ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ တာ့ခ် ခရိုင်တွင် ခိုလှုံနေကြသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အတိုက်အခံ အဖွဲ့အစည်းများကို ထိုင်းအစိုးရအနေဖြင့် တင်းကျပ်စွာ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ဘီဘီစီ မြန်မာပိုင်းသတင်းတွင် ပါရှိသည်။
မြန်မာစစ်အစိုးရကို ဆန့်ကျင်နေသော အတိုက်အခံများနှင့် လူမျိုးစု လက်နက်ကိုင်များ မြန်မာ စစ်တပ်ကို သွားရောက် တိုက်ခိုက်ခြင်း၊ နိုင်ငံရေး လှုပ်ရှားမှုများ ပြုခြင်းများကို ထိုင်းအစိုးရက တင်းတင်းကျပ်ကျပ် ကိုင်တွယ် ဖြေရှင်းသွားမည်ဟု တာ့ခ် ခရိုင် တာဝန်ခံက ပြောကြောင်း ဘီဘီစီ မြန်မာပိုင်းအစီအစဉ်က ယနေ့ မနက်တွင် ထုတ်လွှင့်ခဲ့သည်။
ယင်းကဲ့သို့ ထိုင်းအာဏာပိုင်များ ပြောဆိုလာခြင်းမှာ မြန်မာ စစ်အစိုးနှင့် နယ်စပ်အခြေစိုက် ထိုင်း စီးပွားရေးသမားများ၏ ဖိအားပေးမှုကြောင့်ဟု စစ်အစိုးရဆန့်ကျင်သူတို့က ယူဆကြပြီး ထိုင်းအစိုးရက ယင်းသို့ ကိုင်တွယ်ဖြေရှင်းမှုမျိုး ပြုလာပါက ထိခိုက်မှုများရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB မှ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောသည်။
“သူတို့ ဘယ်လို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မလဲဆိုတာ မူတည်တာပေါ့။ လုံးဝ နေလို့မရအောင်လုပ်တယ်။ ဟိုဘက်က စစ်အစိုးရ မျက်နှာသာရအောင် လုပ်တယ်ဆိုလို့ ရှိရင်တော့ လှုပ်ရှားမှုကို ထိခိုက်သွားနိုင်တာပေါ့လေ” ဟု ဒေါက်တာ နိုင်အောင်က မဇ္ဈိမကို ပြောသည်။
ယခုချိန်ထိ ထိုင်းအာဏာပိုင်များအနေဖြင့် လက်နက်ကိုင်များနှင့် အတိုက်အခံအဖွဲ့တွေကို တစုံတရာ ကြပ်မတ်လာခြင်း မရှိသေးသော်လည်း ထိုင်း-မြန်မာ နယ်စပ် စီးပွားရေး လမ်းကြောင်းတခုဖြစ်သည့် မဲဆောက်-မြဝတီတံတား ပြန်ဖွင့်ရန် လိုလားနေသည့် ထိုင်းအစိုးရအနေဖြင့် မြန်မာ စစ်အစိုးရအလိုကျ ပြုလာဖွယ်ရှိကြောင်း အတိုက်အခံတို့က သုံးသပ်သည်။
စစ်အစိုးရက ထိုင်းနိုင်ငံရောက် မြန်မာ အတိုက်အခံအဖွဲ့များ၏ လှုပ်ရှားမှုများကို အချက်အလက် ပေးပို့၍ ဖိအားပေးခဲ့ပြီးနောက် ထိုင်းအစိုးရဘက်က ယခုကဲ့သို့ တုန့်ပြန်လာကြောင်း ဘီဘီစီ မြန်မာပိုင်းတွင် တွေ့ရှိရသည်။
“အစကထဲက ကိုယ့်နိုင်ငံလဲ မဟုတ်တဲ့အတွက် တရားဝင် လွတ်လွတ်လပ်လပ် လုပ်လို့ရတာမှ မဟုတ်တာ။ ဒီမိုကရေစီ လှုပ်ရှားတဲ့လူတွေမို့ ထိုင်းအစိုးရကနေပြီးတော့ ပြတ်ပြတ်သားသား နှိမ်နှင်းမယ် ဆိုလို့ ရှိရင်လဲ နိုင်ငံတကာက ဖိအားပေးလာနိုင်ပြီး မျက်နှာပျက်စရာတွေ ဖြစ်လာနိုင်တဲ့ဟာတွေတော့ရှိတာပေါ့လေ” ဟု ဒေါက်တာ နိုင်အောင်က ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး KNU က ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံထဲတွင် လက်နက်ကိုင် လှုပ်ရှားနေခြင်းများ မရှိသလို မြန်မာနိုင်ငံတွင်း ရွှေ့ပြောင်း နေထိုင်ရမည် ဆိုပါကလည်း မိမိတို့ အတွက် အခက်အခဲမရှိကြောင်း KNU ဘားအံ ခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ပြောသည်။
“ထိုင်းက ဖိအားပေးလာလဲ ကျနော်တို့အတွက် ဘာမှ ထူးလာမှာမဟုတ်ဘူး။ အထဲမှာ ကျနော်တို့ ရုံးတွေ နေရာတွေ အများကြီးရှိနေတာပဲ။ ဒီဘက်မှာနေနေတာလဲ ကျနော်တို့ အနေနဲ့ ဘာအကြမ်းဖက်မှုမှ လုပ်တာမှ မဟုတ်ပဲ။ ဘာလက်နက်မှလဲ မကိုင်ဘူး” ဟု ဖဒို စောအောင်မော်အေးက မဇ္ဈိမကို ပြောသည်။
အလားတူ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA -S) ကလည်း ထိုင်းနိုင်ငံအတွင်း ရုံးများ အတည်တကျ ဖွင့်မထားသဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ မိမိတို့ အပေါ်သက်ရောက်မှု ရှိမည်မဟုတ်ဟု SSA-S ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက မဇ္ဈိမကို ပြောသည်။
တာ့ခ် ခရိုင်နှင့် နယ်နမိတ်ထိစပ်နေသည့် ကရင်ပြည်နယ်အတွင်း စစ်အစိုးရတပ်များနှင့် တိုက်ခိုက်နေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ကမူ မိမိတို့ကို ထိုင်းအစိုးရက သူပုန်အဖြစ် သတ်မှတ်ပြီး စစ်အစိုးရဘက်သာ လိုက်လေ့ရှိကြောင်းပြောသည်။
“ထိုင်းအစိုးရက ကျနော်တို့ကို သူပုန်လိုဆက်ဆံပြီး ဖြစ်နိုင်ရင် သူတို့က ကျနော်တို့ တယောက်ချင်းစီဖမ်းပြီး နအဖ လက်အပ်ဖို့တောင်ရှိတယ်။ လုပ်လို့မကောင်းလို့ မလုပ်တာ။ အခုတောင် ကေအင်န်ယူကို သူတို့ အသက်ရှုလို့မရအောင် ဟိုပိတ် ဒီပိတ် လိုက်လုပ်နေတာပဲဟာ” ဟု DKBA တပ်မဟာ ၅ မှ ကလို့ထူးဘောဗျူဟာ အခြေစိုက် စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က မဇ္ဈိမကိုပြောသည်။
ထို့ပြင် စစ်အစိုးရအနေဖြင့် ထိုင်းအစိုးရကို ခုတုံးလုပ်၍ ယခုလို တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အမြစ်ဖြတ်ရန် ဖိအားပေး ကြိုးစားနေမှုသည် ထိရောက်မည်မဟုတ်ပဲ နိုင်ငံရေး နည်းလမ်း အရသာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
မနှစ် ဖေဖော်ဝါရီလ ၄ ရက်က မဲဆောက်မြို့ရှိ KNU ခေါင်းဆောင်အိမ်အချို့နှင့် ကရင်သတင်းဌာန ရုံးကို မဲဆောက် အခြေစိုက် ထိုင်းစစ်တပ်နှင့် ရဲတို့က ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း တရားမဝင် ပစ္စည်း တစုံ တခုမှ တွေ့ရှိခြင်းမရှိသဖြင့် ပြန်သွားခဲ့ကြသည်။

0 kommentarer:
Post a Comment