17 November 2011

ရန်ကုန်မြို့လယ်၌ ရုပ်ရှင်ဒါရိုက်တာ တစ်ဦး အက်ရှင် ဇာတ်လမ်းဆန်ဆန် အသတ်ခံရ

The Voice Weekly

MTV ခေတ်ဦး ကာလကတည်းကပင် ရုပ်ရှင်ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သော အသက် ၄၀ ခန့်အရွယ် အနုပညာရှင် တစ်ဦးကို ရန်ကုန်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်တွင် အက်ရှင်ကားမှ ဇာတ်ဝင်ခန်းဆန်ဆန် ကားဖြင့် တရွတ်တိုက် ဆွဲခေါ်ကာ ရက်စက်စွာ သတ်ခဲ့သော လူသတ်မှုတစ်ခု နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၀ နာရီခွဲခန့်၌ ဖြစ်ပွားခဲ့ကြောင်း အသတ်ခံခဲ့ရသော ဒါရိုက်တာ၏ မိသားစုများနှင့် မျက်မြင် တွေ့ကြုံခဲ့သူများက ပြောကြားသည်။

ယင်းသို့ ဖြစ်ခြင်းသည် ယခုလ ၂ ရက်နေ့တွင် သိမ်ကြီးဈေးရှိ စားသောက် ဆိုင်တစ်ခုတွင် အချင်းများရာမှ နောက်ဆက်တွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင် ဦးဇင်ဝေလတ်က ပြောကြားသည်။


ရန်ကုန်မြို့ သိမ်ကြီးဈေးရှိ ၃၆၉ စားသောက်ဆိုင်တွင် သေဆုံးသူ ဦးသန့်ဇင်လတ် (ခ) ဦးဇင်မင်းသည် သူငယ်ချင်း တစ်စုနှင့် အတူ ညစာ စားသောက်နေစဉ် ည ၁၀ နာရီဝန်းကျင်၌ အနီးဝိုင်းရှိ အိန္ဒိယနွယ်ဖွား အမျိုးသား နှစ်ဦးနှင့် ဦးသန့်ဇင်လတ်တို့ ဝိုင်းမှ သူငယ်ချင်းတို့ စကားများ ရန်ဖြစ်ခဲ့ကြောင်း၊
၎င်း၏ သူငယ်ချင်းဖြစ်သူ ဦးသန်းထိုက်ကို ထိုးကြိတ် ကန်ကြောက်ခဲ့ပြီး အိန္ဒိယနွယ်ဖွား အမျိုးသားနှစ်ဦးမှာ ထွက်ပြေးခဲ့ကြောင်း၊ ဦးသန်းထိုက်မှာ ယင်းဆိုင်၌ပင် ဒဏ်ရာများနှင့် ကျန်ရှိခဲ့ပြီး ဦးသန့်ဇင်လတ် (ခ) ဦးဇင်မင်းသည် ၎င်းတို့နောက်သို့ လိုက်ရန်အတွက် သူငယ်ချင်း ဦးနိုင်မိုး စီးလာသော အငှားယာဉ်ဖြင့် နောက်မှ လိုက်ပါခဲ့ရာ ဗိုလ်ချုပ်လမ်းနှင့် ၄၅ လမ်းထောင့်၌ ထွက်ပြေးသူ နှစ်ဦး စီးသွားသော Super Custom ၈ဈ/ ၄၄၃၅ ကို မီလာသဖြင့် ဦးသန့်ဇင်လတ် (ခ) ဦးဇင်မင်းက အငှားယာဉ်ပေါ်မှ ဆင်းကာ ယာဉ်မောင်းဘက်ခြမ်းသို့ သွားရောက် ပြောဆို မေးမြန်းစဉ် ၎င်းကို ယာဉ်မောင်းနှင်သူက လည်ပင်းမှ ချုပ်သိုင်းကာ ကားဖြင့် ဗိုလ်ချုပ်လမ်းနှင့် ၄၅ လမ်းထောင့်မှ ဗိုလ်ချုပ်လမ်း အတိုင်း ၄၅ လမ်း၊ ၄၆ လမ်းကို ကျော်လွန်ကာ ၄၈ လမ်းထိပ်အထိ တရွတ်တိုက် ဆွဲခေါ်သွားရာ လမ်းမ၌ ရပ်နားထားသော ယာဉ်နှစ်စီးနှင့် တိုက်မိကာမှ ဖြုတ်ချခဲ့ပြီး ထွက်ပြေးသွားကြောင်း အသတ်ခံရသူ ဦးသန့်ဇင်လတ်၏ ညီဖြစ်သူ ဦးဇင်ဝေလတ်က ပုဇွန်တောင် ရဲတပ်ဖွဲ့စခန်း၌ အမှုဖွင့်တိုင်ကြားစာ ပါအချက်အလက်များကိုပြောကြားသည်။

" သူဆုံးတာ ၁၀ နာရီ ၄၅ မိနစ်။ ဆေးရုံရောက်မှ သိတာ။ ရင်ခွဲစစ်ဆေးချက် အရတော့ နံရိုးတွေ ကျိုးပြီး ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ကလီစာတွေကို စိုက်ပြီး ဆုံးတယ်လို့ ပြောတယ်။ နံရိုးအကောင်း တစ်ချောင်းပဲ ကျန်တယ် " ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပုဇွန်တောင် ရဲတပ်ဖွဲ့စခန်းက (ပ)၂၃၃/ ၂၀၁၁၊ ပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း၊ ယခုလ ၃ ရက်နေ့တွင် အမှုဖွင့်ထားပြီး အငှားယာဉ်ပေါ် လိုက်ပါလာသော သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ ဦးနိုင်မိုး၏ ပြောဆိုချက်ကို ကိုးကားပြီး ဦးဇင်ဝေလတ်က ပြောကြားသည်။

" သူတို့ဘက်က ငွေအား၊ လူအားနဲ့ လာမယ်လို့ သိရတယ်။ နောက် လူစားထိုးမယ်လို့လည်း ကြားတယ်။ ကျွန်တော်တို့ အနေနဲ့ တကယ့်တရားခံကို တရားဥပဒေအရ အရေးယူ စေချင်တယ် " ဟု သေဆုံးသူ ဦးသန့်ဇင်လတ် (ခ) ဦးဇင်မင်း၏ညီ ဦးဇင်ဝေလတ်နှင့် မိသားစုကဲ့သို့ ရင်းနှီးသူ တေးသံရှင် ဦးလင်းလင်းက ဆိုသည်။

ယင်းနေ့က ထွက်ပြေးခဲ့သော ယာဉ်ကို ပြန်လည်တွေ့ရှိ သိမ်းဆည်း ရမိပြီး ယင်းကားနှင့်အတူ လိုက်ပါသူ တစ်ဦးကိုလည်း ဖမ်းဆီးရမိထားပြီ ဖြစ်ကြောင်း ပုဇွန်တောင် ရဲတပ်ဖွဲ့စခန်း၏ အသိပေးချက်ကို ကိုးကားပြီး ဦးဇင်ဝေလတ်နှင့် တေးသံရှင် ဦးလင်းလင်းက The Voice Weekly သို့ ယခုလ ၈ ရက်နေ့တွင် ပြောကြားသည်။

0 kommentarer:

Post a Comment