ဧရာဝတီ သတင်းမှ..............
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ပွဲဝင်မည့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည် သည် ခရစ်ယာန် သာသနာပြုများကို အသုံးချပြီး မဲဆွယ်နေသည်ဟု သိရှိရသည်။
ဦးအောင်ကြည်သည် ခရစ်ယာန်သာသနာပြု ဂေဟာတခုသို့ သွားရောက်လည်ပတ်စဉ် သာသနာပြု ပုဂ္ဂိုလ်များနှင့်အတူ ရိုက်ကူးထားသော ဓာတ်ပုံများကို ၎င်း၏ မဲဆွယ်လှုပ်ရှားမှု ကြော်ငြာဆိုင်းဘုတ်များတွင် ထည့်သွင်းထားခြင်းဖြင့် ဘာသာရေးကို အသုံးချကာ ခရစ်ယာန်ဘာသာဝင်များ စိတ်ဝင်စားလာစေရန် မဲဆွယ်နေသည်ကို တွေ့ရသည်။
“လမ်းဆုံလမ်းခွ၊ မီးပွိုင့်တွေမှာ ခရစ်ယာန်သာသနာပြု ပုဂ္ဂိုလ်တွေနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပုံကြီးချဲ့ပြီး ကြော်ငြာဆိုင်းဘုတ်ထဲမှာ ထည့်သုံးထားတယ်။ ဓာတ်ပုံအပေါ်မှာ လူမျိုးဘာသာခြား အားလုံးနဲ့ တစိတ် တ၀မ်းတည်းရှိနေပြီး အားလုံး စိတ်ချမ်းသာရအောင် ကူညီနေတာ ဘယ်သူလဲဆိုတဲ့ စာသားကို ထင်ထင်ရှားရှား ရေးထားတယ်” ဟု မင်္ဂလာ တောင်ညွန့် မြို့နယ်မှ သတင်းထောက် တဦးက ပြောသည်။
ရန်ကုန်မြို့ပေါ်ရှိ ခရစ်ယာန်အသိုင်းအ၀န်းက ဦးအောင်ကြည်၏ လုပ်ရပ်အပေါ် စိတ်မချမ်းမသာ ဖြစ်နေကြပြီး ဘာသာရေးကို အသုံးချမဲဆွယ်သော လုပ်ရပ်အဖြစ် ရှုမြင်ကြကြောင်း သိရသည်။
“သာသနာ့ဝန်ထမ်းတွေ နိုင်ငံရေးလုပ်ခွင့်၊ မဲပေးခွင့်မရှိဘူးလို့ ရွေးကောက်ပွဲဥပဒေမှာ တရားဝင် ပြဌာန်းထားတယ်။ သာသနာ့ဝန်ထမ်းတွေထဲမှာ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်နဲ့ ဟိန္ဒူဘာသာဝင် သာသနာ့ဝန်ထမ်းတွေ ပါတယ်လို့ ဥပေဒမှာ ရေးထားတယ်။ ဦးအောင်ကြည် မလုပ်သင့်တဲ့လုပ်ရပ်ကို လုပ်လိုက်တာပဲ ” ဟု ရန်ကုန်အခြေစိုက် ကရင်နှစ်ခြင်း သင်းအုပ်ဆရာ တဦးက ပြောသည်။
မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ဦးအောင်ကြည်နှင့်အပြိုင် ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးဖြစ်သူ ဒီမိုကရက် တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ ကလည်း ဦးအောင်ကြည်၏လုပ်ရပ်သည် ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချခြင်းဖြစ် သည်ဟု ဆိုသည်။
“ဒါ မဲရဖို့ ဘာသာရေးကို အလွဲသုံးစားလုပ်တာ” ဟု ဦးသုဝေက ပြောသည်။
တခြားသော နိုင်ငံရေးသမားတဦးကမူ ဘာသာရေးနှင့် နိုင်ငံရေး ပေါင်းစပ်ယှက်နွှယ်ခြင်းသည် အန္တရာယ်ကြီးသော လုပ်ရပ်တခုဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်လာနိုင်ကြောင်း သုံးသပ်သည်။
ကြံ့ဖွံ့ပါတီ၏ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံမည့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းသည်လည်း ဘာသာရေးကို အသုံးချကာ မဲဆွယ်ခြင်းများ ပြုလုပ်ခဲ့သည်။
တောင်ဥက္ကလာပ ၇ ရပ်ကွက်၊ သီရိဇေယျာလမ်းရှိ ဆောက်လုပ်မှု ရပ်ဆိုင်းခံထားရသော ဗလီကြီးကို အစ္စလမ် ဘာသာဝင်များထံမှ ဆန္ဒမဲများ ရရှိရေးအတွက် ဦးအောင်သိန်းလင်းက ပြန်လည်ဆောက်ခွင့်ပေးခဲ့ရာ ဗုဒ္ဓဘာသာဝင်များနှင့် မစ္စလမ် ဘာသာဝင်များ အကြား တင်းမာမှုများဖြစ်ပေါ်ခဲ့သည်။
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း ၂၊ ပုဒ်မ ၆ (င) တွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား မပြုလုပ်ရဆိုသော စည်းကမ်းချက်ကို ထည့်သွင်းထားပြီး ရွေးကောက်ပွဲဥပဒေ အခန်း ၁၃၊ ပုဒ်မ ၅၈ (ဂ) တွင်
လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြ ဆန္ဒမဲပေးရန်၊ ဆန္ဒမဲမပေးရန်လည်းကောင်း ဟောပြော၊ ပြောဆို၊ ကြေညာချက် ထုတ်ပြန်ခြင်းနှင့် လှုံ့ဆော်ခြင်းများ ပြုလုပ်လျှင် တနှစ်ထက်မပိုသော ထောင်ဒဏ်၊ တသိန်းထက် မပိုသော ငွေဒဏ်နှင့် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း တရားဝင်ပြဌာန်းထားသည်။
ဦးအောင်ကြည်သည် မင်္ဂလာတောင်ညွန့် မြို့နယ် နေရာအနှံ့အပြားတွင် ၎င်း၏ ဓာတ်ပုံများကို ပုံကြီးချဲ့ ထည့်သွင်း ရိုက်နှိပ်ထားသော ကြော်ငြာ ဆိုင်းဘုတ်မြောက်မြားစွာကို ချိတ်ဆွဲထားပြီး ရပ်ကွက်တိုင်းတွင် ဦးအောင်ကြည်၏ ကြော်ငြာ ဆိုင်းဘုတ်များ ရှိနေသည်ကို တွေ့ရသည်။
အလုပ်သမားဝန်ကြီးနှင့် ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးအောင်ကြည်သည် ဗိုလ်ချုပ်အောင်ကြည်၊ မင်းဗထူးဟူသော ကလောင်အမည်များဖြင့် စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ စာအုပ် ၆ အုပ်ရေးသားထုတ်ဝေခဲ့ပြီး တူဒေးစာအုပ်တိုက်က ထုတ်ဝေသော CEO မဂ္ဂဇင်းတွင် စီမံခန့်ခွဲမှုဆိုင်ရာ ဆောင်းပါးများ ပုံမှန် ရေးသားနေသူဖြစ်သည်။
ဦးအောင်ကြည်သည် ကြံ့ဖွံ့ပါတီပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည့် တခြားသော စစ်အစိုးရ ၀န်ကြီးများနှင့်မတူဘဲ မဲဆွယ်လှုပ်ရှားမှုများ ပြုလုပ်ရာတွင် အွန်လိုင်း ဝက်ဘ်ဆိုက် တခုလွှင့်တင်ထားပြီး မဲဆွယ်ဝက်ဘ်ဆိုက် ကို ၎င်း၏ ကလောင်ခွဲတခု ဖြစ်သော မင်းဗထူး အမည်ဖြင့် လွှင့်တင်ထားကြောင်း သိရသည်။
ဦးအောင်ကြည်၏ ဝက်ဘ်ဆိုက်မှာ www.minbahtoo.com ဖြစ်ပြီး အဆိုပါ ဝက်ဘ်ဆိုက်တွင် ဦးအောင်ကြည်၏ ကိုယ်ရေးအကျဉ်း၊ ခံယူချက်၊ ရေးသားပြီးစာအုပ်များ၊ လုပ်ဆောင်ချက် ဓာတ်ပုံများ၊ ဆက်သွယ်ရန် အီးမေးလ်လိပ်စာ အပါအဝင် ဦးအောင်ကြည်နှင့် ပတ်သက်သော အကြောင်းအရာများ အားလုံးကို ထည့်သွင်းဖော်ပြထားသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ကြံ့ဖွံ့ပါတီမှ ဦးအောင်ကြည်နှင့်အတူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌဦးသုဝေ၊ တစ်သီးပုဂ္ဂလ ဦးလှမျိုးမြင့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ဦးခင်မောင်လွင်၊ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ်ပါတီမှ ဦးဇော်ဝင်း စုစုပေါင်း ၅ ဦး ၀င်ရောက် အရွေးချယ်ခံကြမည် ဖြစ်ကြောင်း သိရသည်။
19 October 2010
ခရစ်ယာန်သာသနာပြုများကို အသုံးချ၍ ကြံ့ဖွံ့မဲဆွယ်
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment