲ့တာလို့ ထူးရယ်က ပြောပါတယ်။
“ထိတဲ့အချိန်၊ ပြီးတဲ့အချိန်မှာ သူ့ကို သွားဆွဲမလို့ ဒါပေမယ့် ဟို့စခန်းထဲမှာက သူလှမ်းအော်တယ်။ မသွားကြနဲ့ အများကြီး ရှိသေးတယ်။ သူတို့က အဲလိုမျိုး နအဖတပ်တွေက လှမ်းအော်လို့ တစ်ယောက်မှ မသွားရဲကြတော့ဘူး” လို့ ပြောပါတယ်။


မြေမြုပ်မိုင်း နင်းမိတဲ့ ကိုစိုးမိုးကို မိုင်းထိတဲ့ တစ်ရက်မှာတော့ မော်ချီးပြည်သူ့ဆေးရုံမှာ ထားရှိပြီး နောက်တစ်ရက်မှာ ဖာဆောင်းဘက်ကို ပို့သွားတယ်လို့ သူကပဲ ဆက်လက်ပြောသွားပါတယ်။
“အမှန်ဆိုတော့ အဲဒီနေရာက ထောင်စရာ အကြောင်း မရှိဘူးလေ။ ကရင်နီရဲဘော်တွေ တခါမှ မရောက်ဖူးတဲ့နေရာ၊ သွားလို့ မရတဲ့နေရာ၊ အတွင်းထဲမှာလည်း ဖြစ်တယ်။ ပတ်ပတ်လည်မှာက ကျနော်တို့ ဒေသခံတွေ ဝိုင်းရံထားတယ်လေ” လို့လည်း ပြောပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ မိုင်းအန္တရာယ် ပညာပေး (MRE - Mine Risk Education) အဖွဲ့ရဲ့ ၁၉၇၈ ကနေ ၂ဝ၁၁ ခုနှစ်ထိ စာရင်း ပြုစုထားချက်အရ မြေမြုပ်မိုင်းကြောင့် ကရင်နီပြည်နယ်မှာ ရှိနေတဲ့ ဒေသခံတွေနဲ့ ထိုင်း-ကရင်နီနယ်စပ်မှာ နေထိုင်ကြတဲ့ ပြည်သူ ၅၅ ယောက်ကျော်ဟာ သေဆုံးကြတာရှိသလို၊ ဒုက္ခိတ ဖြစ်သွားကြတဲ့ သူတွေလည်း ရှိပါတယ်။
အမှတ် ၂ ခရိုင် မော်ချီးဒေသမှ မြေမြုပ်မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးသွားခဲ့ရသူ တစ်ဦး (ဓါတ်ပုံ-MRE)
အမှတ် ၂ ခရိုင် မော်ချီးဒေသမှ မြေမြုပ်မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးသွားခဲ့ရသူ တစ်ဦး (ဓါတ်ပုံ-MRE)

“အချက်အလက် ပိုပြည့်စုံတယ်လို့ ပြောရမှာပေါ့။ ကျနော်တို့ ဒုက္ခိတ ဖြစ်တဲ့ လူနဲ့ သေဆုံးသွားပေမယ့် ကျန်ခဲ့တဲ့ သူ့ရဲ့ ဆွေးမျိုးတွေကို အင်တာဗျူး မေးထားတယ်။ အချက်အလက် မပြည့်စုံရင် ကျနော်တို့ မယူဘူး။ စာရင်း မပြုနိုင်တာတွေလည်း ရှိပါသေးတယ်။ ကျနော်တို့ လက်လှမ်းမမှီတဲ့ နေရာတွေလည်း ရှိသေးတယ်” လို့ MRE ဝန်ထမ်းတစ်ယောက် ဖြစ်တဲ့ လေးရယ်စိုးက ပြောသွားပါတယ်။

အများအားဖြင့် အမ် ၁၄ နင်းမိုင်းနဲ့ တိုက်မိုင်းတွေကြောင့် ဖြစ်ပြီး အမှတ် ၂ ခရိုင် မော်ချီးဒေသနဲ့ နယ်စပ်ဒေသက ပိုမိုဖြစ်ပွားတာပါ။

လူတွေတင် မကပါဘူး မကြာသေးမှီက ထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့် အခုအချိန်မှာ ထင်းရူးတောင် စခန်းအနီးတဝိုက်က ရွာသားတွေရဲ့ ကျွဲ၊ နွားတွေ နေ့စဉ် မိုင်းထိမှန်နေကြတယ်လို့ မော်ချီးဒေသခံ တစ်ယောက်က ပြောပြပါတယ်။
အမှတ် ၂ ခရိုင် မော်ချီးဒေသမှ မြေမြုပ်မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးသွားခဲ့ရသူ တစ်ဦး (ဓါတ်ပုံ-MRE) အမှတ် ၂ ခရိုင် မော်ချီးဒေသမှ မြေမြုပ်မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးသွားခဲ့ရသူ တစ်ဦး (ဓါတ်ပုံ-MRE

“မော်ချီးနဲ့ အနီးအနားမှာ ရှိတဲ့ ကော်ဒူဒိုး၊ ဘူးလော်ပယ်၊ လယ်လော်ထိ၊ လိုခါးလိုနဲ့ မောဆာခီး ရွာက ရွာသားပိုင် ကျွဲ၊ နွားတွေဟာ (၂) ရက်တစ်ခါ၊ (၃) ရက်တစ်ခါ မြုပ်ထားတဲ့ မိုင်းတွေ တောက်လျှောက်ထိတယ်။ ကျနော်တို့ ဒေသခံလည်း ဘာမှ ပြောလို့ မရဘူး၊ ဘာမှ မတတ်နိုင်ကြပါဘူး” လို့ ပြောပါတယ်။

မြေမြုပ်မိုင်းတွေကို စစ်အစိုးရတပ်က အထူးသဖြင့် သူတို့ရဲ့ တပ်အခြေစိုက်ရာ စခန်းတိုင်းရဲ့ အနီးတဝိုက်၊ လျှပ်စစ်သွယ်တန်းသွားတဲ့ တာဝါတိုင်အောက်ခြေ အနီးတဝိုက်၊ အနက်ရောင် နယ်မြေလို့ သတ်မှတ်ခံထားရတဲ့ အိုင်ဒီပီတွေ ပုန်းအောင်းနေတဲ့ နေရာဒေသ အနီးတဝိုက်နဲ့ ကရင်နီတပ်မတော်တွေ လှုပ်ရှားနေတဲ့ နယ်မြေဒေသမှာ ထောင်လေ့ရှိပါတယ်။

ကရင်နီတပ်မတော် တပ်ရင်း ၁ က ပြောရေးဆိုခွင့် ရှိတဲ့ စောထီးထာစွေ့ကတော့ “အမှန်တကယ် ပြောရမယ်ဆိုရင်တော့ မိုင်းကို အသုံးပြုတဲ့ နေရာမှာ ကိုယ့်ကိုယ်ကို အကာကွယ်မပေးနိုင်တဲ့ နေရာမှာ ထောင်လေ့ရှိတယ်။ အခုက ဘုရားကျောင်းထဲမှာ ထောင်တယ်။ အဲဒါ နအဖ အဖွဲ့တွေက တမင်သက်သက် လူထုနဲ့ ကျနော်တို့ အဖွဲ့အစည်းကို အမြင်လွဲချော်မှုအတွက် သူတို့ အဖွဲ့အစည်းကပဲ လာထောင်တယ်” ပြောပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းရှိ လောပိတ ရေအားလျှပ်စစ်စက်ရုံ အနီးတဝိုက်မှာပင် စစ်အစိုးရမှ မြေမြုပ်မိုင်းပေါင်း ၁၈ဝဝဝ ခန့်ထောင်ထားပြီး ထိုင်း-ကရင်နီ နယ်စပ်တလျှောက်မှာမူ မြေမြုပ်မိုင်းပေါင်း ၂ဝဝဝ ကျော်တယ်လို့ ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ (KDRG) အဖွဲ့မှ ပြုစုထားချက်အရ သိရပါတယ်။

ကရင်နီတပ်မတော် ရှေ့တန်းစခန်း တစ်နေရာမှာ ထွက်ပြေးလာခဲ့ကြတဲ့ စစ်အစိုးရ တပ်သားတွေရဲ့ ပြောပြချက်အရ တပ်ချိန်းတဲ့ အချိန်မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မိုင်းထောင်ထားတဲ့ နေရာကို အကုန်မပြနိုင်တာက တကြောင်း၊ ပြနိုင်ခဲ့ပေမယ့် လိုက်လံထိန်းသိမ်းတာတွေ မလုပ်နိုင်တဲ့အတွက် စွန့်လွတ်မိုင်း အမြောက်အများ ရှိနေသေးတယ်လို့ ပြောပါတယ်။

KDRG အဖွဲ့တွေရဲ့ ခန့်မှန်းထားချက်အရ ကရင်နီပြည်မှာ မြေမြုပ်မိုင်း အလုံးပေါင်း (၁) သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအရေအတွက်ဟာ ကရင်နီမှာ ရှိနေတဲ့ လူဦးရေ (၃) သိန်းရဲ့ ထက်ဝက်မှာ ရှိနေတဲ့အတွက် လူတွေရဲ့ သွားလာလုပ်ကိုင်စားသောက်ရေးမှာ လွန်စွာမှ ဒုက္ခရောက်နေကြရပါတယ်။

မော်ချီးဒေသက ပြည်သူတွေဟာ တောင်ယာလုပ်ငန်း၊ ဖလာစိုက်ပျိုးရေးလုပ်ငန်း၊ ခဲတူးဖော်ရေး လုပ်ငန်းနဲ့ ဝမ်းစာရေးအတွက် အလုပ်လုပ်ကြရပါတယ်။

အခုလို ကျေးရွာအပြင်မှာသာမကပဲ အတွင်းထဲမှာပါ မိုင်းလာထောင်ထားတော့ ကျနော်တို့ အသက်ရှင်ဖို့ ဘယ်လိုလုပ်ကိုင်စားသောက်ရမလဲဆိုတာ ကျနော်တို့လည်း မစဉ်းစားတတ်တော့ဘူးလို့ မော်ချီးတောင်ပေါ်ရွာ ဒေသခံ တစ်ယောက်ဖြစ်တဲ့ ထူးရယ်က ဘာကိုမှ မစဉ်းစားတတ်တော့တဲ့ လေသံနဲ့ ပြောသွားပါတယ်။




more.gif

28 June 2011

သမိုင်းရေးမဲ့ ဒို့ရဲ့လက်များ



သမိုင်းရေးမဲ့ ဒို့ရဲ့လက်များ



သမိုင်းရေးမဲ့ ဒို့ရဲ့လက်များ

M. ထက်ခေါင်
ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးတွင် ဒေါ်အောင်ဆန်းစုကြည် ကိုးကားဖော်ပြထားသော စာပိုဒ်ကလေးတခုကို သဘောကျ သည်။ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော မိန့်ခွန်းစကားကို ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်သည်။
… … မိမိကိုယ်မိမိ တော်လှန်ရေးသမားဟု ယူဆပြီး မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ပြဿနာများကို အဖြေရှာရာ၌ မနေမနား ကြိုးစားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းက “သတ္တိ ဗျတ္တိ ရှိသူများကိုသာ အားမကိုးမူ၍ လူတိုင်းလူတိုင်းပင် မိမိတို့ကိုယ်တိုင် သတ္တိ ဗျတ္တိ ရှိသော သူရဲကောင်းများဖြစ်အောင် စွန့်စားရပေလိမ့်မည်။ သို့မှသာလျှင် ကျနော်တို့အားလုံး လွတ်လပ်ရေးအစစ်ကို ခံစား ခွင့်ရကြပေလိမ့်မည်”ဟု ပြောဆိုခဲ့ပါသည်။ (အလယ်ပစ္စယံ ညီလာခံမိန့်ခွန်း၊ ၂၀-၁-၄၆)
ဗမာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းဖို့ရန်နှင့် စစ်မှန်သော လွတ်မြောက်ငြိမ်းချမ်းရေးကို ရရှိဖို့ရန်အတွက် လူတိုင်းပင် သတ္တိ ဗျတ္တိ ရှိသော သူရဲကောင်းများအဖြစ် မိမိတို့ကိုယ် မိမိတို့ ခံယူကာ ပါဝင်ဆောင်ရွက်ကြဖို့ ဗိုလ်ချုပ်က နှိုးဆော်ခဲ့ခြင်း ဖြစ်သည်။ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး ဆောင်းပါးမှာ ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆု မရမီအချိန်က ရေးသားခဲ့သော ဆောင်းပါး ဖြစ်၏။ သူမ ဖခင်နှင့် ပတ်သက်၍လည်းကောင်း၊ ဗမာပြည်နိုင်ငံရေးနှင့် ပတ်သက်၍လည်းကောင်း ရေးသားခဲ့သမျှ ဆောင်းပါး အချို့ကို ပေါင်းချုပ်ကာ စာအုပ်အဖြစ် ထုတ်ဝေလိုက်ပြီးသည့်နောက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထိုစာအုပ်အတွက် ကမ္ဘာ က ငြိမ်းချမ်းရေးနိုဗယ်ဆု ချီးမြှင့်ခဲ့သည်။ ဆုများထဲတွင် အမြင့်ဆုံးဖြစ်သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုကို ရရှိလိုက်သည်မှာ ဂုဏ်ယူဖွယ်ရာပင် ဖြစ်သည်။ သို့ရာတွင် ထိုဆုကို လက်ခံလိုက်ရသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖခင်ဗိုလ်ချုပ် ပြောခဲ့ သလိုစကားမျိုး လူထုကို ပြောဆို၍ မရတော့ချေ။ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုက သူ့နှုတ်ကို ချုပ်ထိန်းထားလိုက်ပြီ ဖြစ်သည်။ ဖိနှိပ်အနိုင်ကျင့်သူကို တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး အုံကြွတွန်းလှန်ရေး တိုက်တွန်းသည့် စကားများအစား နိုင်ငံရေး ပြဿနာများကို ငြိမ်းချမ်းစွာ အဖြေရှာရေး စကားများသာ ပြောဆိုနေရတော့မည် ဖြစ်လေသည်။

ယခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအပေါ် အားမလိုအားမရ ဖြစ်ခဲ့ရာမှ သူမ၏ လက်ရှိ အနေအ ထားကို သိမြင်ကာ သူမအပေါ် နားလည်မှုပေးနိုင်ကြသူတွေ အတော်အတန် ရှိလာပြီဖြစ်သည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစု ကြည်၏ စကားအချို့ကို ကိုယ်လိုရာ ဆွဲယူကိုးကားပြီး စစ်အုပ်စုအား ကာကွယ် တွန်းလှန် တိုက်ခိုက် ဖြိုဖျက်လိုသည့် လူထု၏ စိတ်ဓာတ်ကို လမ်းလွဲသို့ ပို့ဆောင်နေသော စစ်အုပ်စု သူလျှိုဒလံများနှင့် စစ်အုပ်စုလက်အောက် ရသလောက် အခွင့်အရေးက လေးများယူပြီး ဒီမိုကရေစီနိုင်ငံအဖြစ် တဖြည်းဖြည်း ပုံဖော်ပြောင်းလဲနိုင်ရေး၊ လိုအပ်သော ရပိုင်ခွင့် အခွင့်အရေးများကို စစ် အုပ်စုထံမှ ချော့မော့ ဆွေးနွေး ညှိနှိုင်း တောင်းဆိုစေလိုသည့် ပြည်တွင်းပြည်ပ နိုင်ငံရေးကလိန်ခြုံများ၏ အပြောအဆို အရေး အသားတွေ မီဒီယာထဲမှာ ပလူပျံနေတာကတော့ မလိုလားဖွယ်ပင် ဖြစ်၏။

လက်နက်အားကိုး မတရား ဖိနှိပ် အုပ်ချုပ်နေသော စစ်အုပ်စုအား ပြန်လည်တွန်းလှန်မည့်သူများကို မိုက်ရူးရဲလုပ်မည့်သူများအ ဖြစ် ပြောဆိုနေကြသူတွေအနေဖြင့် ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး ဆောင်းပါးတွင်ပင် ပါရှိသော ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအမြင်ကို သတိတရ စဉ်းစား ဆင်ခြင်ဖို့ရန် လိုအပ်သည်။
“… မွေးရာပါ လူ့ဂုဏ်သိက္ခာနှင့် မိမိကိုယ်မိမိ လေးစားမှုတို့ကို မဆုံးရှုံးရလေအောင် ထိန်းသိမ်းကာကွယ်ရာတွင် အထောက်အ ကူ ဖြစ်စေသော သတ္တိပြသည့် နေ့စဉ် လုပ်ရပ်ကလေးများက အချည်းနှီးပင်ဖြစ်သည် သို့မဟုတ် အရာမရောက်သော လုပ်ရပ် ဖြစ်သည်၊ အရမ်းကာရော လုပ်သည်၊ မိုက်မဲခြင်းဖြစ်သည် စသည်ဖြင့် ပြစ်တင်ရှုံ့ချကာ မိမိကပင် ဘ၀ပေးအသိဥာဏ် ရှိသကဲ့ သို့ ဟန်ဆောင်ခြင်းသည် တိတ်တခိုး အန္တရာယ်ပေးသည့် အဆိုးဝါးဆုံးသော ကြောက်ရွံ့မှုမျိုးပင် ဖြစ်ပါသည်။ …”

ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးမှာ လူထုကို အကြောက်တရားမှ ဆွဲထုတ်ပြီး မှန်ကန်သော လမ်းကြောင်းပေါ်တွင် တည့်မတ် ခိုင်ကျည်စွာ ရပ်တည်နိုင်ရေး၊ ဖိနှိပ်သူများအား တွန်းလှန်ကာကွယ်နိုင်ရေး ခွန်အားပေးမှုများနှင့် သူရဲဘောကြောင်သောဘ၀မှ ကင်းလွတ်ရေး ကောက်နှုတ်ကိုးကားစရာ အချက်အလက် အများအပြားပါရှိသော ဆောင်းပါးတပုဒ်ဖြစ်၍ ကြောက်တတ်သူများ အနေဖြင့် အလွတ်ကျက်မှတ် အာဂုံဆောင်ထားဖို့ရန် သင့်လှပေသည်။

ယခုလ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ကျူးကျော်ဖိနှိပ်သူ စစ်အုပ်စုအား တိုက်ခိုက်နေသည့် တိုက်ပွဲသတင်းများအ ကြားမှပင် ဒီကေဘီအေနှင့် ကေအဲန်ယူတို့၏ စစ်အုပ်စုကို တွန်းလှန်နေသော တိုက်ပွဲသတင်းများက ကြိုးကြားကြိုးကြား ပေါ် ထွက်နေ၏။ ကေအဲန်အယ်လ်အေ ဗိုလ်မှူးကြီးဂျိုးဆွာ(Col. Joshua)၊ ဒုဗိုလ်မှူးကြီးတင်လှိုင်၊ ဒီကေဘီအေ ဒုဗိုလ်မှူးကြီးမိုရှေး နှင့် ဗိုလ်မှူးချုပ်နှုတ်ခမ်းမွှေးတို့ ပူးပေါင်းကာ စစ်ရေးအရှိန်မြှင့်မည့် အစီအစဉ်များကိုလည်း ကြားသိရ၏။

နယ်ခြားစောင့် BGF တပ်ရင်း(၁၃)ရင်းမှ ၄ရင်းက မြိုင်ကြီးငူဆရာတော်၏ မိန့်မှာမှုဖြင့် ဒီကေဘီအေအဖြစ် ပြန်လည် အသွင် ပြောင်းကာ မြိုင်ကြီးငူမှာ တပ်စွဲထားကြောင်း၊ ရန်သူ့တပ်ရင်းအချို့က ၎င်းတို့ကို တိုက်ဖို့ပြင်နေကြောင်း သတင်းများကိုလည်း ကြားကြရသည်။ ၎င်းတို့အနေဖြင့် ရန်သူလာအတိုက်ကို စောင့်မနေဘဲ နယ်မြေကျွမ်းကျင်သူများပီပီ ရန်သူကို လမ်းမှနေ၍ ဆီး ကြိုတိုက်ခိုက် ချေမှုန်းလိုက်နိုင်မည်ဆိုလျှင် လူထုအတွက်ကော ကရင့်တော်လှန်ရေးအတွက်ပါ မင်္ဂလာရှိသော သမိုင်းဝင် သတင်းကောင်းများ ဖြစ်လာပေလိမ့်မည်။

လွန်ခဲ့သော လများအတွင်း ကေအဲန်ယူနှင့် ဒီကေဘီအေတို့၏ စစ်အုပ်စုကို အမှည့်ခြွေ ခြွေသော တိုက်ပွဲပေါင်း သုံးရာ့ငါးဆယ် ကျော်တွင် စစ်အုပ်စုဘက်မှ ၆၀၀ကျော် သေဆုံးကြောင်း၊ ကေအဲန်အယ်လ်အေနှင့် ဒီကေဘီအေက သွားရောက်တိုက်ခိုက် သည်ဖြစ်စေ၊ စစ်အုပ်စုဘက်က လာ၍တိုက်သည်ဖြစ်စေ စစ်အုပ်စုဘက်ကချည်း သေကြေဆုံးရှုံးမှုများ ဖြစ်နေသည်ကို မယုံ ဘူးဟုဆိုကာ အင်တာနက်ထဲမှာ ဆဲရေးနေသူတွေ ရှိသည်။ မယုံသူတို့အနေဖြင့် လက်တွေ့ စမ်းသပ်ကြည့်နိုင်မည် ဖြစ်သည်။

အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီအရေးတို့အတွက် ကိုယ့်အသိနှင့်ကိုယ် တိုက်ပွဲဝင်သော တော်လှန်ရေးသမား၏ စိတ် ဓာတ်နှင့် စစ်အုပ်စုလက်အောက် ခိုင်းသမျှလုပ်သည့် ကြေးစားသမားစိတ်ဓာတ်၊ ကျွန်သပေါက်စိတ်ဓာတ်တို့မှာ ကွာခြားသည်။ လက်နက်ကိုင်ပြီး ပစ်ခတ်တတ်သည့် အရည်အချင်းမှာလည်း ကွာခြားသည်။ စစ်အုပ်စု လက်အောက်ခံတပ်များလို လက်နက် ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ပြီးမှ တက်လာရဲကြသူတွေ မဟုတ်။ ရန်သူ့အနားကို ရောက်အောင်သွားပြီး ပစ်ခတ်တတ် ကြသူတွေ၊ ရန်သူ့လာလမ်းမှ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းကာ ၁၅ပေ၊ ပေ ၂၀ အကွာအဝေးလောက်အရောက်မှာမှ ချက်ပိုင် ပိုင် ပစ်ခတ် ရှောင်တိမ်းတတ်ကြသူတွေ တော်လှန်ရေးနယ်ထဲမှာ အများအပြား ရှိသည်။ စစ်တိုက်ခြင်းမှာ လူမိုက်အလုပ်မ ဟုတ်။ ဒေါသတကြီး သူသေကိုယ်သေ ဘက်ပြိုင်ရန်ဖြစ်ရမည့် အလုပ်မဟုတ်။ သူ့ကိုသာ သေစေပြီး ကိုယ်မသေဘဲ ရှင်ကျန် ရစ်အောင် တိုက်ခိုက်ရသည့်အလုပ် ဖြစ်သည်။

စစ်အုပ်စု၏ ကျူးကျော်စစ်ပြုမှုကို တားမြစ်သော ကချင်တို့နှင့် တရားမဲ့ ကျူးကျော်သူတို့၏ တိုက်ပွဲသတင်းများ ကြားရသည်မှာ နှလုံးနာဖွယ် ဖြစ်သည်။ ပြည်သူ့တပ်မတော် မဟုတ်ဘဲ စစ်အုပ်စု လက်အောက် ကြိုးဆွဲခိုင်းစေသမျှ လုပ်ကိုင်နေသော စစ်ယူနီ ဖောင်းဝတ် သူခိုးဓားပြများပီပီ လက်နက်မဲ့ ကချင်အရပ်သားလူထုကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်သည့် သတင်းများ၊ ကချင် အမျိုးသမီးများကို ပြုကျင့်စော်ကားပြီး သတ်ဖြတ်သည့် သတင်းများကို ကြားရသည်။ အပစ်အခတ်ရပ်ဆိုင်းပြီး သုံ့ပန်းလဲလှယ် ရာတွင်လည်း နယ်မြေတွင်း ကျူးကျော်လာ၍ ကချင်က ဖမ်းဆီးထားသော စစ်အုပ်စုအရာရှိနှစ်ဦးကို အကောင်းပကတိအတိုင်း ပြန်လွှတ်ပေးကာ စစ်အုပ်စုကမူ ကချင်စခန်းတခုအတွင်း ၎င်းတို့ ၀င်ရောက်ဖမ်းဆီးသွားသူအား နှိပ်စက်သတ်ဖြတ်ပြီးမှ အလောင်း ပြန်ပို့ပေးခဲ့သည့် အဖြစ်တွေ ရှိသည်။ စစ်သည်တော် ကျင့်ဝတ်အရသော်လည်းကောင်း၊ လူ့ကျင့်ဝတ်အရသော် လည်းကောင်း မည်သို့မျှ လက်မခံနိုင်သည့် အပြုအမူမျိုးကို ပြုကျင့်သူများသည် ၎င်းတို့အရာရှိများကို ပြန်ရအပြီးမှာပင် ကချင် စခန်းကို လက်နက်ကြီးအလုံးပေါင်း ရာထောင်ချီလျက် ပစ်ခတ်ကာ သိမ်းယူခဲ့ကြသည်။

စစ်အုပ်စု၏ သတင်းစာများထဲတွင်မူ ကချင်က စတင် ပစ်ခတ်သောကြောင့် တိုက်ပွဲဖြစ်ရကြောင်း၊ တံတားများကိုလည်း ကချင် သောင်းကျန်းသူများက ဖျက်ဆီးခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် တိုက်ခိုက်လိုစိတ်မရှိကြောင်း၊ လျှပ်စစ်စီမံကိန်းကို ကာကွယ်လို စိတ်တခုတည်းဖြင့်ပင် ကချင်တို့ကို မလွဲမရှောင်သာ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း အသံကောင်းဟစ် ကြေညာခဲ့သည်။ ထိုကြေ ညာချက်နှင့် ရှေ့နောက်မညီသော လုပ်ရပ်မှာ သံလျင်တွင် ကျောင်းတက်နေကြသော ကချင်ကျောင်းသားကျောင်းသူများကို ကချင်ပြည်သို့ပြန်ရန် နှင်ထုတ်ခြင်း ဖြစ်သည်။ လျှပ်စစ်စီမံကိန်းကို ကာကွယ်လို၍ တိုက်သည်ပင်ဖြစ်စေ၊ ကချင်ဒေသကို စိုးမိုး လို၍ တိုက်သည်ပင်ဖြစ်စေ၊ လက်နက်ကိုင် ကာကွယ်တိုက်ခိုက်နေသော ကချင်တပ်များကိုသာ တိုက်ရမည် ဖြစ်သည်။ အရပ် သားလူထုနှင့် ကျောင်းသားကျောင်းသူများကို ပိတ်ပင် နှောက်ယှက် ဒုက္ခပေးစရာ မလိုချေ။

ကချင်ဒေသမှာသာမဟုတ်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ ပအိုဝ်း စသော တိုင်းရင်းသားတို့၏ ဒေသများမှာပါ စစ်အုပ်စု လက်ကိုင်တုတ် တပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အနှံ့အပြား ကြားသိကြရမည် ဖြစ်သည်။ စစ်အုပ်စု၏တပ်က ဘယ်ရွာသူ ဘယ် ရွာသားတွေကို ဘယ်နေရာမှာ ဘယ်လို ကူညီဆောင်ရွက်ပေးလိုက်သည် ဆိုသောသတင်းမျိုး၊ ဒုက္ခကြုံနေရသော ဘယ်နယ် က ဘယ်အမျိုးသမီးကို ဘယ်လိုအကြပ်အတည်းကနေ တပ်မတော်သားများက ကယ်ထုတ်လိုက်သည်ဆိုသော သတင်းမျိုး တွေကို မည်သည့်အခါကမျှ မကြားကြရ။ ၎င်းတို့ ဘယ်နေရာတွင် ဘယ်သူတွေကို ဘယ်လိုသတ်ဖြတ်သည်၊ ဘယ်ရွာက ဘယ်မိန်းကလေးတွေကို ဘယ်လိုပြုကျင့်စော်ကားသည်၊ ဘယ်လူထုကို ဘယ်လိုနှိပ်စက်သည်၊ အကြပ်ကိုင်၍ အဓမ္မ လုပ်အား ပေး ခေါ်ယူသည်၊ ပေါ်တာဖမ်းသည်၊ မထမ်းနိုင်သူကို သတ်ပစ်သည် စသည့် သတင်းမျိုးတွေကိုသာ ကြားကြရမည် ဖြစ်သည်။

၎င်းတို့တပ်များ အပစ်အခတ်ခံရ၍ ကျေးရွာလူထုကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် သတင်းများ၊ တော်လှန်ရေး အဖွဲ့အ စည်းများကို အပုပ်ချ နာမည်ဖျက်လို၍လည်းကောင်း၊ လူထုကို အထိတ်တလန့် ဖြစ်စေရန်အတွက်လည်းကောင်း၊ ၎င်းတို့အ ပေါ် လူထုက အားကိုးလာစေလို၍လည်းကောင်း မြို့နေလူထုများအတွင်း ဗုံးထောင်ဖောက်ခွဲသောကြောင့် အပြစ်မဲ့ ပြည်သူအ ချို့ သေဆုံးရသည့်သတင်းများ၊ ၎င်းတို့ အရာရှိများနှင့် ကြံ့ဖွံ့အဖွဲ့များ ကင်းဝေးရာ လူမနေသော အိမ်များတွင် ဖောက်ခွဲသည့် သတင်းများကိုလည်း ကြားကြရသည်။ ဗုံးကိစ္စမှာ ၎င်းတို့လက်ချက်သာဖြစ်မှန်း လူထုက သိ၏။ လူထုကို ၎င်းတို့ သတ်ဖြတ်ခဲ့ ပေါင်း မနည်းတော့ပြီ။ မဝေးတော့သောအချိန်တွင် အနုမြူလက်နက်၊ ဓာတုလက်နက်များဖြင့်ပါ သတ်ဖြတ်ဖို့ ရှိလေသည်။

၎င်းတို့၏ အပြုအမူ လုပ်ရပ်များမှာ အရှုံးသမားတို့၏ အကျင့်စရိုက်ကို ဖော်ပြနေသည့် လုပ်ရပ်များပင် ဖြစ်၏။ အရှုံးနှင့် မကြာခ ဏ ကြုံရသောသူသည် ညစ်၏။ ကောက်ကျစ်ဥာဏ်တွေ သုံးတတ်၏။ မဆိုင်သူများကိုပါ ရန်ရှာတတ်၏။ သဘောထား သေး နှုတ်၏။ ရှုံးပါများသူတွေမှာ စိတ်ဓာတ်ကအစ အောက်တန်းကျသူများ ဖြစ်လာပြီး ညစ်ဖို့ရန်သာ အမြဲတစေ ကြံစည်လုပ်ကိုင်နေ တတ်လေသည်။ ၎င်းတို့ အရှုံးကြီးရှုံးရမည့်အချိန်သည် မဝေးတော့ပြီ ဖြစ်၏။

(၂)
“စစ်ရေးကို စစ်နည်းနဲ့ ပြန်တိုက်လို့ အောင်မြင်ရင်တောင်မှ စစ်နည်းရဲ့ အောင်မြင်ခြင်းပဲလို့ မြင်မိပါတယ်” လွန်ခဲ့သော နှစ်လ သုံးလခန့်က ဗုဒ္ဓဟူးနေ့ တိုက်ရိုက်လေလှိုင်း အစီအစဉ်မစမီ ဒေါ်အောင်ဆန်းစုကြည်ထံ စာဖြင့် မေးမြန်းမှုများကို ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် ပြန်လည် ဖြေကြားခဏ်း၌ စစ်အုပ်စု၏ အနှောက်အယှက် အကန့်အသတ်များကြားမှ ဒုတိယပင်လုံ ဖြစ် မြောက်ရေး ကြိုးပမ်းဆောင်ရွက်မည့်အစား ဒုတိယ ဘီအိုင်အေတပ် ဖွဲ့စည်းဖို့ရန် တိုက်တွန်းတင်ပြသော လူငယ်တဦး၏ အမေးကို ပြန်လည်ဖြေကြားသည့် ဒေါ်အောင်ဆန်းစုကြည်၏ စကားဖြစ်သည်။

ထိုစကားကို ဘ၀င်မကျ။ ထိုစကားအရဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံရေးနည်းလမ်းသက်သက်ဖြင့်သာ အောင်ပွဲရယူလိုဟန် ရှိနေသည်။ လက်နက်မဲ့ နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး တောင်းဆိုဆောင်ရွက်သူများ၊ အကြမ်းမ ဖက် ဆန္ဒပြလှုပ်ရှားသူများအား မြို့လည်ခေါင်မှာပင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်တို့က ရုပ်ပျက်ဆင်းပျက် ဖမ်းဆီး ကားပေါ်တင်ကာ နှစ်ရှည်ထောင်ဒဏ်များချလျက် ကိုယ်စိတ်နှလုံး ဆင်းရဲပင်ပမ်းစေရန် နှိပ်စက်ခံခဲ့ရ၊ နှိပ်စက်ခံနေရသည့် အဖြစ်များကို မမေ့ဖို့ လိုသည်။

ယခု စစ်အုပ်စုသည် နိုင်ငံရေးသမားများကို ယုံကြည်လေးစားကြသူတွေ မဟုတ်။ တိုင်းပြည်ကောင်းကျိုး တကယ်တမ်း ဆောင် ရွက်မည့် နိုင်ငံရေးသမားတွေအတွက် နေရာမရှိ။ ၎င်းတို့ကို နိုင်ငံရေး သံတမန်ရေး နည်းလမ်းများအရ ကမ္ဘာ့နိုင်ငံကြီးများက ဖိ အားပေး ပိတ်ဆို့မှုများ လုပ်သောကြောင့် ကြုံတွေ့နေရသည့် အကြပ်အတည်းမှ ကာကွယ်ပြောဆိုပေးမည့် နိုင်ငံရေးသမားများ နှင့် ၎င်းတို့ ဆက်လက် ကောင်းစားရေး ထောက်ကူပေးမည့် နိုင်ငံရေးသမားတွေကိုသာ လက်သပ်မွေး နေရာပေးလိုကြမည် ဖြစ်သည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး ဖြေရှင်းရန် ကြိုးပမ်းကမ်းလှမ်းမှုများကို လက်မခံဘဲ လက်နက်အား ကိုး စစ်ရေးနည်းဖြင့် ထာဝရ အာဏာတည်မြဲလိုသူ၊ အာဏာကို အဓမ္မ ချုပ်ကိုင်ထားသူများအား ၎င်းတို့ လေးစားအရေးထား သော စစ်နည်းဖြင့်ပင် ပြန်လည် ယှဉ်ပြိုင် အနိုင်ယူနိုင်မှသာ နိုင်ငံရေးပြဿနာ ပြေလည်နိုင်လိမ့်မည် ဖြစ်သည်။ စစ်ရေးသည် နိုင်ငံရေး၏အဆက်ဖြစ်သည် ဟူသောစကားကို မမေ့သင့်။ စစ်ရေးမပါရှိသော နိုင်ငံရေးမှာ စွန့်လွှတ် စွန့်စားမှုမရှိ၊ သက်စွန့်ဆံ ဖျား ကြိုးပမ်းအားထုတ်ရမှုလည်း မရှိ၊ အောင်ပွဲ၏ အနှစ်သာရလည်း မရှိနိုင်ချေ။ တော်လှန်ပြောင်းလဲလိုသူတို့အနေဖြင့် နိုင်ငံ ရေးနည်းကိုကော စစ်ရေးနည်းကိုပါ ဆုပ်ကိုင်ကျင့်သုံးရမည်သာ ဖြစ်လေသည်။

ရန်သူကို မတွန်းလှန် မဆန့်ကျင်ရဲဘဲ သူရဲဘောကြောင်စွာဖြင့် လူယဉ်ကျေးယောင်ဆောင်ကာ ငြိမ်းချမ်းစွာ အဖြေရှာရေးကို သာ စွဲကိုင်နေမည်ဆိုလျှင် သမိုင်းကြောင်း၌ ပြက်ရယ်ပြုခံရသူတွေသာ ဖြစ်သွားနိုင်သည်။

ယခုကိစ္စက ကချင် ရေကာတာ ကိစ္စတခုတည်းအတွက် မဟုတ်။ ရှမ်းတမျိုးသားတည်း၏အရေးလည်း မဟုတ်။ ကရင်၊ ကရင်နီ၊ ရခိုင်၊ မွန်၊ ချင်း၊ ပအိုဝ်းတို့၏ တိုင်းရင်းသား ရပိုင်ခွင့်အရေးသက်သက်လည်း မဟုတ်။ တပြည်လုံးအနှံ့ ကျွန်ပြုစော် ကားခံ၊ လယ်ယာမြေသိမ်းဆည်းခံ၊ အဓမ္မစစ်သား စုဆောင်းခံ၊ ကျွန်ပြုခံ၊ အဓမ္မခိုင်းစေခံ၊ စစ်မှန်သော တရားဥပဒေ စိုးမိုးမှုမရှိ၊ အမှန်က အမှားဖြစ်၊ အမှားတွေကို အမှန်လုပ်၊ အမှုဆင် ဖမ်းဆီး နှိပ်စက်၊ သေနတ်ပြောင်းအောက်က တရားစီရင်ရေးများဖြင့် မြန်မာအမျိုးသားများပါမကျန်၊ တိုင်းပြည်နှင့်အ၀ှမ်း ရင်ဆိုင်နေရသော စစ်ကျွန်ဘ၀မှ လွတ်မြောက် ငြိမ်းချမ်းရေးအတွက် စစ် အုပ်စုကို တွန်းလှန်ကြရတော့မည် ဖြစ်၏။ ၎င်းတို့ကို မတွန်းလှန် မကာကွယ်နိုင်လျှင် ရှေ့လျှောက် ပိုမိုဖိနှိပ် အရေးယူမှုများနှင့် ကြုံကြရမည် ဖြစ်သည်။ တဆွေလုံးတမျိုးလုံး အဖွဲ့အစည်းတခုလုံး မီးလောင်တိုက် အသွင်းခံရမည့်အရေးသာမက လူထု၏ လယ်ယာခြံမြေ အသက်အိုးအိမ် စည်းစိမ်များပါ ထိပါးနှောက်ယှက်ခံနေရမည် ဖြစ်လေသည်။

၎င်းတို့ကို မတွန်းလှန်ချင်၍ မရ။ ယှဉ်ပြိုင်တိုက်ခိုက်ရေးကို သတ္တိကြောင်စွာ ရှောင်လွဲ၍ မရ။ သူရဲဘောနည်းသူများအဖြစ် ရန်သူရေးမည့် သမိုင်း၌ မျက်နှာပြောင်စွာ ကမ္ဗည်းအထိုးခံကြမည်လား၊ ကိုယ့်သမိုင်းကို ကိုယ် ကိုယ်တိုင်ရေးကြမည်လား။ ကိုယ့်သမိုင်းကို ကိုယ်တိုင်တည့်မတ်စွာ ရေးလိုသူတို့အနေဖြင့် ရရာလက်နက်စွဲကိုင်ပြီး စစ်အုပ်စုကို ညီညီညွှတ်ညွှတ် တွန်း လှန်တိုက်ခိုက်ကြရမည် ဖြစ်၏။ မတော်လှန်ရဲသူတွေ၏ သမိုင်းကတော့ လှပနိုင်လိမ့်မည် မဟုတ်။ ကြိုးဝိုင်းထဲ ရောက်နေသူ များအဖို့ ထိုးမလား အထိုးခံမလား၊ ရေထဲရောက်နေသူအဖို့ ကူးမလား အနစ်ခံမလား၊ ရွေးရမည့်လမ်းကတော့ နှစ်သွယ်ပဲရှိ သည်။ အရှုံးပေးအညံ့ခံသမားများ၊ အမျိုးသားသစ္စာဖောက်များ၊ သွေးကြောင်သူများအဖြစ် သားစဉ်မြေးဆက် ဘ၀မဆုံးသင့်။

(၃)
ကချင်အဖွဲ့ကို နယ်ခြားစောင့်လုပ်ဖို့ရန် ဖိအားပေး၊ နောက်ဆုံးနေ့ရက်များ သတ်မှတ်ပြီးနောက်၊ ထိုနေ့ရက်အလွန်တွင် ကချင် ကို နယ်ခြားစောင့်တပ် လုပ်လိုလျှင်လည်း လက်မခံ၊ လက်နက်ချရေးကိုသာ လက်ခံမည်ဟု ပြောခဲ့သူမှာ အရေခြုံသမ္မတ သိန်း စိန် ဖြစ်၏။ ရွေးကောက်ပွဲ မကျင်းပမီ လအနည်းငယ်ကလည်း ဂျိန်းဖော ကချင်နှင့် ရ၀မ်တို့ကို သွေးခွဲစကားပြောကာ ကချင် ပြည်သား အချင်းချင်း ပြန်လည်တိုက်ခိုက်ပြီး ကချင်ဒေသ သွေးချောင်းစီဖို့ရန် ဂုံးချောလှုံ့ဆော်ခဲ့သူမှာလည်း သိန်းစိန်ပင် ဖြစ် ၏။ သိန်းစိန်၏ အပြောအဆိုများမှာ ဗိုလ်သန်းရွှေ၏ သဘောထားကို ထင်ဟပ်ဖော်ပြနေသည့် သန်းရွှေ လက်အောက်ခံ အ ပြောအဆိုများသာ ဖြစ်၏။ ၎င်း၏ သကာဖုံး မိန့်ခွန်းစကားများအပေါ် မည်သို့မျှ နားယောင်နေစရာ မရှိ။

ဗမာပြည်၏ အပြောင်းအလဲကို ပြည်တွင်းကသာ အဓိက စတင် ဖော်ဆောင်ကြရမည် ဖြစ်သည်။ ပြည်သူလူထုဘက်က မိမိတို့ ရပိုင်ခွင့် အခွင့်အရေးများအား တိုက်ပွဲဝင် တွန်းလှန်ကာကွယ်ရေး ဆုံးဖြတ်ချက် မကျကြသေးသော်လည်း လူထုအပေါ် ရန်သူ လို သဘောထားသော စစ်အုပ်စုကမူ အစစအရာရာ ကြိုတင်ပြင်ဆင်ပြီး ဖြစ်နေ၏။ စစ်ရေးအရ သင်္ဘောများ အလွယ်တကူ ၀င်ရောက်မှု မပြုနိုင်သည့်နေရာကိုရွေးကာ နေပြည်တော် လုပ်ထား၏။ မီဇိုင်းဒုံးကျည်နှင့် ဓာတုလက်နက်များကို မြောက်ကိုရီး ယား အကူအညီဖြင့် ထုတ်လုပ်နေပြီး အနုမြူလက်နက်အထိ တက်လှမ်းထုတ်လုပ်ရန် ကြိုးပမ်းနေ၏။ အရေးကြုံက မိသားစု လိုက် ရှောင်တိမ်းပုန်းခိုနိုင်ရန် ဥမင်လှိုဏ်ခေါင်းများလည်း တူးထား၏။ လူထုကို မညှာသလို သူ့လက်ကိုင်တုတ်တပ်ကိုလည်း မညှာချေ။ မရှုနိုင်မကယ်နိုင် အခြေအနေတွင် ကိုယ်လွတ်ရုန်းရန်အတွက် တရုတ်ပြည်မှာ အိမ်အချို့ကိုလည်း ဒေါ်လာသန်း ရာ နှင့်ချီပေး၍ ၀ယ်ယူထား၏။ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူများ အပါအ၀င် တိုင်းပြည်တပြည်လုံး မီးဟုန်းဟုန်းတောက်၍ ပျက်စီးသွားမည်ဆိုသည့်တိုင် ၎င်းတို့က နေသာသပ လေညာက အဖြစ်မျိုး အေးအေးလူလူ နေနိုင်ရန်အတွက် စီစဉ်ထားခြင်း ဖြစ်၏။

တိုင်းရင်းသားတို့ ပြည်နယ်များ၊ တောတောင်ဒေသများနှင့် ကျေးရွာများမှာသာမက မြို့ပြလူထုကိုပါ တိုက်ခိုက်နှိပ်ကွပ်နိုင်ရေး မြို့ပြတိုက်ပွဲများအတွက် ဒုအရာခံဗိုလ်နှင့် အရာခံဗိုလ်အချို့ကို မြိတ်ခရိုင် ပုလောမြို့နယ်တွင်းမှာ သင်တန်းတွေ ပေးနေကြ ကြောင်းလည်း ကြားသိရ၏။ လူထုအပေါ် အစီအစဉ်တကျ နှိပ်ကွပ် တိုက်ခိုက်ရေး ကြိုတင်လေ့ကျင့် ပြင်ဆင်နေသည့် စေတ နာဆိုးယုတ်သူများ ဖြစ်၏။

(၄)
စစ်အုပ်စု ကြီးစိုးနေသမျှ ဘယ်သောအခါမှ ဖြစ်လာမည်မဟုတ်သည့် စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးကို ကိုယ့်ဘက်က ဖြစ် အောင်လုပ်စေချင်လျှင် စစ်အုပ်စုအား ချကိုချကြရမည် ဖြစ်သည်။ စစ်အုပ်စုအား ကျောင်းမှန်းကန်မှန်းသိအောင် နှိပ်ကွပ်နိုင်မှ သာ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးကို တည်ကြည်ခန့်ညား ကျက်သရေရှိစွာ ဦးဆောင်ကျင်းပနိုင်မည် ဖြစ်သည်။

အာဏာရှင် စစ်အုပ်စုအား တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး တိုက်ကြပါ ချကြပါ ဆိုသည့်စကားမျိုးကို မပြောနိုင်ဘဲ ဗမာ ပြည်တွင်း ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေးအတွက် အရင်းခံ ပြဿနာများအပေါ် တွေ့ဆုံဆွေးနွေးသောနည်းလမ်းဖြင့် အဖြေရှာရေးသာ ဆုပ်ကိုင်ပြောဆိုနေခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထံမှ လူထု၏ လုပ် ဆောင်နိုင်စွမ်းကို အသိပေးပြောကြားလိုက်သည့် စကားတခွန်း လွန်ခဲ့သော ရက်အနည်းငယ်က ၀မ်းမြောက်ဖွယ် ကြားလိုက်ရ လေသည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ နံနက် တိုက်ရိုက်လေလှိုင်း အစီအစဉ်မစမီ ပြည်တွင်းပြည်ပ အနယ်နယ် အရပ်ရပ်မှ လူထု၏အမေးများ ကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားရာ၌မူ လူထု ရှေ့ဆက် လျှောက်လှမ်းရမည့် လမ်းကြောင်းနှင့် ပတ်သက်၍ ဒေါ် အောင်ဆန်းစုကြည် ပြန်ကြားလိုက်သော စကားပင် ဖြစ်၏။

လူငယ်တဦးက “ငြိမ်းချမ်းတဲ့နည်းကသာ လူထုအတွက် ထိခိုက်မှုအနည်းဆုံးနဲ့ အကောင်းဆုံးလို့ ဆိုပေမဲ့ ဖိနှိပ်မှုတွေကို တော် လှန်တာဟာ မှန်ကန်တဲ့ နည်းလမ်းမဖြစ်နိုင်ဘူးလား၊ တနေ့ထက်တနေ့ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ လျော့ကျမသွားတဲ့ စစ် အာဏာရှင်တို့ရဲ့ ဖိနှိပ်မှုကို တပ်မတော်သားများ အပါအ၀င် ပြည်သူလူထုအနေနဲ့ သည်းမခံနိုင်တော့တဲ့တနေ့ မိမိတို့ရဲ့ အ သက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် နယ်ချဲ့နဲ့ ဖက်ဆစ်တွေကို တော်လှန်သလို၊ ရရာလက်နက် စွဲကိုင်ပြီး တိုင်း ပြည်အပြောင်းအလဲအတွက် တော်လှန်ကြလျှင် ဤသို့ လက်နက်စွဲကိုင် တော်လှန်မှုကို အကြမ်းဖက်မှုဟု ခေါ်ဆိုနိုင်ပါသ လား။”ဟု မေးမြန်းသည်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားပုံမှာ မှတ်သားဖွယ်ပင် ဖြစ်သည်။

“အကြမ်းဖက်မှုကတော့ အကြမ်းဖက်မှုပါပဲ။ လက်နက်စွဲကိုင်ပြီး လှုပ်ရှားတယ်ဆိုရင် အကြမ်းဖက်တယ်လို့ပဲ ပြောရမှာပေါ့။ ဒါ ပေမဲ့ တရားဥပဒေက လူတိုင်းလူတိုင်းဟာ မိမိအသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပိုင်ခွင့်ရှိတယ်လို့ အသိအမှတ်ပြုထားပါ တယ်။ ပြည်သူတွေက သည်းမခံနိုင်တော့ဘဲ မိမိအသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့အထိ ဖြစ်လာမယ်ဆိုရင်တော့ ဒီလိုဖြစ်လာအောင် ဖန်တီးခဲ့သူတွေဟာ အဓိက တာဝန်ရှိတယ်လို့ ပြောရမှာပါ။”

ပြည်သူလူထုအနေဖြင့် မိမိတို့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောက်ယှက်လွန်းမက နှောက်ယှက်ခံလာရသော အခြေအနေ တွင် မိမိတို့၏ အသက် အိုးအိမ် ဥစ္စာစီးပွားကို ကာကွယ်ပိုင်ခွင့်ရှိကြောင်းနှင့် ထိုသို့ အုံကြွတွန်းလှန် ကာကွယ်မှုအတွက် လူထု တွင် တာဝန်မရှိဘဲ လူထုကို သည်းမခံနိုင်တော့သည့် အခြေအနေရောက်အောင် ဖိနှိပ်တွန်းပို့ခဲ့သူတွေမှာသာ တာဝန်ရှိ ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ခပ်ရှင်းရှင်း ပြောလိုက်ခြင်း ဖြစ်လေသည်။

more.gif