://www.bur.irrawaddy.org/index.php/news/
နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသော တိုင်းရင်းသား  လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ဒေသများကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့်  ချေမှုန်းရန် စစ်အစိုးရခေါင်းဆောင်များက     ညွှန်ကြားထားကြောင်း သိရသည်။ 
၁၉၇၀  ပြည့်နှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး  (KNU) တို့အပေါ် ဗိုလ်ချုပ်ကြီးနေဝင်း၏ မဆလခေတ် အစိုးရ ဆင်နွှဲခဲ့သည့်  စစ်ဆင်ရေးများတွင် စတင်ကျင့်သုံးခဲ့သော ဖြတ်လေးဖြတ် အစီအစဉ်မှာ  လက်နက်ကိုင်အဖွဲ့များ၏ စားနပ်ရိက္ခာ အရင်းအမြစ်ကို ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ  အရင်းအမြစ်များကို ဖြတ်တောက်ခြင်း၊ သတင်းအရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့်  တပ်ဖွဲ့ဝင်သစ် မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်း တို့ဖြစ်သည်။ 

၂၀၁၀  ဇန်နဝါရီလအတွင်းက ဆေးစစ်ဆေး ကုသမှုခံယူရန် စောင့်ဆိုင်းနေသည့်  စစ်ပြေးဒုက္ခသည် ကရင် အမျိုးသမီးများနှင့် ကလေးငယ်များ (ဓာတ်ပုံ - AP)
ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသများတွင် ယင်းဖြတ်လေးဖြတ်အစီအစဉ်ကို ပြန်လည်အကောင်အထည်ဖော်ရန် စစ်ရုံးက သက်ဆိုင်ရာ စစ်ဌာနချုပ်များသို့ ညွှန်ကြားထားကြောင်း စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းမှ သိရသည်။  
အဆိုပါ စစ်ဘက်ဆိုင်ရာ သတင်းများအရ ဖြတ်လေးဖြတ်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအချင်းချင်း ဆက်သွယ်ရေးလမ်းကြောင်းများကိုပါ ဖြတ်တောက်မည့် အစီအစဉ်လည်း ထပ်တိုးထားသည်ဟု ဆိုသည်။
တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်က ဖြတ်လေးဖြတ် အစီအစဉ်သည် ကုန်းအတွင်းပိုင်း ဒေသများ၌ ကျင့်သုံးအောင်မြင်ခဲ့ကြောင်း၊ သို့သော် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် နယ်စပ်ဒေသများတွင် အခြေစိုက်လှုပ်ရှားသောကြောင့် ထိရောက်နိုင်ဖွယ် မရှိကြောင်း ပြောသည်။
“ဖြတ်လေးဖြတ် အစီအစဉ်က ကုန်တွင်းပိုင်းမှာ လက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်ရေးဆင်နွှဲဖို့ စီမံထားတဲ့ မဟာဗျူဟာပါ။ အထူးသဖြင့် ပဲခူးရိုးမမှာ လှုပ်ရှားနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ KNU ကို တိုက်ဖို့ပါပဲ။ ဒါပေမယ့် အခု ပစ်မှတ်ထားနေတဲ့ တိုင်းရင်းသားအုပ်စုတွေက တရုတ်-မြန်မာနယ်စပ်၊ ထိုင်း-မြန်မာနယ်စပ်တွေမှာ လှုပ်ရှားနေကြတာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။
လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကွပ်ကဲမှု နယ်မြေအလိုက် ဆက်သွယ်ရေး လမ်းကြောင်းများအား ဖြတ်တောက် ပိတ်ပင်ခြင်း၊ လူနှင့် စားသုံးကုန် ပစ္စည်းများ မ၀င်ရောက်စေရန် တားဆီးခြင်း၊ ကွပ်ကဲမှု နယ်မြေများအလိုက် အ၀င်အထွက်လမ်းများတွင် တပ်၊ ရဲ၊ ပြည်သူ့စစ် (ပသစ) တို့ ပူးပေါင်း၍ ပိတ်ဆို့ ရှာဖွေ တားဆီးခြင်းနှင့် လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းဆက် သွယ်နိုင်မည့်လမ်းကြောင်းများကိုလည်း ဖြတ်တောက်ပိတ်ဆို့ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် လက်နက်ကိုင်အဖွဲ့များ ၀င်ထွက်သွားလာနိုင်သော နေရာများကို လှုပ်ရှားစစ်ကြောင်းများဖြင့် နယ်မြေ စိုးမိုးရန်နှင့် ကင်းပုန်းဝပ်ခြင်း၊ ကွပ်ကဲမှု နယ်မြေအလိုက် သတ်မှတ်နယ်မြေအတွင်း လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ သတင်းအား ရယူခြင်း၊ ရန်သူ့ အမာခံများကို ရှင်းလင်း ဖော်ထုတ် ဖမ်းဆီးခြင်းလည်း ပါဝင်ကြောင်း သိရသည်။
ဖြတ်လေးဖြတ် အစီအစဉ်ကြောင့် တိုင်းရင်းသားဒေသများတွင် အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ ရွာမီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုမြင့်တက်လာနိုင်ကြောင်း လေ့လာအကဲခတ်သူများက ပြောသည်။
စစ်အရာရှိဟောင်း ဗိုလ်ထက်မင်းက “စစ်အစိုးရက ဖြတ်လေးဖြတ် အစီအစဉ်ကို ပြန်ပြီး မွမ်းမံထားတာပါ။ ကျနော် တပ်ထဲမှာ ရှိတုန်းကဆို ဒီလို သံသယရှိတဲ့ ရွာသားတွေကို မောင်းထုတ်ပြီး ရွာတွေကို မီးရှို့ပစ်တာကို တံမြက်စည်းလှည်းတယ် လို့ ခေါ်ပါတယ်” ဟု ပြောသည်။
ယခု အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေး ခိုလှုံနေသော ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က မြန်မာပြည်အရှေ့ဘက်ခြမ်းတွင် အကြီးအကျယ် ပြောင်းရွှေ့နေရာချထားခြင်းများသည် ဖြတ်လေးဖြတ် အစီအစဉ်နှင့် ပတ်သက်နေကြောင်း၊ ၁၉၉၀ နှစ်များအတွင်းက စစ်ရုံးမှ တိုက်ရိုက်ညွှန်ကြားသည့် အကုန်ရှင်းရေး မူဝါဒ (No Man’s Land Policy) ဖြစ်ကြောင်း ပြောသည်။
No Man’s Land Policy ဆိုသည်မှာ စစ်ဆင်ရေး ဧရိယာအတွင်းတွင် တွေ့ရသော ကလေးလူကြီး မကျန်ကို သတ်ဖြတ်ပစ်ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။
နအဖ စစ်အစိုးရက ဖြတ်လေးဖြတ် ပြုလုပ်ရန် ညွန်ကြားချက်ထွက်ပေါ်ချိန်တွင် ဖေဖော်ဝါရီလအတွင်းက ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်း ၀မ်ဟိုင်း ဌာနချုပ်ဘက်သို့ ဖြတ်သန်းသွားလာနေသော ခရီးသည်တင်ကားနှင့် ကုန်တင်ကားကြီးများကို သွားလာခွင့် ပိတ်ပင်မှုများနှင့် တိုက်ဆိုင်နေသည်။
ဝမ်ဟိုင်း ဒေသသည် ရှမ်းပြည်နယ် မိုင်းရယ်မြို့နှင့် မိုင်းရှုးမြို့နယ် ကြားတွင်ရှိပြီး ယင်းဒေသ အနောက်ဘက်ခြမ်းတွင် ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ လက်အောက်ခံ တပ်ရင်း ၇ ရင်းနှင့် သံချပ်ကာ ကား ၂၀ ကျော်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက တိုးချဲ့ချထားကြောင်း သိရသည်။
မိုင်းလား တပ်ဖွဲ့ အထူး ဒေသ (၄) အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသည်။
UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေးယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးကို ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။
အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့် တပ်ဖွဲ့ရန် ငြင်းဆန်ကာ လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ်ရေးအရ တင်းမာမှုများ ပေါ်ပေါက်နေသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment