လင်းသန့်
နှစ်ရှည်ထောင်ဒဏ် ကျခံနေကြရသော စစ်ထောက်လှမ်းရေး အရာရှိဟောင်း အနည်းဆုံး ၅ ဦးကို ဇွန်လအတွင်းက အကျဉ်းထောင်များမှ ပြန်လည် လွှတ်ပေး လိုက်ကြောင်း သတင်းရရှိသည်။

အကျဉ်းထောင်မှ ပြန်လွှတ်ပေးလိုက်သည်ဟု ဆိုသော ဗိုလ်မှူးကြီးဟောင်း စန်းပွင့် (ဓာတ်ပုံ - Shan Land)
၎င်းတို့မှာ ဗိုလ်မှူးကြီးဟောင်း စန်းပွင့်၊ ဒု ဗိုလ်မှူးကြီးဟောင်း သက်တင်စိန်၊ ဗိုလ်မှူးဟောင်း ညီညီလွင်၊ ဗိုလ်မှူးဟောင်း စည်သူ၊ ဗိုလ်မှူးဟောင်း ထွန်းအောင်စိုးတို့ ဖြစ်သည်။
ဗိုလ်မှူးကြီးဟောင်း စန်းပွင့်သည် ယခင်က စစ်ထောက်လှမ်းရေးအဖွဲ့၏ တိုင်းရင်းသားရေးရာ ဒုတိယ တာဝန်ခံတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှုတို့ဖြင့် သရက်ထောင်တွင် ထောင်ဒဏ် အနှစ် ၄၀ ကျော် ပြစ်ဒဏ်ပေးခံရသည်။
ဒု ဗိုလ်မှူးကြီးဟောင်း သက်တင်စိန်မှာ ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေးဌာန (ကကလှမ်း) မှ ဗိုလ်မှူးချုပ် မြင့်အောင်ဇော် ဦးစီးခဲ့သည့် ကကလှမ်း ရုံးချုပ်တွင် အရာရှိတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
စန်းပွင့်နှင့် သက်တင်စိန်တို့သည် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ လက်ရုံးများဖြစ်ခဲ့သည်။ ၎င်းတို့သည် ၁၉၈၀ ဝန်းကျင်နှောင်းပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီအား ဖြိုခွဲခဲ့ပြီး ၁၉၈၉ နှင့် ၁၉၉၀ တို့တွင် ယင်းပါတီမှ မြေအောက်ကွန်ရက်အဖွဲ့ဝင် ဦးသက်ခိုင်နှင့် အပေါင်းအပါများကို ဖမ်းဆီးခဲ့သူလည်း ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ခုနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာတွင်လည်း စန်းပွင့်နှင့် သက်တင်စိန်တို့သည် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့သည်။
ဗိုလ်မှူးဟောင်း ညီညီလွင်မှာ ရှမ်းပြည်မြောက်ပိုင်း၊ ကွမ်လုံ စစ်ထောက်လှမ်းရေးရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ် သည်။
ဗိုလ်မှူးဟောင်း ထွန်းအောင်စိုးသည် ဧရာဝတီတိုင်း ပုသိမ်အခြေစိုက် စစ်ထောက်လှမ်းရေး တပ်ဆွယ်တာဝန်ခံတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ယခင် တန်ပြန် စစ်ထောက်လှမ်းရေး အရာရှိဟောင်းလည်းဖြစ်၊ ၀ါရှင်တန်တွင် လက်ထောက် သံရုံးတာဝန်ခံအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က သက်တင်စိန်၊ ညီညီလွင် နှင့် ထွန်းအောင်စိုးတို့ နှစ်ရှည်ထောင်ဒဏ်ကျခံနေရခြင်းမှ မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
“ဒါပေမယ့် အဓိကကျတဲ့ စစ်ထောက်လှမ်းရေး အရာရှိ တော်တော်များများကတော့ အခုထိ ထောင်တွေထဲမှာ ရှိနေဆဲပါ။ ကြည့်ရတာ စမ်းလွှတ်ပေးတာထင်တယ်” ဟု ဦးအောင်လင်းထွဋ်က ဧရာဝတီသို့ ပြောသည်။
၂၀၀၄ ခုနှစ် အောက်တိုဘာလက ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် စစ်ထောက်လှမ်းရေး အရာရှိ ၃၈ ဦးတို့သည် လာဘ်ပေးလာဘ်ယူမှု၊ အာဏာ အလွဲသုံးစားလုပ်မှုတို့ဖြင့် ထောင်ဒဏ် ၂၀ နှစ်မှ ထောင်ဒဏ် ၁၆၀ နှစ်အထိ ချမှတ်ခံခဲ့ရပြီး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကိုမှု ဆိုင်းငံ့ ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခဲ့ပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိမ်းသိမ်းထားခဲ့သည်။
တန်ပြန် ထောက်လှမ်းရေး တာဝန်ခံ ဗိုလ်မှူးချုပ်ဟောင်း သန်းထွန်းသည် ထောင်ဒဏ် နှစ်ပေါင်း ၁၆၀ ချမှတ်ခံထားရသည်။
၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် စစ်ထောက်လှမ်း ရေးများကို ဖမ်းဆီးဖြိုခွဲခဲ့ရာတွင် စစ်ထောက်လှမ်းရေး မိသားစုဝင်များနှင့် ယင်းတို့နှင့် ပတ်သက်သည့် အရပ်သားများကိုပါ ဖမ်းဆီးထိမ်းသိမ်းခဲ့သည်။
ဦးခင်ညွန့်၏ သားသမက်ဖြစ်သူ ဦးတင်ထွဋ်သည်လည်း စီးပွားရေးပုဒ်မများဖြင့် ထောင်ဒဏ် ၁၄၈ နှစ် ကျော် ချမှတ်ခဲ့ပြီး စစ်ထောက်လှမ်းရေးဌာန၏ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ ဗိုလ်မှူးချုပ်သိန်းဆွေ၏ သားဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးဆန်နီဆွေလည်း ဖမ်းဆီးထောင်ချခံရသည်။
ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေသည် လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှုတို့ဖြင့် ထောင်ဒဏ် ၁၅၂ နှစ် ချမှတ် ခံထားရသည်။
“စစ်ထောက်လှမ်းရေးဟောင်းတွေကို ထောင်ထဲမှာ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့က လူတွေက မကြာခဏ လာတွေ့ပြီး ဆွေးနွေးတာတွေလုပ်တယ်။ သူတို့ကို တိုင်းရင်းသားကိစ္စတွေမှာ ပြန်သုံးဖို့အတွက် အကြံဥာဏ်ယူတာတွေလဲရှိတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။
၂၀၀၉ ခုနှစ်ကလည်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ထံသို့ ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) ၅ တပ်မှူး ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေက သွားရောက် တွေ့ဆုံခဲ့သည်ဟုလည်း သိရသည်။
20 July 2011
အကြီးတန်း စစ်ထောက်လှမ်းရေး အရာရှိများကို ထောင်မှ လွှတ်ပေး
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment