Showing posts with label ကရင့်ဆောင်းပါး. Show all posts
Showing posts with label ကရင့်ဆောင်းပါး. Show all posts

28 October 2010

ဒေသခံ အထမ်းသမားများ စစ်တပ် ဖမ်းဆီးပြီးနောက် သွားလာခွင့် တားမြစ်ခံရ

အောက်တိုဘာလ ၂၈ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ် သံတောင်မြို့နယ် မာလာတောကျေးရွာမှ ဈေးရောင်းဈေးဝယ် အထမ်းသမား ၁၀ဦးကျော်သည် နအဖ စစ်တပ် ၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက်ပိုင်း ယခုအချိန်တွင် ရွာသားများအား သွားလာခွင့်ကို တားမြစ်ထားသည်ဟု သိရသည်။

သပြေညွှန့်တပ်စခန်း အခြေစိုက် နအဖ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ(၄၈)တပ်ဖွဲ့၏ တပ်စိပ်တစိပ်သည် မာလာတောကျေးရွာနှင့် ၃မိုင်ကွာဝေးသည့် သပြေညွှန့်စုစည်းကျေးရွာသို့ ဈေးဝယ်သွားသည့် ၎င်းရွာသူရွာသား အထမ်းသမား များကို အောက်တိုဘာလ ၂၀ရက်နေ့က ရွာအပြန် တယ်ကွယ်လေးခို့နေရာတွင် ဖမ်းဆီးကာ ကျပ်ငွေ (၁၀)သိန်းဖိုးကို သိမ်း ဆည်းပြီး နောက်ပိုင်း ယခုလို တားမြစ်ခံရခြင်းဖြစ်သည်။

သံတောင်မြို့နယ်မှ ဒေသခံတဦးက “သပြေညွှန့်စုစည်းကျေးရွာ အခြေစိုက် နအဖ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ခလရ(၄၈) ဒုရင်းမှူး တင်မိုးကျော်က သူတို့ကိုဖမ်းတာ အောက်တိုဘာလ ၂၀ရက်နေ့မှာပေါ့နော်။ ၂၄ရက်နေ့မှာကျ တော့ သပြေညွှန့်စခန်းကို စစ်တပ်က ခေါ်သွားပြီး နောက်ထပ် ဈေးရောင်းဈေးဝယ် မလုပ်ဖို့၊ ဈေးမလာဝယ်ထမ်းဖို့၊ လာလို့တွေ့ ရင် ပစ်သတ်ဖို့ပေါ့။ အဲလို အမိန့်ထုတ်ထားတယ်။”ဟု ကေအိုင်စီကို ပြောသည်။

ထိုသို့ သွားလာခွင့် တားမြစ်ခံရသည့်နောက် လက်ရှိအချိန်တွင် ရွာသားများမှာ မည်သို့မျှ သွားသွားလာလာ မလုပ်ကြရတော့သ ဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP) မှ စောဘယ် ထူးက ယခုလို ပြောပြသည်။

၎င်းက “လောလောဆယ် အဲဒီ ဖမ်းထားတဲ့လူတွေကို ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ကြားတယ်။ သူတို့(နအဖ)ကတော့ ဒီလို အပြစ်မဲ့ရွာသားတွေကို လုပ်ချင်တဲ့အခါ လုပ်လိုက်တာပဲ။”ဟု ကေအိုင်စီကို ပြောသည်။

နအဖ စစ်တပ်အခြေစိုက်သည့် သပြေညွှန့်စုစည်းကျေးရွာသည် အ၀တ်အထည်နှင့် စားသုံးကုန်ပစ္စည်းများ အစုံအလင် ရောင်း သည့်အတွက် အနီးအနားရွာများဖြစ်သည့် မာလာတော၊ မောကဲသာ့ပယ်ခို့၊ တာကွယ်လေးခို့ရွာများအပြင် တောင်ငူမြို့နယ် တိပ်ပုကျေးရွာမှ ရွာသူရွာသားများလည်း ရောင်းဝယ်ဖောက်ကား ၀င်ထွက်သွားလာလေ့ရှိသည်။

အင်အား ၂၀၀ ၀န်းကျင်ရှိ သပြေညွှန့် အခြေစိုက် နအဖ ခလရ(၄၈)တပ်ရင်းသည် အဆိုပါဒေသရှိ ဒေသခံ ရွာသူရွာသားများကို တပ်ရိက္ခာများသယ်ပေးရန် မကြာခဏဆိုသလို လုပ်အားပေး ခေါ်ယူခဲ့သည်။

more.gif

25 October 2010

ကရင် ဖားစည်

                                                            ဓါတ်ပုံ  စောဆ်ုအဲထအောင်
နော်လားပွယ်

ကရင်လူမျိုးတို့ရဲ့ ယဉ်ကျေးမူ ဓလေ့ ရိုးရာများကို လေ့လာမည်ဆိုပါက ဖားစည်ကို အရင်ဆုံးလေ့လာမည်လို့ရှေ့လူကြီးများက ဆိုရိုးစကားရှိပါတယ်။ကရင်လူမျိုးတို့ရဲ့ ရိုးရာအမွေအနစ်များအနက် ဖားစည်မှာထင်းရှားလှပါသည်။
ဖားစည်သည်ကရင်လူမျိုးတို့အတွက် သင်္ကေတအမှတ်လက္ခဏာ ဖြစ်ပါသည်။ အလေးအနက်ရှိခြင်း အလေးထားဦးညွတ်ခြင်း မြတ်နိုးကြည်ညှိခြင်းလို့မြန်မာလို့ အဓိပ္ပါယ် ရတဲ့ဖားစည်ကို အရှေ့ပိုးကရင်ဘာသာနဲ့ “ကလူး“  စကောကရင်ဘာသာနဲ့ “ကလို“
လို့ခေါ်ပါတယ်။ ကရင်လူမျိုးများဟာ ဖားစည်ကို ယဉ်ကျေးမူအထိမ်းအမှတ်အဖြစ်လည်း အထွဋ်အမြတ်ထားပါသည်။

ဖားစည်ရဲ့ မျက်နှာပြင်မှာ ပါရှိတဲ့ ဖားရုပ်ကလေးများကိုအစွဲပြူပြီး ဖားစည်လို့ခေါ်ခြင်းဖြစ်ကြောင်းလေ့လာသိရှိရပါသည်။ ဖားပြုတ်တွေဟာသူတပါးကိုရန်မူခြင်းမရှိရန် မူလာတဲ့သတ္တဝါများကို ရန်မူခြင်းမရှိရန်လည်းသူတို့ရဲ့အရေခွံ အစေးများနဲ့သေစေနိုင်တဲ့သတ္တိထူးရှိခြင်း သဘာဝစိတ်နေစိတ်ထား ရောင်ရဲ့တင်းတိမ်ခြင်း ခံနိုင်ရှိခြင်း တို့ကို ပမာပြု၍ ကရင်လူမျိုးတို့ရဲ့ရိုးသားခြင်း အေးချမ်းစွာနေထိုင်လိုခြင်းစရိုတ်ကို နိုင်းယှဉ်ထားခြင်းဖြစ်ပါတယ်။

ဖားစည်ရဲ့ပုံသဏ္ဌာန်ဟာ မျက်နှာပြင်ပိတ်ပြီး ဖင်ပိုင်းမှာ ဖွင့်ထားပါတယ် ကိုယ်ထည်မှာသွယ်ပြီး ဖင်ပိုင်းအနည်းငယ်စွင့်ကားပါတယ် မျက်နှာပြင်ရဲ့အလယ်မှာနေအလင်းရောင်ဖြာထွက်ပြီး အသံလိုင်းကိုတုန်ခါစေတဲ့အမှတ်အသား
တွေပါရှိပါတယ်။ ရောင်ခြည်ဟာ ၆ သွယ်မှ ၁၂ သွယ်အထိရှိပါတယ်။ တချို့ဖားစည်မှာ ၁၈ သွယ်ထိရှိပါတယ်။
ရောင်ခြည်ဖျာသန်းတဲ့အပေါ်ဘက် မတာစက်ဝိုင်း အရစ်များရှိပြီး အရစ် ၆မှ ၉အထိပါရှိပါသည်။စက်ဝိုင်းတခုနဲ့တခုကြားမှာ ဆင်ရုပ် ငါးရုပ် ငှက်ရုပ် ယုန်ရုပ် ပန်းပွင့်အရုပ်များနှင့် ရုပ်လုံးဖေါ်ထားပါသည်။ အရုပ်များမှ သူအဓိပ္ပယ်နဲ့သူရှိပါတယ်။
ဆင်ရုပ်ရဲ့ အဓိပ္ပါယ်မှာ အင်အားကြီးမားခြင်း၊ ခွန်အားရှိခြင်း၊ စွမ်းဆောင်နိုင်ခြင်း နိမိတ်ပုံကိုဆောင်ပြီး ငါးရုပ်မှာ
အေးချမ်းခြင်း၊ သစွာရှိခြင်းကို ဖော်ဆောင်ပါတယ်။ အရုပ်ကလေးများပါရှိခြင်းကို ကြည့်ပြီး ဖားစည်ရဲ့ အင်္ဂါရပ်နဲ့
ပြည့်စုံခြင်း ရှိမရှိသတ်မှတ်ကြပါတယ်။<span id="fullpost">

ဖားစည်ရဲ့ မျက်နှာပြင်ကို ဖားရုပ်(၄)ရုပ် လက်ယာ ရစ်အနေအထား တကောင်၊ နောက်တကောင် လိုက်နေတဲ့
ဟန်၊ တကောင်နဲ့ တကောင် ကျောခိုင်းနေတဲ့ဟန်များကို ပုံဖေါ်လေ့ရှိပါတယ်၊ ဖားရုပ်(၄)ရုပ်ရဲ့ အကွာအဝေးဟာ
ညီတူညီမျှအချိုးကျပါတယ်၊ ဖားတကောင် နောက်တကောင် လိုက်နေသည့်ဟန်မှာ ကရင်လူမျိုးတို့ ညီညွတ်မှုရှိခြင်း။
ချစ်ချစ်ခင်ခင်ရှိခြင်းကို ဖော်ဆောင်ပြီး၊ တကောင်နဲ့တကောင် ကျောခိုင်းဟန်မှာ ကရင်လူမျိုးများ ညီညွတ်ရေးပျက်ပြားခြင်း၊
အချင်းချင်းအကြား အမှောင့်ပယောဂဝင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဖားရုပ်များမှာ တကောင်ထပ်၊ နှစ်ကောင်ထပ်၊
သုံးကောင်ထပ် အမျိုးမျိုးရှိပါသေးတယ်။ ဖားတကောင်ဖားစည်ဟာ ရှေးခေတ် ငွေသား(၁၀၀)ကျပ်နဲ့ ညီမျှတယ်လို့
သိရပါတယ်။ ဖားအရေးအတွက်ကိုလိုက်ပြီး တန်ဖိုးသတ်မှတ်လေ့ရှိပါတယ်။

ဖားစည်ကို ရွှေ၊ ငွေ၊ ကြေးနီ၊ ခဲ၊ သတ္တုတို့နဲ့ အချိုးကျရောစပ်ပြုလုပ်ကြပါတယ်။ ဖားစည်ကို အမျိုးသမီးရော၊
အမျိုးသားများပါ ပြုလုပ်လေ့ရှိကြောင်း လေ့လာသိရှိရပါတယ်။ ဖားစည်ပြုလုပ်မယ့် အစုအဖွဲ့ဟာ ရွာအပြင်ဖက်
လူသွားလူလာနည်းတဲ့နေရာ၊ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမျိုးကို အရင်ဆုံးရှာရပါတယ်။ နေရာတွေ့ပြီးဆိုရင်
ဖားစည်ပြုလုပ်မယ့် ပစ္စည်းကရိယာတွေနဲ့အတူ စားနပ်ရိက္ခာတွေသယ်ဆောင်ပြီး မိမိရှာဖွေထားတဲ့ နေရာမှာ ညအိပ်ညနေ
ဖားစည်ကိုပြုလုပ်တဲ့ အစုအဖွဲ့ဟာ သက်သတ်လွတ်စားရပါသည်။ အမျိုးသမီးအဖွဲ့ရှိရာကို အမျိုးသားတွေသွား၍ မရသလို
အမျိုးသားအဖွဲ့ရှိရာ နေရာကိုလည်း အမျိုးသမီးတွေသွာ၍ မရပါဘူး။ ဒီလိုသွားလာမိခဲ့ရင် စည်းဖေါက်တယ်လို့
အယူအဆရှိပြီး ဖားစည်အသံပျက်ပါတယ်။ ပြုလုပ်ပြီးတဲ့ ဖားစည်ကို ကွမ်း၊ ဆေး၊ လက်ဖက်၊ အရက်တို့နဲ့ တင်မြှောက်ပြီး
အသက်သွင်းရပါတယ်။ အစုအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူက ဖားစည်မှာပါဝင်တဲ့ ရွှေ၊ ငွေ၊ ကြေးပစ္စည်းတို့အပြင် မိမိတို့
ပုံဖော်ခဲ့တဲ့ ရောင်ခြည်အရေအတွက်၊ စည်မျက်နှာပြင်ပေါ်က ဖားရုပ်၊ ဆင်ရုပ်၊ ငါးရုပ်၊ ပန်းပွင့်ရုပ် စတာတွေကို
ရွတ်ဖတ်ရပ်တယ်။ ဖားစည်အသက်သွင်းတဲ့အချိန်ဟာ နံနက်မိုးသောက် အရုဏ်တက်အချိန်ဖြစ်ပါတယ်။
ဒီလိုအသက်သွင်းလိုက်မှ ဖားစည်ဟာ အသက်ဝင်သွားပြီးလို့ အယူရှိပါတယ်။

အမျိုးသမီးတွေ ပြုလုပ်တဲ့ဖားစည်ဟာ အမျိုးသားတွေလုပ်တဲ့ဖားစည်ထက် လက်ရာပိုသေသပ်ပြီး အသံပိုသာ
တယ်လို့ သိရပါတယ်။ ဖားစည်ရောင်းချပုံနဲ့ ပတ်သတ်လို့ ညောင်လေးပင်ခရိုင်မှ ကရင်အမျိုးသားကြီးတဦးက အခုလို
ပြောပြပါတယ်။ ရှေးရှေးက ဖားစည်ကို စုဖွဲ့ပြုလုပ်ကြပြီး ရောင်းချလေ့ရှိပါတယ်။ ဖားစည်ကို ရွာရဲ့ဇရပ်မှာ ထားရတယ်။
ရောင်းချမယ့်တန်ဖိုးအပြင် ဖားစည်မှာ ပါဝင်တဲ့ပစ္စည်းတွေကို ရေးသားထားလေ့ရှိတယ်။ ဇရပ်မှာထားတဲ့ဖားစည်ကို
လူမစောင့်ပါဘူး။ ဝယ်သူက ကြိုက်လို့ဝယ်ရင် တန်ဖိုးငွေကို ဇရပ်မှာထားပြီး ဖားစည်းကို သယ်ယူသွားလို့ရတယ်။
ရောင်းဈေး ဆစ်လို့မရသလို ငွေမပေးဘဲ ဖားစည်ကိုသယ်ယူသွာလို့ မရဘူး။ ဒါမျိုးလုပ်ခဲ့ရင် လမ်းမှားတာတို့
ကိုယ့်ရွာကိုယ်ပြန်မရောက်ဘဲ လမ်းပျောက်တာမျိုးတွေ ကျနော်တို့နယ်ဘက်က ရွာတွေမှာကြုံဖူးပါတယ်။

ကရင်လူမျိုးတို့ရဲ့ အယူအဆအရ ဖားစည်ဟာ နတ်ကြီးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဖားစည်ကို မြင့်တဲ့ နေရာ၊
မြတ်တဲ့နေရာ သန့်ရှင်းစင်ကြယ်တဲ့နေရာမျိုးမှာ ထားလေ့ရှိပါတယ်။ ဖားစည်ရဲ့ မျက်နှာပြင်မှ အရည်ထွက်ခြင်း၊
ချွေးပျံခြင်းတို့ ဖြစ်လေ့ရှိပါတယ်။ အဲဒီအခါမှာ ကွမ်း၊ဆေး၊အရက်တို့နဲ့ ဖားစည်ကို ပူဇော်ပသရပါတယ်။
အလိုအလျောက် မတီးဘဲ အသံမြည်ပါက မကောင်းသောနိမိတ်လို့ ယူဆကြပါတယ်။ ဒါမျိုးကို ဖားစည်ငိုတယ်လို့
ပြောကြပါတယ်။ ဖားစည်ငိုလျှင် ရွာအတွင်း ရောဂါဘယထူမယ့် လက္ခဏာ၊ ရွားသားများ တစုံတရာထိခိုက်မယ့်
လက္ခဏာဖြစ်ပါတယ်။ ထိုအခါမျိုးမှာလည်း ဖားစည်ကို ပူဇော်ပသပေးရပါတယ်။ ဖားစည်ပိုင်ရှင်ဟာ ရွာတွင်းရွာပြင်
လှည့်လည်အကဲခတ်ရပါတယ်။ ရွာတွင်းရှိသော မကောင်းဆိုးဝါးများကို နှင်ထုတ်ခြင်း လူမမာရှိတဲ့ အိမ်ကိုသွားပြီး
အားပေးစကားပြောခြင်း ရွာတွင်း လူမှုရေးဖောက်ပြန်ခြင်း ရှိမရှိ၊ မိရိုးဖလာရိုးရာကိစ္စများ ပျက်ကွက်ခြင်းရှိမရှိ
စစ်ဆေးပြီး လုပ်ဆောင်စရာရှိပါက ရွာသားများနဲ့ ဆွေးနွေးတိုင်ပင်ပြီး ချက်ချင်းလုပ်ဆောင်ရပါတယ်။

     ဖားစည်မှာ မင်္ဂလာဖားစည်နှင့် အမင်္ဂလာဖားစည်ဆိုပြီး နှစ်မျိုးရှိပါတယ်။ မင်္ဂလာဖားစည်ဟာ ကြန်အင်
လက္ခဏာနဲ့ ပြည့်စုံပြီး စည်မျက်နှာပြင်ပေါ်က ဖားရုပ်(၄)ရုပ် တကောင်နောက်တကောင်လိုက်ပြီး ချစ်ကြည်ရင်းနှီး
ဟန်ကိုပြသပါတယ်။ အမင်္ဂလာဖားစည်မှာ ဖားရုပ်ကလေးများ မျက်နှာချင်းဆိုင်ရှိပြီး ချစ်ကြည်ရေးပျက်ပြားဟန်၊
တကောင်နဲ့တကောင် ရန်စောင်နေဟန် ရှိပါတယ်။

     မင်္ဂလာရှိသော နေ့ထူးနေ့မြတ်များဖြစ်တဲ့ ကောက်ဦးစားပွဲ၊ အိမ်သစ်တက်ပွဲ၊ လက်ထပ်မင်္ဂလာပွဲ၊ နှစ်သစ်ကူးပွဲ
တော်။ စစ်အောင်နိုင်ပွဲ အခမ်းအနားများတွင် မင်္ဂလာဖားစည်ကို တီးခတ်လေ့ရှိပြီး အသုဘကိစ္စ၊ အရိုးကောက်ပွဲ၊
ဒဏ်ပေးသည့်အခါများမှာ အမင်္ဂလာဖားစည်ကို တီးခတ်လေ့ရှိပါတယ်။ စစ်ပွဲချီရာတွင် အမင်္ဂလာဖားစည်ကို တီးခတ်ပါက
တဖက်ရန်သူများ ဖားစည်သံကိုကြား၍ စိတ်ခြောက်ခြားကာ စစ်ရှုံးနိမ့်ခြင်း၊ သေကြေပျက်စီးခြင်းများဖြစ်တဲ့ အတွက်
သေမင်းတမန် ဖားစည်လို့ခေါ်ပါတယ်။ လူမှုရေးဖောက်ပြန်သူများကို ရွာနှင်ဒဏ်ပေးသည့်အခါများမှာလည်း အမင်္ဂလာ
ဖားစည်ကို တီးခတ်လေ့ရှိပါတယ်။ အမင်္ဂလာဖားစည်ကို ရွာထဲမှာ မထားကြဘဲ ဘုန်းကြိးကျောင်းများတွင် လှူဒါန်းလေ့
ရှိသလို ရွာပြင်တောစပ်များတွင်လည်း တဲထိုးပြီး ထားလေ့ရှိပါတယ်။ အမင်္ဂလာဖားစည်ကို တကြိမ်တီးခတ်ပါက
ရွာသားတစ်ဦး ချက်ချင်းသေတယ်လို့လည်း အယူရှိပါတယ်။ အမဂ်လာဖားစည်ကို အမွှေးနံ့သာများ ဖြန့်ပက်၍
ကွမ်း ဆေး လက်ဖက်တို့ပြင်ဆင်၍ ပရိတ်တရားတော်များဖြင့် အစွဲချွတ်တဲ့ အလေ့အထများ ရှေးကရှိခဲ့ဖူးပါတယ်။

        မင်္ဂလာဖားစည်နှင့် အမင်္ဂလာဖားစည် သွင်ပြင်လက္ခဏာ ကွာခြားမှုရှိသလို တီးခတ်သည့်အသံမှာလည်း
ကွာခြားမှုရှိပါတယ်။ မင်္ဂလာဖားစည်တီးခတ်ရာမှာ လင်းကွင်းနဲ့ မောင်၊ အိုးစည်တို့ဖြင့် တွဲဖက်တီးခတ်လေ့ရှိပြီး အမင်္ဂလာ
ဖားစည်ကို သူချည်းသက်သက်သာ တချက်ချင်း အသံမှာ လေးဖင့်ဖင့်တီးခတ်လေ့ရှိပါတယ်။ ရှေးက ကရင်ရွာများဟာ
တစ်အိမ်နှင့်တစ်အိမ်၊ တစ်ရွာနှင့်တစ်ရွာ အလှမ်းကွာဝေးတဲ့ အတွက် ဖားစည်ကို တီးခတ်ပြီး အချက်ပေးလေ့ကြောင်း
လည်း သိရပါတယ်။ ရွာသူရွာသားများကို လူစုဝေးချင်သည့်အခါမျိုးမှာ ရိုးရိုးအချက်ပေး တီးခတ်ကြပြီး အရေးတကြီးကိစ္စများ
ဘေးန္တရာယ်နှင့် ကြုံလာသည့်အခါများတွင် ဖားစည်ကို အချက်ပေးတီးခတ်လေ့ရှိပြီး ရွာသားများမှာ တစ်ရွာနှင့်တစ်ရွာ
အကူအညီတောင်းခံလေ့ရှိကြောင်း သိရပါတယ်။
        ကလေးများကို ဆုံးမခြင်း ကရင်လူမျိုးတို့ ဆင်းသက်လာပုံ ကရင်ပုံပြင်များ ပြောပြသည့်အခါများတွင်
အသုံးပြုသည့် ဖားစည်တမျိုးကို ပုံပြောဖားစည်ဟု ခေါ်ပြီး ထိုဖားစည်မှာ အရွယ်ငယ်သည့်အတွက် ရှေးဘုရင်များ
စစ်ချီရာမှာ ယူဆောင်လေ့ရှိပါတယ်။

        ရှေးက အချို့ဒေသများမှာ ဖားစည်ကို လျော်ကြေးပေးချေရသည့် အခါတွင်လည်းကောင်း မင်္ဂလာ ကြေးတင်
တောင်းသည့် အခါများတွင်လည်းကောင်း ဖားစည်ဖြင့် ပေးချေခြင်း တင်တောင်းခြင်းများလည်း ရှိပါတယ်။
အခုအချိန်မှာတော့ ကရင်ရွာတစ်ရွာမှာ ဖားစည်တလုံးတောင် မရှိသလောက်ဖြစ်လာပါတယ်။ ရွာများ အတည်တကျမရှိခြင်း
ငွေးကြေးမတတ်နိုင်တော့ခြင်း ရွာများ မီးရှို့ဖျက်စီးခံရခြင်း စတဲ့ အခက်အခဲတွေကြောင့် ဖားစည်များ
ရှားပါးလာရတယ်လို့ တချို့က ပြောဆိုကြပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဖားစည်မလုပ်နိုင်တော့ဘူးဆိုရင်
ကရင်တို့ရဲ့ ရိုးရာအမွေအနှစ်လည်း ပျက်စီးသွားပါလိမ့်မည်။ ဒါကြောင့် မိမိတို့ရိုးရာ အနုပညာ အမွေအနှစ်များကို
ကရင်လူမျိုးတိုင်း ထိန်းသိမ်းစောင့်ရှောက်သင့်ပါကြောင်း တင်ပြအပ်ပါတယ်။
                           
                                                   အားမာန်သစ်မှ ကူးယူဖော်ပြပါသည်။

more.gif