Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

29 December 2011

လူသိနည်းသော မိုက်ကယ်အဲရစ်၏ စွန့် လွတ်အနစ်နာခံမှု အကြောင်း တစေ့တစောင်း

အပြင်မှာ ကျနေတဲ့ နှင်းဖွဲလေးတွေကို ကြည့်ရင်း နှင်းတွေဖုံးလွှမ်းနေတဲ့ ဘူတန်နိုင်ငံ က တောင်တန်းတွေ ကို ကိုယ် သတိရမိတယ်။ အဲဒီတုန်းက ကိုယ်က ဘူတန်ဘုရင်မိသားစုဝင်တွေ ကို စာသင်ပေးနေတဲ့အချိန်၊ စု ကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ သုသေသနပြုလုပ်ငန်းတွေ လုပ်နေတဲ့အချိန်ပေါ့ ။ ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ ကိုယ်တို့  နှစ်ယောက် အပူအပင် ကင်းကင်းနဲ့  အများအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရခဲ့ ကြတယ်လေ။

မင်းကို ချစ်ရေးဆိုခဲ့တုန်းက၊ တခြားမိန်းကလေးတွေလို “ချစ်ပါတယ်” ဆိုတဲ့ အဖြေစကား မျိုး ကို အနှောင်အဖွဲ့ ကင်းကင်းနဲ့  ရခဲ့တာ မဟုတ်ပါဘူး။ “မြန်မာပြည်သူတွေရဲ့  အရေးကို ဆောင်ရွက်ဖို့  လိုအပ်လာတဲ့ အချိန်မှာ ပြည်တွင်းကို ပြန်ပြီး မြန်မာ့အရေး ဆောင်ရွက်ဖို့  ခွင့်ပြုရမယ်” ဆိုတဲ့ သဘောတူညီမှု အရင်ရပြီးမှ သာ ကိုယ့်အချစ် ကို မင်းက လက်ခံခဲ့တာလေ။ အဲဒီအချိန်ကတည်းက မင်းရဲ့ နှလုံးသားမှာ တိုင်းပြည်နဲ့  မြန်မာပြည်သူပြည်သားတွေ သာ ပထမ နေရာမှာ ရှိနေခဲ့တယ် ဆိုတာကို ကိုယ် ကောင်းကောင်း နားလည် သဘောပေါက်ခဲ့ပါတယ်။ မင်းရဲ့ မွန်မြတ်တဲ့ လုပ်ငန်းစဉ်တွေ အတွက် နားလည်မှုရှိစွာနဲ့ ပါရမီဖြည့်ပေးဖို့ လဲ ကိုယ် ဆုံးဖြတ်ခဲ့ပါတယ်။

ကိုယ်တို့ ရဲ့ အိမ်ထောင်သက်တမ်း ၁၆ နှစ်သာ ကာလမှာ မင်းဟာ ဇနီးကောင်း၊ မိခင်ကောင်း ပီသစွာနဲ့  အိမ်ထောင်တာဝန်ကို နိုင်နိုင်နင်းနင်း တာဝန်ယူနိုင်ခဲ့တယ်။ အလုပ်တာဝန်က တဘက်နဲ့  အိမ်ကို အမြဲတမ်း သပ်သပ်ရပ်ရပ်၊ ရှင်းရှင်းလင်းလင်းနဲ့  ထားတတ်တဲ့ အကျင့်၊ ကလေးတွေအတွက် မွေးနေ့  တွေ၊ ပျော်ပွဲရွင်ပွဲတွေကို မပျက်မကွက် လုပ်ပေးခဲ့ အကျင့် တွေကြောင့် ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ကြားမှာ မင်းဟာ စံပြအိမ်ရှင်မ ဖြစ်လို့  နေခဲ့တယ်။
သားနှစ်ယောက် အသက် ၁၂နှစ်နဲ့  ၁၄ နှစ်အရွယ်ကို ရောက်လာတဲ့အခါ၊ မင်းမေမေ

( ဒေါ်ခင်ကြည်) နေထိုင်မကောင်း ဖြစ်တဲ့ အကြောင်း ဖုန်းရပြီး၊ မြန်မာပြည်ကို မင်းပြန်သွားခဲ့ရတယ်။ အဲဒီခရီးဟာ ကိုယ်တို့မိသားစုရဲ့ ကွဲကွာခြင်းအစလို့  ကိုယ်တို့  အားလုံး ကြိုတင် မသိထားခဲ့ကြဘူးနော်။
စုရေ မင်းဟာ…အိမ်ထောင်ရှင်မကောင်းတစ်ဦးအဖြစ်၊ မိခင်ကောင်းတစ်ဦး ဖြစ်ရုံတင်မက ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့  သမီးကောင်းတစ်ယောက် လဲ ဖြစ်လို့  နေပြန်ပါရောလား။ မေတ္တာတရားပြည့်ဝတဲ့ မိခင်တစ်ဦးဘ၀ကနေ၊ နူးညံ့သိမ်မွေ့ တဲ့ မြန်မာအမျိုးသမီးတစ်ဦး အဖြစ်ကနေ တိုင်းပြည်က လိုအပ်လာပြီဟေ့ ဆိုတဲ့အခါမှာ ကြမ်းတမ်းတဲ့ နိုင်ငံရေးလှုပ်ရှားမှုလမ်းကြောင်းပေါ်ကို ကူးပြောင်းပြီး လူထုကို ဦးဆောင်မှုတွေ ပေးနိုင်ခဲ့ပြန်တယ်။မိခင်တစ်ဦးအနေနဲ့  ရော၊ အိမ်ထောင်ရှင်မ တစ်ဦးအနေနဲ့ ပါ သားတွေကို စွန့် ၊ ခင်ပွန်းကို ထားသွားပြီး နိုင်ငံရေးလုပ်နေတဲ့ မင်းရဲ့ ပြတ်သားတဲ့ လုပ်ရပ်ကို မင်းသူငယ်ချင်းအချို့  က နားမလည်စွာနဲ့  ပြောဆိုဝေဖန်ကြတိုင်း သားငယ်ကင်မ်က “မေမေဟာ သူလုပ်ရမယ့် အလုပ်တွေကို လုပ်နေတာပါ” လို့  ပြန်ပြောလေ့ရှိတယ်။ “ကျွန်မသားတွေ ကျွန်မကို လိုအပ်နေကြမှာကို ကျွန်မ အကြောက်ဆုံးပဲ” လို့  မင်းပြောခဲ့ဖူးတယ်။ ကျန်းမာရေးဂရုစိုက်ပြီး၊ နိုင်ငံရေးလှုပ်ငန်းတစ်ခုတည်း အပေါ်အာရုံထားဖို့ ၊ ကလေးတွေ အတွက် မပူပန်ဖို့  ဖုန်းထဲကနေ ကိုယ့်ပြောစကားတွေ ဟာ ကလေးတွေ အပေါ်တာဝန်ကျေချင်လွန်းတဲ့ မင်းအတွက် စိတ်ဖြေစရာ ဖြစ်ခဲ့လိမ့်မယ်လို့  ကိုယ်ထင်ပါတယ်။

မြန်မာပြည်တွင်းက အခြေအနေတွေ ဖရိုဖရဲ ဖြစ်နေချိန်မှာ၊ အထူးသဖြင့် ဆက်သွယ်ရေးတွေ၊ သတင်းထုတ်ပြန်မှုတွေ ညံ့ဖျင်းလွန်းတဲ့ ကာလဖြစ်တဲ့ အချိန်မှာ ကိုယ်တို့ သားအဖတွေဟာ မင်းရဲ့  လှုံခြုံရေးအတွက် အချိန်နဲ့  အမျှ စိုးရိမ်ပူပန်နေခဲ့ကြရပါတယ်။ ဖုန်းသံကြားတိုင်း မင်းဆီက ဒါမှမဟုတ် မင်းအကြောင်းပြောနိုင်တဲ့ လူတစ်ယောက်ယောက်ဆီက ဖုန်းလားလို့  အမြဲမျှော်မိခဲ့ကြတယ်။ “မေမေဘယ်တော့ ပြန်လာမလဲ” ဆိုတဲ့ ကလေးတွေ အမေးကို ခနခနဖြေရတိုင်း ကိုယ့်ရင်မှာ မချိပါဘူး။ မပြောကောင်း မဆိုကောင်း ဗိုလ်ချုပ်အောင်ဆန်းလို မင်းကို လုပ်ကြံကြမှာကိုလည်း စိုးရိမ်မိပါတယ်။ စိုးရိမ်ပူပန်ရလွန်းတဲ့ အတွက်.. မင်းကို နေအိမ်အကျယ်ချုပ်ချလိုက်ပြီ လို့  သတင်းတွေ ထွက်ပေါ်လာတဲ့ အချိန်မှာ အနည်းဆုံး အိမ်ထဲမှာ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူးပေါ့ ဆိုပြီး ကလေးတွေကို တင်းတင်းကြပ်ကြပ်ဖက်လို့  ကိုယ်ဖြေတွေးတွေးခဲ့ပါတယ်။
မကြာခနဆိုသလို မြန်မာအစိုးရပိုင် သတင်းစာတွေထဲမှာ နိုင်ငံခြားသားတစ်ယောက်ကို လက်ထပ်ထားတဲ့ အတွက် မင်းမှာ အပြစ်ရှိကြောင်း ဝေဖန်တိုက်ခိုက်တာ တွေ ပေါ်ထွက်လာတိုင်း ကိုယ့်ကြောင့် မင်းရဲ့ လှုပ်ရှားမှုတွေကို ထိခိုက်တော့မလား ဆိုပြီး စိုးရိမ်ခဲ့ရသလို၊ ကိုယ့်ကြောင့် ပြောဆိုတိုက်ခိုက်ခံနေတာကို လည်း စိတ်မကောင်းကြီးစွာဖြစ်လို့ နေခဲ့ရပါတယ်။ မြန်မာ့အရေးအတွက် ကိုယ်လဲ တတ်နိုင်တဲ့ ဘက်က ပါဝင်ဆောင်ရွက်ချင်တာမို့  မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွေကို နိုင်ငံတကာက ထောက်ခံအားပေးမှုတွေ ရလာအောင် နိုင်ငံရေး၊ဘာသာရေး ပိုင်းမှာ လူသိများတဲ့ ပုဂိုလ်တွေ နဲ့ ကိုယ် တိတ်တဆိတ် သွားရောက်တွေ့ ဆုံပြီး စည်းရုံး လှုံ့ ဆော်မှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ကိုယ့်ရဲ့ လှုပ်ရှားမှုတွေ ကို မြန်မာအစိုးရ က သိသွားရင် မင်းကို ပိုပြီးထိခိုက်မှာ စိုးတဲ့အတွက် လျှို့  ၀ှက်စွာနဲ့  ကိုယ်လှုပ်ရှားခဲ့ပါတယ်။ သတင်းသမားတွေ၊ အင်တာဗျူး လာတောင်းတာတွေကို လဲ ကိုယ်အတတ်နိုင်ဆုံးရှောင်ရှားခဲ့တယ်။

နေအိမ်အကျယ်ချုပ်ဘ၀နဲ့  ထိန်းသိမ်းထားတဲ့ ကာလအတွင်း၊ အထီးကျန်နေမယ့် မင်းအတွက် ကောင်းနိုးရာရာ စာအုပ်တွေ ပို့ ပေးခဲ့တယ်။ နယ်ဆလ်မင်ဒဲလားအကြောင်း၊ ဂန္ဒီအကြောင်း အစရှိတဲ့ စာအုပ်တွေ ဟာ မင်းရဲ့ လှုပ်ရှားမှုတွေကို အထောက်အကူပြုနိုင်လိမ့်မယ်လို့  ကိုယ်ထင်ပါတယ်။ အိမ်က နံရံမှာ မင်းပုံ ခပ်ကြီးကြီးတစ်ပုံကို ချိတ်ထားပြီး၊ ဧည့်ခန်းထဲမှာ မင်းအတွက် နိုင်ငံတကာက ချီးမြှင့်ထားတဲ့ ဆုတံဆိပ်မျိုးစုံ တွေရယ်၊ မင်းရထားတဲ့ နိုဘယ်ဆု အပါအ၀င် တခြားဆုတံဆိပ်တွေ မျိုးစုံကို ကိုယ် ဂုဏ်ယူစွာနဲ့  ခင်းကျင်းပြင်ဆင်ထားတယ်။
စုရေ နေအိမ်အကျယ်ချုပ်ဘ၀နဲ့  အထိန်းသိမ်းခံဘ၀ဟာ မင်းအတွက် ရော၊ ကိုယ့်အတွက် ပါ အင်မတန်ရှည်လျားတဲ့ ကာလတွေပါ။ တခါတလေ မင်းအကြောင်း ဘာသတင်းမှ မကြားရတော့ပဲ လပေါင်းများစွာကြာသွားတဲ့ အခါတွေမှာ လူမသိ သူမသိဘ၀နဲ့  မင်းသေများသွားပြီလားလို့  တွေးပူနေချိန်မှာ ဒေါ်စုအိမ်က စနရားသံကြားရတယ်လို့  သတင်းကြားလိုက်ရလို့  ကိုယ့်မှာ ပြောမပြတတ်လောက်အောင် စိတ်သက်သာရာရ သွားတဲ့ အကြိမ်တွေလဲ မနည်းခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ မင်းအသက်ရှင်နေကြောင်း မျှော်လင့်လို့ ရတဲ့ စနရားသံတောင် မကြားရတော့ဘူး ဆိုတဲ့ အချိန်မှာ ကိုယ် သွေးပျက်ခဲ့ရပါတယ်။ စနရားပျက်သွားတာပဲလား၊ ဒါမှမဟုတ် ငွေကြေးကြပ်တည်းလို့ ရောင်းလိုက်ရတာများလား ဆိုပြီး တွေးပူရသေးတယ်။ ကိုယ့်ဇနီးသည် တစ်ယောက်တည်း အားငယ်နေချိန်၊ အခက်အခဲတွေနဲ့  ရင်ဆိုင်နေရချိန်မှာ ခင်ပွန်းသည်တစ်ယောက် အနေနဲ့  ရှေ့ ကနေ မားမားမတ်မတ်ရပ်ပြီး၊ ဒါမှမဟုတ် အနားမှာ အားပေးခွင့်တောင် မပေးနိုင်တဲ့ ဘ၀ကို လဲ ငါမုန်းတီးမိပါတယ်။ ဒါပေမယ့် အများကောင်းကျိုးအတွက် သတိရှိရှိနဲ့ တိုက်ပွဲဝင်နေတဲ့ မင်းလို မိန်းမအာဇာနည်ရဲ့  ခင်ပွန်းသည်ဖြစ်ရတာကိုတော့ ကိုယ် အမြဲတမ်း ဂုဏ်ယူမိပါတယ်။

၁၉၉၅ ခု ရဲ့  နေ့ တစ်နေ့ မှာ ဖုန်းထဲက နေ မင်းအသံကို စကြားလိုက်ရပြီး၊ နေအိမ်အကျယ်ချုပ်ဘ၀ကနေ လွတ်မြောက်လာပြီလို့  သိလိုက်ရတော့ ကလေးနှစ်ယောက်ကို လက်ဆွဲပြီး ကိုယ်တို့ တွေ ပျော်ပျော်ပါးပါးနဲ့ မြန်မာပြည် ကို အပြေးသွားခဲ့ကြတယ်။ သားငယ်ကင်မ် က လူပျိုကြီးဖားဖား ဖြစ်နေတာကို မြင်တော့ အပြင်မှာတွေ့  ရင်တောင် ရုတ်တရက်မှတ်မိမှာ မဟုတ်ဘူးလို့ မင်းပြောခဲ့သေးတယ်နော်။ စုရေ ..တယောက်တည်း အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရပေမယ့် မင်းဟာ အရင်ကထက်တောင် ပိုပြီး တည်ငြိမ်လာတာကို သတိထားမိပါတယ်။ ပန်းတွေပန်ထားတဲ့ နူးညံ့တဲ့ အပြုံးအောက်က ခိုင်မာတဲ့ယုံကြည်ချက်တွေနဲ့သံမဏိစိတ်ဓာတ်တွေကို ကိုယ်မြင်တွေ့  ခဲ့ရတယ်။ အသက်အရွယ်မရွေးပါဝင်တဲ့ မင်းရဲ့  အသင်းသူ၊ အသင်းသားတွေကို ဦးဆောင်မှုပေးနေတာ မြင်ရတော့ ငါတို့ မိသားစုတွေ ကွဲကွာနေကြရတာ အလကား မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့  ကိုယ်ကျေနပ်ခဲ့မိပါတယ်။
အဲဒီ ၁၉၉၅ ခုနှစ် ဟာ မင်းနဲ့ ကိုယ်နဲ့  နောက်ဆုံးတွေ့ ခဲ့ကြရတာပဲနော်။ ၁၉၉၈ ရောက်တော့ ကိုယ့်မှာ ကင်ဆာဖြစ်နေပြီ၊ နောက်ဆုံးအဆင့်လို့  သိလိုက်ရတော့ ကိုယ်အရမ်းကို ချောက်ခြားသွားတယ်။ လူ့  လောကကြီးထဲ နေရဖို့  အချိန်သိပ်မကျန်တော့လို့ ၊ မသေခင်မှာ မင်းကို လူချင်းတွေ့ ပြီး နှုတ်ဆက်သွားချင်တယ်။ ဒါကြောင့် မြန်မာသံရုံး ကို သွားပြီး ဗီဇာလျှောက်ထားပေမယ့် ခွင့်မပြုခြဲ့ကဘူး။ မြန်မာအစိုးရရဲ့  ဗီဇာငြင်းပယ်မှုကို အားမလျော့ပဲ ကိုယ် ထပ်ကြိုးစားပေမယ့် နောက်ဆုံး အကြိမ်ပေါင်း ၃၀လောက်ရှိလာတော့ ကိုယ်အားလျော့လာမိပြီ၊ ခန္ခာကိုယ်က လဲ သိသိသာသာ ကို အားနည်းလာတယ်၊ ကိုယ့်အဖြစ်ကို စာနာပြီး ပုပ်ရဟန်းမင်းကြီးနဲ့  အမေရိကန်သမတ ကလင်တန်တို့ အပါအ၀င် တခြား မိတ်ဆွေတွေက မြန်မာအစိုးရဆီကို မေတာရပ်ခံစာ ရေးခဲ့ကြပေမယ့် ဗီဇာမရခဲ့ပါဘူး။ ဆိုးဝါးရက်စက်လှတဲ့ ကံကြမ္မာကို ပဲ ကိုယ်တို့  အပြစ်တင်ခဲ့ကြရတယ်။ မင်းဆီကို စစ်အရာရှိတစ်ယောက်က လာတွေ့ ပြီး ကိုယ်နဲ့  လာတွေ့  ဖို့  အင်္ဂလန်ကို အချိန်မရွေးပြန်နိုင်ကြောင်း၊ လိုအပ်တဲ့ ဗီဇာကို ချက်ခြင်းထုတ်ပေးမယ့် အကြောင်းလာပြောတယ်ဆိုတာ ကိုယ်ပြန်ကြားရတယ်။
အမှန်အတိုင်း ပြောရင် မသေခင်၊ ဝေဒနာတွေ ခံစားနေရချိန် မှာ မင်းကို အနားမှာ သိပ်ရှိနေစေချင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်က နေထွက်လာပြီးရင် ပြည်ဝင်ခွင့်အပိတ်ခံရမှာ မို့  မင်းကိုယုံကြည်အားထားနေတဲ့ ပြည်သူလူထု ကို မင်းဘယ်လို အင်အားနဲ့ မှ ထားရက်ခဲ့နိုင်မှာ မဟုတ်ဘူးဆိုတာ ကိုယ်သိနေပြီးသားပါ။ တိုင်းပြည်နဲ့  မိသားစုအရေး ပြတ်ပြတ်သားသား ရွေးချယ်ရမယ့် အခြေအနေတစ်ခု ကို စစ်အစိုးရက အတင်းဖန်တီးနေခဲ့ပေမယ့်၊ ကိုယ်တို့  နှစ်ယောက်က အဲဒီလို အဖြစ်မခံခဲ့ကြဘူးနော်။ ကိုယ်တို့  ချစ်သူတွေ မဖြစ်ခင်ကတည်းက တိုင်းပြည်နဲ့ ပြည်သူတွေသာလျှင် ပဓာန ဆိုတာ နှစ်ယောက်စလုံးနားလည်သဘောတူခဲ့ပြီးသားမို့ ၊ မင်းပြန်လာဖို့  ဆိုတဲ့ အကြောင်းကို ကိုယ်တို့ ဆွေးနွေးစရာတစ်ခု အနေနဲ့ တောင် မယူဆခဲ့ကြဘူး။

စုရေ.. ကုစရာဆေးမရှိတဲ့ ကင်ဆာရောဂါကြောင့် နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေကို အံကြိတ်ခံစားရင်း...ဗြိတိသျှသံရုံးကနေ တဆင့် မင်းဆက်လာမယ့် ဖုန်းကို မျှော်ရင်း၊ ပြန်ဆုံကြမယ်လို့ ကြိုးစားပြီး အားခဲနေခဲ့ပေမယ့်၊ ကိုယ် လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်လောက်အောင် အားအင်တွေ ချိနဲ့ လာနေပြီ။ တကယ်လို့  ကိုယ်သေသွားခဲ့ရင် ကိုယ့်ကို လာမတွေ့  နိုင်တဲ့အတွက် မင်းစိတ်မကောင်းမဖြစ်ပါနဲ့ ၊ ကိုယ်တို့ မိသားစု အနစ်နာခံကြရတာတွေ အချည်းနှီးမဖြစ်ပါစေနဲ့ ။ မင်းကို ပိုပြီးလိုအပ်နေကြတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့  မျက်နှာကို ကြည့်ပါနော်။ ဖြစ်နိုင်ရင် မြန်မာပြည် ဒီမိုကရေစီရလာပြီး နောင်လာနောက်သားတွေ ကောင်းစားတာကို ကိုယ်မြင်တွေ့ သွားချင်ပါတယ်။ ဒါပေမယ့် ကိုယ့် အမြင်တွေ ကေ၀၀ါးလာနေပြီ..အသက်ရှုရတာလဲ ပိုပြီးခက်လာတယ်...ဟိုး ခပ်ဝေးဝေး မှာ အပြေးလှမ်းလာနေတဲ့ မင်းရဲ့  ပုံရိပ်ကလည်း ဝေးလို့ ဝေးလို့  ကျန်နေခဲ့ပြီ.....
***********************************************************************
(မိုက်ကယ်၏ အမြွာညီအစ်ကို အန်ထော်နီရဲ့  ပြောကြားချက်အရ ဒေါ်စု က ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်မသေခင် နှုတ်ဆက်စကားပြောတဲ့ ဗီဒီယို အခွေ ကို ဗြိတိသျှသံရုံးကနေ တဆင့် မိုက်ကယ့်ဆီကို ပို့ ပေးခဲ့ပေမယ့် အဲဒီခွေဟာ မိုက်ကယ်ဆုံးပြီး ၂ရက်အကြာမှ ရောက်လာခဲ့တဲ့ အတွက် မိုက်ကယ်ကြည့်ခွင့်မရလိုက်ဘူးလို့ သိရပါတယ်)
ဝန်ခံချက်၊ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် မိုက်ကယ်အဲရစ်အကြောင်း ကျွန်မဖတ်ဖူးသော စာများမှ အချက်အလက်များကို ကိုးကားပြီး မိုက်ကယ်အဲရစ်နေရာမှ ခံစားရေးသားထားခြင်းဖြစ်ပါသည်။ တစုံတရာ အမှားအယွင်းရှိခဲ့ပါက စာရေးသူရဲ့ တာဝန်သာဖြစ်ပါကြောင်း။
1.
1 1. The untold love story of Burma's Aung San Suu Kyi By Rebecca Frayn (Telegraph, Dec 11, 2011)
2. http://en.wikipedia.org/wiki/Michael_Aris
http://littlevoicefromburma.blogspot.com မှ ကူးယူဖော်ပြပါသည်။

more.gif

10 June 2011

ရိုးသားသူအတွက့် လက်ငင်းအကျိုး

မောင်လှဝင်းသည် တောင်ငူမြို့၏ မြောက်ဘက် ဆင်ခြေဖုံးရက်ကွက်လေးတွင် နေထိုင်သူ ဖြစ်သည်။ အဖေ အမေ အပါအ၀င် မောင်နှမ ငါးယောက်နှင့် မိသားစု ခုနစ်ယောက်ရှိသည်။ ဖခင်ဖြစ်သူက အငှားဆိုက်ကားနင်းသည်။ မိသားစု ခုနစ်ယောက်ရှိ၍ သူတို့ဝင်ငွေနှင့် မလောက်ငပါ။

မောင်လှဝင်းသည် ငါးတန်းနှင့် ကျောင်းထွက်လိုက်ရသည်။ ကျန်သော ညီလေးနှစ်ယောက်နှင့် ညီမလေးနှစ်ယောက်လည်း ကျောင်းထွက်လိုက်ရသည်။ မောင်လှဝင်းက အသက် တဆယ့်လေးနှစ် အရွယ်ရှိ၍ အကြီးဆုံး ဖြစ်သည်။ ညီလေးနှစ်ယောက်နှင့် ညီမလေး နှစ်ယောက်က ပြောင်းဖူးပြုတ်၊ ခွေးချိုသီး၊ ကြံရိုး၊ နာနတ်သီး၊ ဖရဲသီးစိတ် စသော ရာသီပေါ် အသီးများကို လည်၍ ရောင်းရသည်။

သူတို့ဖခင်သည် ရိုးသားသူ ဖြစ်သည်။ မိသားစု ညစာ စုပေါင်းစားချိန်တွင် သားသမီးများကို အမြဲတမ်း သွန်သင်ဆုံးမစကား ပြောကြားလေ့ရှိသည်။

သားတို့၊ သမီးတို့-လူဆိုတာ ရိုးသားရမယ်။ ကြိုးစားရမယ်။ သူတပါး ပစ္စည်းဥစ္စာကို ဘယ်သောအခါမှ မခိုး၊ မ၀ှက်၊ မလုရဘူး။ ကိုယ့်ထက်နိမ့်ကျသူကို သနားရမယ်။ ကူညီရမယ်။ ကြီးသူကို ရိုသေရမယ်။ ရွယ်တူကို လေးစားရမယ်။ သူတပါးအပေါ် မလိမ်မညာ၊ မလှည့်စားရဘူး။ ကိုယ်ကောင်းစားရေးအတွက် သူတပါး အကျိုးစီးပွားပျက်စီးအောင် ဘယ်သောအခါမှ မလုပ်ရဘူး။ မှတ်ထားကြနော်။ ကဲ--သားတို့ သမီးတို့ ဘုရားကန်တော့ကြ၊ အဖေတို့ကိုလည်း ကန်တော့ပြီး အိပ်ရာဝင်ကြ။

မောင်လှဝင်းတို့ မိသားစုသည် ဆင်းရဲသော်လည်း ရှိတာလေးနှင့် ရောင့်ရဲတင်းတိမ်မှု ရှိကြပါသည်။ အိမ်နီးနားချင်းများထံမှ ချေးငှားခြင်း မရှိပါ။ မောင်လှဝင်း၏ ဖခင်သည် ရပ်ကွက်ထဲကပင် ဖြစ်စေ၊ တခြားနေရာကပဲ ဖြစ်စေ၊ မဖိတ်ဘဲနှင့် အလှူအတန်းများကို သွားလေ့မရှိပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ နေ့စဉ် ဘုရားဝတ်တက်ပြီး ဥပုသ်နေ့တိုင်း ဥပုသ်စောင့်လေ့ရှိသည်။

မောင်လှဝင်းသည် ဖခင်ဖြစ်သူ၏ သွန်သင်ဆုံးမမှုများကို ဂရုတစိုက် နားထောင်ပြီး လိုက်နာသူဖြစ်သည်။ မောင်လှဝင်းအလုပ်က မြွေရေခွံအိတ်ကြီးကို ကြိုးဖြင့်သိုင်း၊ ပခုံးမှာ လွယ်ပြီး လမ်းဘေး အမှိုက်ပုံထဲက ရေသန့်ဘူးခွံ့၊ နို့ဆီခွက်၊ ဘီယာဘူးခွံ၊ ကျွဲရိုင်းဘူးခွံ၊ ပုလင်းခွံ၊ ကော်အတိုအစအနနှင့် ပလတ်စတစ်များကို လိုက်ကောက်ပြီး ပစ္စည်းဟောင်း ၀ယ်သည့်ဆိုင်များတွင် ပြန်ရောင်းသည့်အလုပ် ဖြစ်သည်။

တနေ့တွင် နှစ်ထပ်တိုက်ထဲမှ အသက် ၄၀-ခန့် အမျိုးသမီးတယောက် အမှိုက်ပုံ၌ အမှိုက်ခြင်းကို ပစ်သွားသည်။ မောင်လှဝင်းသည် ထိုအမှိုက်ခြင်းထဲက ရေသန့်ဘူးခွံ၊ ဘီယာဘူးခွံ၊ ငံပြာရည်ဘူးခွံနှင့် ပလပ်စတစ် အတိုအစများကို မွှေနှောက်ရှာဖွေနေသည်။ ထိုစဉ် အမည်းရောင် အထုပ်ကလေး တထုပ်ကို ရုတ်တရက် တွေ့လိုက်ရသည်။ ထိုအထုပ်ကလေးကို လက်နှစ်ဖက်ဖြင့် သေသေချာချာ စမ်းကြည့်ပြီး ရင်တွေခုန်နေသည်။ ရွှေထုပ်မှန်း မောင်လှဝင်း သိလိုက်ပြီ။ သည်အချိန်မှာပင် ဖျတ်ခနဲ သူ့အဖေကို မြင်ယောင်ပြီး အဖေ ဆုံးမသော လူဆိုတာ ရိုးသားရမယ်-ဆိုသည့်စကားကိုလည်း ပြန်လည်ကြားယောင် မိသည်။ ထို့ကြောင့် မောင်လှဝင်းသည် ချက်ချင်းပင် စောစောက အမှိုက်ပစ်သွားသော အမျိုးသမီး၏ တိုက်ရှေ့ကို ပြေးသွားသည်။

အန်တီ..အန်တီ..ဟု လှမ်းခေါ်လိုက်သည်။ စောစောက အမျိုးသမီးသည် တိုက်ထဲက ထွက်လာပြီး-
ဟဲ့-ဘာကိစ္စရှိလို့လဲ-ဟု ပြန်မေးသည်။ မောင်လှဝင်းက အန်တီ-ဒီမှာ စောစောက အန်တီပစ်သွားတဲ့ အမှိုက်ခြင်းထဲက အထုပ်ကလေး တွေ့လို့ ပြန်လာပေးတာပါ-ဟု ပြောလိုက်သည်။ ထိုအခါ အမျိုးသမီးသည် ပျာပျာသလဲ ဖြစ်သွားသည်။

ဟယ်-ဒါ..ဒါ..မနက်က အမတို့ ရွှေဆိုင် မသွားခင် မေ့ကျန်သွားတဲ့ ရွှေထုပ်ပဲ-ဟု ဆိုကာ သူ့မိဘများကို ခေါ်ပြီး ရွှေထုပ်ကို သေသေချာချာ ကြည့်သည်။ ရွှေထုပ်ကလေးက မူလအတိုင်း ကြိုးစည်းထားလျက်ပင် ရှိသည်။

ဤတွင် အမျိုးသမီး မိဘတွေက မောင်လှဝင်းကို အိမ်ထဲခေါ်ပြီး ဘယ်မှာနေလဲ၊ မိဘတွေက ဘာလုပ်လဲ၊ မိသားစု ဘယ်နှစ်ယောက်ရှိလဲ-စသည်ဖြင့် မေးမြန်းကြသည်။ ထို့နောက် မောင်လှဝင်းကို ရေမိုး ချိုးခိုင်းပြီး အင်္ကျီ လုံချည်အသစ်တွေ ၀တ်ဆင်ပေးသည်။ ထမင်းကို ကြက်သား၊ ဘဲသားနှင့် ကျွေးသည်။ မောင်လှဝင်းတို့ အိမ်ကို သူတို့ကားဖြင့် လိုက်ပြခိုင်းပြီး သူ့မိဘတွေနဲ့ တွေ့သည်။ ဖြစ်ကြောင်းကုန်စင် ပြောပြပြီး မောင်လှဝင်းတို့ နေအိမ်ကိုလည်း ပြုပြင်ပေးသည်။ မောင်လှဝင်းကိုလည်း သူတို့ရွှေဆိုင်တွင် အလုပ်ပေးသည်။ မောင်လှဝင်း ဖခင်ကိုလည်း ထိုအိမ်မှာပင် သန့်ရှင်းရေး၊ ခြံစောင့် အလုပ်ပေးသည်။ ထို့ပြင် မိသားစုအတွက် ဆန်နှစ်အိတ်၊ ကလေးတွေအတွက် အင်္ကျီ လုံချည်များ ပေးပြီး ကလေးတချို့ကို ကျောင်းထားပေးလိုက်ပြန်သည်။

နေ့ချင်း ညချင်း ဆိုသလို ပြောင်းလဲသွားသော မောင်လှဝင်းတို့ မိသားစု၏ ဘ၀သည် သာယာစိုပြည်နေပြီး တရပ်ကွက်လုံး တမြို့လုံး မောင်လှဝင်းတို့ မိသားစု၏ ကောင်းသတင်းသည် ပျံ့နှံ့သွားပါတော့သည်။ ဤအဖြစ်အပျက်သည် ရိုးသားခြင်း၏ လက်ငင်းအကျိုးပင် ဖြစ်ပေသည်။

ကေတုမတီ မျိုးသန့်
(မြတ်မင်္ဂလာ ၂၀၁၀-ဒီဇင်္ဘာလ)

more.gif

27 December 2010

ဆရာတော် အရှင်ဆန္ဒာဓိက ၏ ငြိမ်းအေးသောဘ၀ပိုင်ရှင်



ဆရာတော် အရှင်ဆန္ဒာဓိက ၏ ငြိမ်းအေးသောဘ၀ပိုင်ရှင် မှ အသံနဲ့ အမှားနှောမှလား ၊ ဉာဏ်နဲ့စကားပြောမှာလား ဆောင်းပါးကို ကူးယူပူဇော်ပါသည်။ ။

ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် နောက်အရည်အသွေးတစ်ခုကတော့ စကားကို ဉာဏ်နဲ့ချင့်ချိန်ဆင်ခြင်ပြီးမှပြောဆိုခြင်း ၊ သို့မဟုတ် နှုတ်စောင့်စည်းခြင်းဆိုတဲ့ အရည်အသွေးပါပဲ။
စကားကို ဉာဏ်နဲ့မဆင်ခြင်ဘဲ ပြောတတ်တဲ့သူ ၊ နှုတ်မစောင့်စည်းတဲ့သူဟာ
စိတ်ရဲ့ငြိမ်းအေးမှုကို ဘယ်တော့မှ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့
နှုတ်မစောင့်စည်းဘဲအဆင်ခြင်မဲ့ ပြောလိုက်တဲ့စကားတွေရဲ့
နောက်ကွယ်မှာ စိတ်ဆင်းရဲစရာ ပြသနာတွေရှုပ်ထွေးစွာပါလာတတ်လို့ပါပဲ။

စကားတစ်ခွန်းပြောတော့မယ်ဆိုရင် ပြောသင့်၊ မပြောသင့်ဉာဏ်နဲ့အရင်ဆုံးဆင်ခြင်ပါ။ ပြီးရင် ပြောသင့်တာကိုပဲပြောပါ။ မပြောသင့်တာကို လုံးဝမပြောပါနဲ့။ ပြောသင့်တာကိုလည်းလိုအပ်သလောက်သာပြောပါ။ လိုအပ်တဲ့အတိုင်းအတာထက်ပိုပြီးမပြောပါနဲ့။ မလိုဘဲစကားကြောရှည်တာဟာ ဂုဏ်ယူစရာမဟုတ်ပါဘူး။ အချိန်လည်းကုန် ၊ လေလည်းကုန်ပါတယ် ။ အမှားတွေလည်းပါလာတတ်ပါတယ်။

တချို့က သတင်းအချက်အလက်လေးတစ်ခု ရလိုက်ပြီဆိုတာ နဲ့ ဘာမှ စဉ်းစားမနေတော့ဘဲ ချက်ချင်း ဟိုလူ့ပြော၊ ဒီလူ့ပြော လုပ်တတ်ကြတယ်။
လူကိုယ်တိုင် ပြောခွင့်မသာရင် ဖုန်းနဲ့ဆက်ပြောတတ်ကြတယ် ။ပြောဖို့လိုသလား ၊
မလိုဘူးလား ဘာမှဆင်ခြင်မနေတော့ဘူး ။ အဲဒီလိုလူတွေဟာ အများအားဖြင့်
ပြောဖို့မလိုတာတွေပဲ ပြောနေတတ်ကြတာပါ။


ဝမ်းမနိုင်လို့ ဗျစ်ခနဲ ထွက်တတ်တာကို မအောင့်နိုင်ရင်တောင်မှ ပါးစပ်မနိုင်လို့ ထစ်ခနဲ ထွက်တတ်တာကိုတော့ သတိကြီးကြီး ၊
ဉာဏ်ကြီးကြီးနဲ့ထိန်းသိမ်းစောင့်စည်းနိုင်ရပါမယ်။

တချို့က တို့ကမှန်တာပြောတာပဲ ၊ တို့ကဟုတ်တာပြောတာပဲ ၊ တို့ကပွင့်ပွင့်လင်းလင်းပြောတာပဲ ဆိုပြီးစကားကို အထိန်းအကွပ်မရှိ ၊ အစည်းအစောင့်မရှိ ၊ အဆင်အခြင်မဲ့ စွတ်စွတ်ပြောတတ်ကြပါတယ်။
အဲဒီလို စိတ်မနိုင်နင်းစွာ ပရမ်းမတာပြောရတာကိုပဲ တို့ကဘွင်းဘွင်းသမားလို့ တလွဲ ဂုဏ်ယူနေတတ်ကြပြန်ပါသေးတယ်။

တကယ်တော့ စကားကို အထိန်းအစောင့်မရှိလွှတ်ကနဲပြောတတ်တဲ့သူတွေဟာ စိတ်ဓါတ်ပျော့ညံ့တဲ့သူ ၊ စိတ်ထိန်းချုပ်နိုင်စွမ်းမရှိတဲ့သူ ၊ စိတ်အရည်အသွေးညံ့ဖျင်းတဲ့သူ ၊ စိတ်တန်ခိုအားကင်းမဲ့တဲ့သူတွေပါပဲ။
ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားမလား ၊ တစ်ဖက်သားအကျိုးပျက်စီးသွားမလား ၊ တစ်ဖက်သား
စိတ်ဆင်းရဲသွားမလားဆိုတာ အမြဲဆင်ခြင်ရပါမယ် ။

သူကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ်ပြောလိုက်လို့တစ်ဖက်သားမှာ တကယ်အကျိုးရှိသွားရင်တော့
အခြေအနေ အချိန်အခါ ကြည့်ပြီး ပြောရမှာပေါ့။ ဒါပေမဲ့သူမကြိုက်တာပြောလိုက်လို့သူ့အတွက်လည်း ဘာမှအကျိုးထူးမသွားဘူးဆိုရင်တော့ ကောင်းစေချင်လို့ပြောတာပါ ဆိုပြီးနာမည်ကောင်း ယူမနေပါနဲ့ ။ အလကားပါပဲ။ ဘယ်သူကမှ ကျေးဇူးတင်နေမှာ မဟုတ်ပါဘူး ။

ဒီနေရာမှာ စကားပြောတိုင်း မြတ်စွာဘုရားရှင်ရဲ့ သုဂတ ဂုဏ်တော်ကို အမြဲသတိရဖို့ တိုက်တွန်းချင်ပါတယ် ။ သုဂတ ဂုဏ်တော်ရဲ့ အဓိပ္ပာယ်အများကြီးထဲက
တစ်ခုကတော့ ကောင်းသောစကားကိုဆိုတော်မှုတတ်သော မြတ်စွာဘုရား ပါ။ ကောင်းသောစကားဆိုတာ မှန်လည်းမှန် အကျိုးလည်းရှိတဲ့စကားကို ခေါ်ပါတယ် ။

မှန်ကန်၍အကျိုးရှိသောစကားကိုသာ ဆိုတော်မှုတတ်သော မြတ်စွာဘုရား လို့ ထပ်ခါထပ်ခါပွားများရင်းနဲ့ ငါလည်းမှန်တာပဲပြောမယ်။ မှန်တိုင်းမပြောဘူး၊
အကျိုးရှိတာပဲပြောမယ်လို့ နှလုံးသွင်းဆင်ခြင်နိုင်ခဲ့မယ်ဆိုရင် နှုတ်ကို စောင့်စည်းတဲ့သူ ၊ စကားကို ဉာဏ်နဲ့ချင့်ချိန်ဆင်ခြင်ပြီးပြောတဲ့သူ ဖြစ်လာမှာမလွဲပါဘူး ။

စကားတိုင်းမှာ ဉာဏ်ပါလာပြီဆိုရင် လိမ်ညာစကားတွေလည်း မပြောဖြစ်တော့ပါဘူး ။ ကုန်းတိုက်တဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး ၊
ကြမ်းတမ်းရိုင်းပျတဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး ။ အကျိုးမရှိတဲ့ အနှစ်မဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး ။

ဆင်ဆင်ခြင်ခြင် ထိန်းထိန်းသိမ်းသိမ်း ပြောတဲ့စကားတွေရဲ့ နောက်ကွယ်မှာ စိတ်ဆင်းရဲစရာ ဘာမှပါမလာတော့တဲ့အတွက် စကားဆင်ခြင်ပြောသူဟာ
ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ရပါတယ်။

ဘာစကားပဲဖြစ်ဖြစ်

လိုအပ်မှပြောတာပဲကောင်းပါတယ်။
လောလောဆယ်ပြောဖို့မလိုအပ်သေးရင်
တစ်စက္ကန့်လေးပဲဖြစ်ဖြစ် ၊ တစ်မိနစ်
လေးပဲဖြစ်ဖြစ်အချိန်ဆိုင်းထားလိုက်ပါ ။
နောက်တစ်နာရီမှပြောသင့်တဲ့စကား
နောက်တစ်နာရီမှပြောပါ။ သတိရတုန်း
ဆိုပြီးချက်ချင်းမပြောလိုက်ပါနဲ့ ။
နောက်တစ်ရက်မှပြောသင့်တဲ့စကား
နောက်တစ်ရက်မှပြောပါ။ မေ့သွားမှာစိုးလို့ဆိုပြီးဒီနေ့မပြောလိုက်ပါနဲ့။
ကိုယ့်အတွက်လည်းဘာမှအကျိုးမရှိ
သူ့အတွက်လည်း ထိခိုက်နစ်နာစေမယ့်
စကားမျိုးဆိုရင်မှန်နေတောင်မှလုံးမပြောပါနဲ့။
လုပ်ကြံပြီးပြောဖို့ကတော့ စိတ်ကူးထဲတောင်မထည့်ပါနဲ့။

more.gif

23 December 2010

ခါထုတ် နင်းတက်

ဒီပုံပြင်လေးကိုဖတ်။
သူငယ်ချင်းအဆင်ပြေရင်မှတ်သားဖို့ ပါ။

လယ်သမားတစ်ယောက်ရဲ့မြည်းလေးတစ်ကောင်ဟာ
အကာအရံမရှိတဲ့ လယ်ထဲက ရေတွင်းထဲ
ကျသွားတယ်။ မြည်းလေးဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ့ သခင်ကိုခေါ်တယ်
။လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို့တွေးတယ်။ နောက်ဆုံးတော့ လယ်သမားကြီးက
စဉ်းစားတယ်။
ဒီမြည်းဟာ အိုလည်းအိုနေပြီ။ ရေတွင်းကလည်းမသုံးတာကြာတဲ့ရေတွင်းဟောင်းကြီး
ဖို့ပစ်တာကောင်းတယ်။ ဒီမြည်းကို ဆွဲတင်နေလို့မထူးဘူး။ အဲဒီလိုတွေးပြီးတော့
သူ့သူငယ်ချင်း လယ်သမားတွေကိုသွားခေါ်လာတယ်။ တစ်ယောက် ပေါက်ပြားတစ်လက်ဆီ
ယုလာကြတယ်။ မြေကြီးတွေ တူးပြီး ရေတွင်းကို ဖို့ကြတယ်။

မြည်းလေးဟာ သူ့ကို မြေဖို့နေပြီဆိုတာသိတော့ ကြောက်ပြီး အသံကုန်အော်တယ်။
နောက်မကြာခင် မြည်းအော်သံတိတ်သွားတယ်။
တော်တော်ကြာတော့ လယ်သမားကြီးဟာ ရေတွင်းထဲ ငုံ့ကြည့်တယ်။ သူမြင်ရတာကို
အံ့သြသွားတယ်။ မြေကြီးတစ်ကော်စာ ဖို့လိုက်တိုင်း မြည်းလေးဟာ မြေကြီးတွေကို
ခါချလိုက်ပြီး မြေကြီးပေါ် လှမ်းတက်လိုက်တယ်။ ရေတွင်းပြည့်ခါနီးတော့
မြည်းလေးဟာ
ရေတွင်းပေါ်ခုန်တက်ပြီးတော့ အားရ၀မ်းသာ ခုန်ပေါက်ပြီး ပြေးတော့တယ်။
လယ်သမားတွေကမြည်းလေးကိုကြည့်ပြီး သဘောကျလို့ တဟားဟားနဲ့ 

အားရပါးရ ရယ်ကြတော့တယ်။

ကိုယ့် ဘ၀ အခြေအနေဟာ ကိုယ့် ကျောပေါ်ကို မြေတွေပုံမယ်။ ဒုက္ခကနေ
လွတ်အောင်လုပ်နည်းက ခါချပြီး တစ်လှမ်းတက်ဖို့ပဲ။ ဖို့လိုက်တဲ့မြေကြီးဟာ
ကျောပေါ်မှာ မနေဖို့ပဲလိုတယ်။ ဖို့သမျှမြေကြီးဟာ ခြေထောက် အောက်ကို
ရောက်သွားရမယ်။


(ဆရာတော် ဦးဇောတိက - စိတ်ချမ်းသာဖို့လိုရင်းပါ (စာမျက်နှာ ၁၅၁-၁၅၂))
သူငယ်ချင်း အားရှိစေဖို့ ရည်ရွယ်ပါတယ်....

more.gif

29 November 2010

တရုတ်အဆိုတော် မျက်နှာအလှအပ အတွက် ခွဲစိတ်ကုသမှု ခံယူနေစဉ်အတွင်း သေဆုံး





တရုတ်အဆိုတော် အမျိုးသမီးငယ် တစ်ဦးသည် မျက်နှာအလှအပ အတွက် ခွဲစိတ်ကုသမှု ခံယူနေစဉ် အတွင်း သေဆုံးခဲ့ကြောင်း
သိရှိရသည်။
၂၄ နှစ်အရွယ်ရှိ ၀မ်ပေသည် နိုဝင်ဘာလ ၁၅ ရက်နေ့က မျက်နှာပြင်မေးရိုးကို ပလတ်စတစ်ဆာဂျရီ ပြုလုပ်နေစဉ် ၀ူဟန်မြို့တွင် သေဆုံးခဲ့သည်ဟု တရုတ်မီဒီယာ တစ်ရပ်မှ သတင်းထုတ်ပြန်ခဲ့သည်။
ဝမ်ပေသည် ၎င်း၏အသွင်အပြင်ကို ယခုထက် ပိုမိုကြည့်ကောင်းစေရန် ပြုပြင်ရန် လိုအပ်သည်ဟု ထင်မြင်လျက်ရှိသူ ဖြစ်သည်။ ၀မ်ပေ သေဆုံးမှုကြောင့် ပလပ်စတစ်ဆာဂျရီ ပြုလုပ်ခြင်း၏ ဘေးအန္တရာယ်ကို
မီးမောင်းထိုးပြလိုက်သကဲ့သို့ ဖြစ် သွားသည်။
တရုတ်တွင် ပလတ်စတစ်ဆာဂျရီဖြင့် ခွဲစိတ်ပြုပြင်သူပေါင်း တစ်နှစ်လျင် သုံးသန်းကျော်မျှ ရှိသည်ဟု နိုင်ငံပိုင် မီဒီယာမှ ထုတ်ပြန်ချက်များ အရ သိရှိရသည်။ထုံဆေးမတော်တဆမှု
ဖြစ်ခြင်းကြောင့် Zhong Ao Cosmetic Surgey ဆေးရုံတွင် ကွယ်လွန်ခဲ့ရခြင်း
ဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။
ခွဲစိတ်မှု ပြုလုပ်နေစဉ်အတွင်း မေးရိုးမှသွေးများ ရုတ်တရက်ထွက်လာပြီး အောက်ဆီဂျင်ပိုက်ကို ပိတ်ဆို့မှု ဖြစ်ခဲ့ပြီး အသက်ရှူကျပ်မှု ဖြစ်ပေါ်ခဲ့သည်ဟု သိရှိရသည်။ အဆိုပါ
ဆေးရုံတွင်ပင် ၀မ်ပေ၏ မိခင်မှလည်း တစ်ချိန်တည်း ခွဲစိတ်မှုခံယူ နေချိန်တွင်
ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မျက်နှာ ခွဲစိတ်ပြုပြင်လိုသူ အဆမတန် များပြားလာခြင်းကြောင့် ကောင်းစွာ ကျွမ်းကျင်ခြင်း မရှိသည့် ဆရာဝန်များဖြင့် အော်ပရေးရှင်း ပြုလုပ်နေရခြင်းသည် အန္တရာယ်တစ်ရပ်ပင်
ဖြစ်ကြောင်း တရုတ်နိုင်ငံ ကွမ်တုံ ဆေးကောလိပ်မှ ပလတ်စတစ်ဆာ ဂျရီဆိုင်ရာ
ပါမောက္ခ ကျန်းဟွာပင်းက ပြောကြားခဲ့သည်။


ELEVEN Journal

more.gif

31 October 2010

သားပိုက်ကောင်မြိုတဲ့မြွေ...






ဧဒင်မှ တဆင့် တင်ပြရပါသည်

more.gif

22 October 2010

လူပီသအောင်

လုတိုင်းဟာ ကိုယ့်စရိုက် ကိုယ့်သဘာဝနဲ့လာကြတာပါပဲ ဒါပေမယ့် ကိုယ့်မှာရှိနေတဲ့ စရိုက်သဘာဝကို ကိုယ့်ပတ်ဝန်းကျင် ကိုယ်လက်ရှိရောက်နေတဲ့ အခြေနေနဲ့သင့်တော်သလားဆိုတာကို စဉ်းစားရမယ် ။

မေလ်းထဲကပါ။ကြိုက်လွန်းလို့တင်ပေးလိုက်ပါတယ်။

ကားဂင်္ဂါမြစ်နှင့်မနီးမဝေးရှိအိုင်တအိုင်အနီး။သူတော်စင်ရသေ့(ဆာဒူး)ကြီးတပါးသည်ကသိုဏ်းရှု့မှတ်တရားထိုင်နေ၏။ထိုစဉ်အချိန် အိုင်အတွင်း၌ ကင်းမလက်မဲတကောင် ပေါလောပေါလောဖြင့် ရေနစ်နေသည်ကို တွေ့မြင်ရ၏။သူတော်စင်ကြီးသည် အနီးအနား၌် ဒုတ်ချောင်းသစ်ခက်တွေ့လို တွေ့ငြား ရှာဖွေသော်လည်း ဘာမျှ
မတွေ့သည့်အဆုံး သနား ဂရုဏာစိတ်ဖြင့် လက်နှင့်နှိုက်ကာ ဆယ်လေ၏ ။ ကင်းက
တုပ်သောကြောင့် အမှတ်တမဲ့ ခါမိသောအခါ ကင်းသည် အိုင်အတွင်းပြန်ကျ၍ သူတော်စင်ကား
အဆိပ်တက်ကာ မူးမေ့မတတ်ဖြစ်နေလေ၏၊ နှစ်ကြိမ် သုံးကြိမ်တိုင်တိုင်ရှေးနည်းအတိုင်း လက်ဖြင့်သာ
ဆယ်နေလေရာ အခြေအနေကို ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသူ လူတယောက်က ဘာလုပ်နေတာလဲ
ဆာဒူးကြီး၊ ကင်းက တုပ်တတ်မှန်းသိရက်နဲ့ ဆာဒူးကြီးက ထပ်ထပ်ပြီး ဆယ်နေပါလား၊ ဆိုပြီး
မနေနိုင်လွန်းလို့ မေးတဲ့အခါ
သူတော်စင်ကြီးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သတဲ့ ၊ဟုတ်ပါတယ်၊ ကင်းရဲ့ သဘာဝ စရိုက်က
တုပ်ဖို့ပဲမဟုတ်လား၊ ကျွနုပ်ရဲ့ သဘာဝစရိုက်ကတော့ သတ္တ၀ါတွေကို ကယ်တင်ဖို့ပဲလေ။

သူငယ်ချင်းတို့ရေလူတိုင်းဟာကို့စရိုက်ကို့သဘာဝနဲ့ကိုလာကြတာပါပဲ

ဒါပေမဲ့ကို့မှာရှိနေတဲ့စရိုက်သဘာဝဟာကို့ပတ်ဝန်းကျင်၊

ကိုလက်ရှိရောက်နေတဲ့အချေနေနဲ့သင့်တော်သလားဆိုတာကိုတော့စဉ်းစားရမယ်

မဟုတ်လား

ငါတို့အသိညဏ်ရှိတဲ့လူတွေပဲလေကွာ။

အသိညဏ်မရှိတဲ့ကင်းဟာသူ့ရဲ့တုပ်တက်တဲ့သဘာဝကိုမစွန့်လွှတ်ပဲ

သူ့ကိုကယ်မဲ့သူကိုပြန်တုပ်နေတာလေ

မင်းတို့ငါတို့ရောဘယ်နှစ်ကြိမ်ဘယ်နှခါများကျေးဇူးရှင်တွေကိုပြန်တုက်မိကြပြီးပြီလဲ။

သူတော်စင်ကြီးလိုစိတ်မထားနိုင်တောင်

ကင်းကောင်လေးလိုကျေးဇူးရှင်ကိုပြန်မတုပ်မိအောင်တို့တွေဆင်ခြင်ဘို့

အချိန်မှီပါသေးတယ်။

ဒါမှလူလို့ခေါ်ထိုက်တော့မှာပေါ့။

more.gif

ဆရာဖေမြင့်၏ စာမူအချို့......

လူတွေသည်၊ အကြောင်းအကျိုးမသိ၊
ကျိုးကြောင်းဆင်ခြင်ခြင်းလည်းမရှိ၊
အတ္တစိတ်လည်းများလှ၏။
မည်သို့ဖြစ်စေ၊ မေတ္တာထားလိုက်ပါ။

လူတွေသည်၊ ကောင်းသောအမှု သင်မည်မျှပြုသော်လည်း
မရိုးမသား ကိုယ်ကျိုးစီးပွားအတွက်ပါဟု စွပ်စွဲကြလိမ့်ဦးမည်။
မည်သို့ဖြစ်စေ၊ ကောင်းသောအမှုကို ပြုမြဲပြုပါ။

သင်အောင်မြင်ပြီဆိုလျှင်၊
သင့်၌မိတ်ဆွေအတုအယောင်များရော၊
ရန်သူစစ်စစ်များပါရရှိလာလိမ့်မည်။
မည်သို့ဖြစ်စေ၊ အောင်မြင်ရန်သာ အားထုတ်ပါ။

ရိုးဖြောင့်ခြင်း၊ ပွင့်လင်းစွာ စကားဆိုခြင်းတို့ကြောင့်

သင့်မှာ ထိခိုက်စရာတွေကြုံချင်ကြုံရလိမ့်မည်။
မည်သို့ဖြစ်စေ၊ ရိုးဖြောင့်ပွင့်လင်းစွာသာ ပြောဆိုဆက်ဆံပါ။

သင်ယနေ့ပြုသည့်ကောင်းသောအမှုကို
မနက်ဖြန်သူတို့ မေ့လျော့ကောင်း မေ့လျော့ကြလိမ့်မည်။
မည်သို့ဖြစ်စေ၊ ကောင်းသောအမှုကိုပြုမြဲပြုပါ။


အကြီးအကျယ်ဆုံး စိတ်ကူးဥာဏ်ရှိသည့် အမြင့်မားဆုံးပုဂ်ဂိုလ် သည်လည်း
အနုံချာဆုံးစိတ်ထားရှိသည့်
အသေးမွှားဆုံး လူထံ
ဝေဖန်ခြင်းကဲ့ရဲ့ အပုပ်ချခြင်းခံချင်ခံနိုင်သည်။
မည်သို့ဖြစ်စေ၊ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမားသာစဉ်းစား ကြံစည်ပါ။


လူတွေသည် နိမ့်ပါးသူအောက်လူများကို စေတနာပိုတတ်သည်ဆိုသော်လည်း
(လက်တွေ့၌ ) အပေါ်စီးရသူ ထိပ်ဆုံးလူများနောက်သို့သာ လိုက်ပါတတ်ကြသည်။
မည်သို့ပင်ဖြစ်စေ၊ အချို့သော နိမ့်ပါးသူ အောက်လူတို့အတွက် ရပ်တည်ပေး
တိုက်ပွဲဝင်ပေးပါ။


နှစ်ပေါင်းများစွာ သင်တည်ဆောက်ခဲ့သောအရာသည်
နေ့ချင်းညချင်း ဖြိုလှဲဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်။
မည်သို့ဖြစ်စေ၊ တည်ဆောက်စရာရှိတာ ဆက်၍သာတည်ဆောက်ပါ။

ကမ္ဘာလောကအတွက် အကောင်းဆုံးကို သင်ပေးလျက်လည်း၊ သင့်အား ခါးသည်းနာကျည်းဖွယ်

တုံ့ပြန်ကောင်းတုံ့ပြန်လိမ့်မည်။
မည်သို့ဖြစ်စေ၊ သင့်မှာ ရှိသည့် အကောင်းဆုံးကိုသာ ပေးမြဲ သင်ပေးပါ။
မေးလ် ထဲကိုရောက်လာလို. ပြန်တင်ထားပေးလိုက်ပါ ။
လူတိုင်းအတွက်အကျိုးရှိနိုင်ပါတယ်

more.gif

14 October 2010

မိမိထက် တစ်ပါးသူကို ပိုချစ်တတ်ပါစေ

ဤကမ္ဘာလောကကြီးတွင် ဖြစ်ထွန်းပေါ်ပေါက်နေသော အကျိုးတရားဟူသမျှတို့သည် အကြောင်းတရားကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်ပေသည်။ အကြောင်းတရားမှကင်းသော အကျိုးတရားဟူ၍ မရှိပါချေ။
သို့ဖြစ်၍ အကျိုးတရားကိုလိုချင်လျှင် အကြောင်းတရားကို ရှာမှီးအားထုတ်ရပေမည်။


အသီးကိုလိုလျှင် အပင်ကို စိုက်ပျိုးရမည်။ ဘုရားဖြစ်လိုလျှင် ဘုရားဖြစ်ကြောင်း ပါရမီတော်တို့ကို ဖြည့်ကျင့်ရမည်။ မြင့်မြတ်သူဖြစ်လိုလျှင် မြင့်မြတ်သည့်အတွေးအခေါ်
လုပ်ဆောင်ချက်များ ရှိရပေမည်။


လောက၌ရှိသော လူသားတို့သည် များသောအားဖြင့် ပုထုဇဉ်များသာ ဖြစ်ကြ၏။ ပုထုဇဉ်တို့၏ သဘောသဘာဝသည် မိမိကိုယ်ကိုသာလျှင် အချစ်ဆုံး ဖြစ်ကြ၏။ သူတစ်ပါးအား မေတ္တာစစ် မေတ္တာမှန်ဖြင့် ချစ်နိုင်ဖို့ရန်
ခဲယဉ်းကြပေသည်။ သူတစ်ပါးအား မေတ္တာစစ် မေတ္တာမှန်ဖြင့် မချစ်နိုင်သေးသမျှကာလပတ်လုံး
သာမန်ပုထုဇဉ်ဘ၀ဖြင့်သာ သံသရာထဲ၌ ကျင်လည်နေရပေဦးမည်။


မိမိကိုယ်ထက် သူတစ်ပါးကိုပို၍ မေတ္တာ ကရုဏာဖြင့် ချစ်တတ်ပြီး အများအကျိုးကို ဆောင်ရွက်တတ်သော ပုဂ္ဂိုလ်ဖြစ်မှသာလျှင် ထိုသူသည် မြင့်မြတ်သည့်ပုထုဇဉ်များဖြစ်၍ သံသရာထဲမှ လျှင်မြန်စွာ လွန်မြောက်ပေလိမ့်မည်။


လူ့ဘ၀သည် တိုတောင်းလှသော ကာလလေး၌ပင် ကုန်ဆုံးသွားသောကြောင့် ထိုအချိန်ကာလအတွင်း အများအကျိုး လောကကောင်းကျိုးများအတွက် မြင့်မြတ်သည့် ပရဟိတလုပ်ငန်းများကို လုပ်ဆောင်ကာ မိမိ၏ဘ၀ကို သာမန်ပုထုဇဉ်ဘ၀မှ
မြင့်မြတ်သည့်ပုထုဇဉ်ဘ၀သို့ရောက်အောင် ရခဲလှသောလူ့ဘ၀လေး၌ အသုံးချကြရန်
လိုအပ်ပါပေသည်။


ရခဲလှသောလူ့ဘ၀လေးမှာ ရောက်ရှိလာပြီး အများအကျိုး ကောင်းမှုကုသိုလ်များ မလုပ်ဘဲသေသွားပြီးဆိုလျှင် ထိုသူကို မည်သူကမျှ မှတ်တမ်းတင်ထားမည် မဟုတ်ပေ။ မိမိကောင်းစားရေးတစ်ခုသာကြည့်ပြီး
မိမိကောင်းစားရေးကိုသာ လုပ်ဆောင်သောပုဂ္ဂိုလ်၊ မိမိကိုယ်သာချစ်ပြီး တစ်ပါးသူကို
မေတ္တာ ကရုဏာဖြင့် မချစ်တတ်၍ အများအကျိုးကို လုပ်ဆောင်မသွားသောပုဂ္ဂိုလ်တို့
သေသွားလျှင် ထိုသူသည် လူဖြစ်သော်လည်း ဆန်ကုန်မြေလေးလူမျှသာ ဖြစ်ပေလိမ့်မည်။


ထို့ကြောင့် ကျွန်ုပ်တို့ လူသားများသည် ရခဲလှသော လူ့ဘ၀လေးမှာ မိမိခန္ဓာကိုယ်ထက် သူတစ်ပါးကို မေတ္တာ ကရုဏာများဖြင့် ချစ်တတ်ပြီး အများကောင်းကျိုးများအတွက် မိမိတတ်နိုင်သည့်ဘက်မှ
နေ့စဉ်ပြုလုပ်ပေးသွားမည်ဆိုလျှင် ထိုသူသည် မြင့်မြတ်သော နှလုံးသားပိုင်ရှင်ဖြစ်၍
လူဖြစ်ရကျိုးနပ်သော လူတစ်ယောက်ဖြစ်သောကြောင့် သံသရာ၌လည်း
မြင့်မြတ်သည့်ပုဂ္ဂိုလ်ဖြစ်ပြီးလျှင် ချမ်းသာသုခခံစားရာအမှန် မြတ်နိဗ္ဗာန်သို့လည်း
လျှင်မြန်စွာ ရောက်ရှိနိုင်ပေလိမ့်မည်။


လူသားအားလုံး ရခဲလှသော လူ့ဘ၀လေး၌ မိမိကိုယ်ထက် တစ်ပါးသူကို မေတ္တာ ကရုဏာအမှန်များဖြင့် ချစ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်.....................


အရှင်ကောမလ(ခ)ဆန်နီနေမင်း

more.gif