ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထားဝယ်စီမံကိန်းသို့လာရောက် – Thai ex PM visited Burma
Yangon Press International

မတ်လ ၁၇၊ ၂၀၁၂ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန်စီမံကိန်းသို့ သွားရောက်ကြည့်ရှုပြီး အီတာလျှံထိုင်း ကုမ္ပဏီသင်္ဘောပေါ်တွင် တစ်ည အိပ်ခဲ့ကြောင်း စီမံကိန်းဝန်ထမ်းတဦးက ပြောသည်။
ထားဝယ်သို့ ကိုယ်ပိုင် သီးသန့်လေယာဉ်ဖြင့် လာရောက်သည့် သက်ဆင်သည် မတ်လ ၁၄ ရက် နေ့ မနက်ပိုင်းတွင် ထားဝယ်မှ ပြန်လည် ထွက်ခွာသွားကြောင်းလည်း ၎င်းဝန်ထမ်းက ဖြည့်စွက်ပြောဆိုသည်။
“သက်ဆင်လာတယ်။ သင်္ဘောပေါ်တစ်ညအိပ်ပြီး ပြန်သွားတယ်။ ဒီတစ်ခါက ဒုတိယအခေါက်ပေါ့။ သူနဲ့ အတူ နောက်ထပ် လူကြီးနှစ်ယောက်ပါသေးတယ်။ ဘယ်သူလဲတော့ မသိဘူး “ ဟု မျက်မြင်တွေ့လိုက်ရသည့် စီမံကိန်း ၀န်ထမ်း ကပြောသည်။
ယခုခရီးစဉ်သည် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး ယမန်နှစ် ဒီဇင်ဘာလ အတွင်းကလည်း တစ်ကြိမ်လာရောက်ခဲ့ဖူးသည်။
၁၃ ရက်နေ့မနက်ပိုင်းက ရောက်ရှိလာသော ထိုင်းဝန်ကြီးချုပ်ဟောင်း စီးနင်းလာသည့် ကိုယ်ပိုင်သီးသန့် လေယဉ်မှာ ထားဝယ် လေဆိပ်တွင် ညအိပ်ရပ်နားကာ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းတွင် ထားဝယ်လေဆိပ်မှ ကမ္ဘောဒီးယားသို့ ထွက်ခွာသွားသည်ဟု ထားဝယ်လေဆိပ်မှ ၀န်ထမ်းတစ်ဦးကလည်း သက်ဆင်၏ ခရီးစဉ်ကို အတည်ပြုပြောကြားသည်။
“ သူလာတော့ ကျနော်တို့ဘက်က လုံခြုံရေးတာဝန်ယူပေးရတာပေါ့။ မကောင်းပါဘူးဗျာ။ သူများနိုင်ငံက ၀ရမ်းပြေးကို သွားစောင့်ပေး နေရတာ “ ဟု ယခင်တစ်ခေါက်ခရီးစဉ်နှင့် ပက်သက်၍ အစိုးရလုံခြုံရေးဆိုင်ရာ အရာရှိတစ်ဦးက ဆိုသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း၏ စကားပြန်မှာ စီမံကိန်းဧရိယာသို့ လိုက်ပါမသွားဘဲ ထားဝယ်တွင်ပင် ကျန်ခဲ့ကာ လေယဉ်မောင်း နှစ်ဦးနှင့် လေယဉ်မယ်တို့မှာလည်း ထားဝယ် Golden Guest ဟိုတယ်တွင် တည်းခိုသွားကြောင်း ထားဝယ်မြို့မှ စီးပွားရေးသမားတစ်ဦး ကပြောကြားသည်။
“ သူ့အနေနဲ့ ဒီထားဝယ်ရေနက်ဆိပ်ကမ်းမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ပက်သက်နေတယ်ဆိုတာ သတိထားဖို့ လိုအပ်တယ်။ အခု လာတာကလည်း ခိုးကြောင်ခိုးဝှက်နဲ့ လူမသိသူမသိ လာတာလေ။ သူ့လိုလူတစ်ယောက်က လူသိရှင်ကြား လာရမှာပေါ့ “ ဟု သက်ဆင်၏ ခရီးစဉ်နှင့် ပက်သက်၍ ထားဝယ်စီမံကိန်းအကြောင်း စိတ်ဝင်စားသူဒေသခံတစ်ဦးက ဆိုသည်။
ထိုင်းဆက်သွယ်ရေးကုမ္ပဏီ Advanced Info Service ကိုတည်ထောင်ပြီး သန်းကြွယ်သူဌေးဖြစ်လာသူ သက်ဆင်မှာ ၂၀၀၁မှစ၍ ထိုင်းဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယသက်တမ်းအတွင်း ၂၀၀၆ ခုနှစ်တွင် နိုင်ငံခြားသို့ရောက်ရှိနေစဉ် စစ်တပ်မှ အာဏာသိမ်း ခြင်းခံရသည်။
ငွေကြေးအလွဲသုံးစားမှုများဖြင့် ၂၀၀၈ ခုနှစ် အတွင်းက မျက်ကွယ်ထောင်ဒဏ် (၂) နှစ်ချမှတ်ခံရခြင်းသူ သက်ဆင်၏ သမာရိုးကျ မဟုတ်သော ပိုင်ဆိုင်မှုဖြစ်သော ဘတ်ငွေ ၄၆ ဘီလျံအား တရားရုံးအမိန့်ဖြင့် ၂၀၁၀ခုနှစ်တွင် သိမ်းဆည်းခဲ့သည်။
အခြေခံ အဆောက်အအုံစီမံကိန်းများ အကြီးအကျယ်အကောင်အထည်ဖော်ခဲ့သော ထိုင်းဝန်ကြီးချုပ်သက်ဆင် လက်ထက်က ဘန်ကောက်မြို့ သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်စီမံကိန်းတွင် ယခုထားဝယ်စီမံကိန်း အကောင်အထည်ဖော်သည့် အီတာလျံထိုင်းကုမ္ပဏီ က အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ။
ထိုင်းအခြေစိုက် အင်အားကြီး ဆောက်လုပ်ရေးကုမ္ပဏီ အီတာလျှံထိုင်းမှ တည်ဆောာက် အကောင်အထည်ဖော်နေသော (၅၈) ဘီလျံ ခန့် ရင်းနှီးမြုပ်နှံမှုမည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ပိုင် MAX Myanmay ကုမ္ပဏီက လည်း ရှယ်ယာ (၂၅) ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။
အရှေ့တောင်အာရှတွင် အကြီးဆုံး ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ဖြစ်လာမည်ဖြစ်သည့် ထားဝယ် စီမံကိန်းသည် ထိုင်းနိုင်ငံအား ဒေသတွင်း ကုန်သွယ်ရေးဗဟိုဖြစ်စေရန်ဟု အီတာလျံ ထိုင်းကုမ္ပဏီထုတ် စိတ်ကူးပုံရိပ် အစီအစဉ် (Conceptual Plan) တွင် ဖော်ပြထားသည်။ ။
မူရင်း – Yangon Press International – http://www.facebook.com/ygnpress







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment