21 Feb 2012
KNG
မြန်မာနိုင်ငံမြောက်ပိုင်း မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း ၀ိုင်းမော်မြို့နယ်အတွင်း လွန်ခဲ့သည့်ရက်သတ္တပတ်တွင် ဒေသခံပြည်သူများ၏ ကောက်သစ်စပါးတင်း ၁၅၀ ကျော်အား မြန်မာအစိုးရတပ်က မီးရှို့ဖျက်ဆီးလိုက်သည်ဟု မျက်မြင်များပြောသည်။
ဖေဖော်ဝါရီလ (၁၆)နှင့် (၁၇) ရက်၌ မလီးယန်ကျေးရွာသို့ဝင်ရောက်လာသည့် မိတ္ထီလာအခြေစိုက် ခြေမြန်တပ်မ (၈၈) လက်အောက်ခံ အစိုးရစစ်ကြောင်းက ကောက်သစ်စပါးကျီများကို မီးရှို့ဖျက်ဆီးသွားကြသည်။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၅) တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်ကြပြီးနောက် ထိုသို့ပြည်သူ့စည်းစိမ်ဥစ္စာများကို အစိုးရတပ်က ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။
မီးရှို့ခံရသည့်အထဲ မိသားစု ၃ ခု၏ စပါးကျီများပါဝင်သွားသည်။ မိသားစုအမည်များကို ၎င်းတို့၏လုံခြုံရေးကြောင့် မဖော်ပြတော့ပါ။ ပထမ မိသားစုမှာ ကောက်သစ်စပါးတင်း ၁၀၀ ရှိ စပါးကျီ ဆုံးရှုံးသွားသည်။ ဒုတိယ မိသားစုမှာ စပါးတင်း ၅၀၊ တတိယ မိသားစုမှာ စပါး ၆ တင်း ပါဝင်သည့်အပြင် ၎င်းတို့၏အိုးအိမ်များလည်း မီးရှို့ဖျက်ဆီးခံကြရသည်။
ပဋိပက္ခဖြစ်ပွားသည့်ဒေသများတွင် ဒေသခံလယ်သမားများ၏ အိုးအိမ်နှင့် ကောက်ပဲသီးနှံများအား လုယက်ဖျက်ဆီးခြင်းကို မြန်မာအစိုးရစစ်တပ်က စစ်ဆင်ရေးတစ်ခုအနေဖြင့် စနစ်တကျလုပ်ဆောင်နေခြင်းဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်၏ ၉ လကြာစစ်ဆင်ရေးအတွင်း ထိုသို့ပြုလုပ်ချက်များအတွက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့(Human Rights Watch)၊ PHR (Physicians for Human Rights) စသည်တို့က အစီရင်ခံစာများထုတ်ဝေ၍ မြန်မာအစိုးရတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်ထားကြသည်။
သမ္မတဦးသိန်းစိန်အစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေသည်ဟု ပြောဆိုနေချိန် ယခုဖေဖော်ဝါရီလအထိ အစိုးရစစ်တပ်က လက်နက်မဲ့ပြည်သူများကို သတ်ဖြတ်နေဆဲဖြစ်သည်။
ကချင်ပြည်နယ်တောင်ပိုင်း၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ဟန်ထက်ရွာသား ဦးမနမ်ဂမ်အား ထိုဒေသရောက် မိတ္ထီလာနယ်မြေခံ ခမရ (၁၁၃)မှ အစိုးရစစ်သားများက ပစ်ခတ်သတ်ဖြတ်မှုတစ်ခု ဖေဖော်ဝါရီလ ၂ ရက်တွင် ဖြစ်ပွားခဲ့သည်။
ဦးမနမ်ဂမ်မှာ လယ်ကွင်းအသွား ပစ်ခတ်သတ်ဖြတ်ခံရပြီး ဇနီးသည်မှာ ဒဏ်ရာရရှိသွားသည်။ သူသည် စုံစမ်းစစ်ဆေးမေးမြန်းမှုခံရမှုမရှိဘဲ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆွေမျိုးများ ပြောပါသည်။
ယခုနှစ်အစောပိုင်းတွင် နှစ်ဖက်တိုက်ပွဲများ ခဏတာ ရပ်တန့်နေစဉ် လွန်ခဲ့သည့်ရက်သတ္တပတ်များမှ တိုက်ပွဲ များလာသည်။ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်း ရွှေရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမည့်ဒေသတွင် တိုက်ပွဲအဖြစ်များသည်ကို တွေ့ရသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း နှစ်ဖက်ကိုယ်စားအလှယ်များ တွေ့ဆုံရန်ရှိသော်လည်း တရုတ်နိုင်ငံတွင်ထပ်မံတွေ့ဆုံရန် မြန်မာအစိုးရကိုယ်စားလှယ်များက လက်မခံသည့်အတွက် ဆွေးနွေးပွဲ ပျက်ပြားသွားသည်ဟု KIO အရာရှိများပြောသည်။
KNG

ပြီးခဲ့တဲ့ ၂၀၁၁ နှစ်ကုန်ပိုင်းကလည်း မလီးယန်ရွာအနီး နမ်ဆန်ယန်ကျေးရွာမှ ကချင်မိတားစု တစု၏ နေအိမ် စပါးကျီကို ယခုလိုမြန်မာအစိုးရတပ်မှ မီးရှိုဖျက်ဆီးထားခဲ့စဉ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment