သျှမ်းသံတော်ဆင့်
ယခုလဆန်းအတွင်း သျှမ်းပြည်တပ်မတော် SSPP/ SSA ထိန်းချုပ်နယ်မြေအတွင်းတိုက်ပွဲများဆက်လက်ဖြစ်ပွါး နေသည့် အပြင် စစ်မြေပြင်နှင့်အနီးပါတ်ဝန်းကျင်ရှိ ဒေသခံလူထုအများအပြား မိမိတို့ပိုင်ဆိုင်မှုများမြန်မာ စစ်တပ်၏ ယူငင်စား သောက်ခြင်းခံနေရကြောင်း မိုင်းရှူးရောက်ဒေသခံတဦးကပြောသည်။
တိုက်ပွဲဖြစ်နေသည့် နေရာများမှာ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ မြို့နယ်အမှတ် ၄ ထိန်းချုပ်နယ်မြေဖြစ် သော မိုင်းရှူး မြို့နယ် ၊ မိုင်းနောင်မြို့နယ်ခွဲ၊ ကွန်ဟိန်းမြို့နယ် တို့တွင်ဖြစ်ကြောင်း SSPP/ SSA မှ အရာရှိတဦးက ပြောသည်။
“ ဒီ တပတ်ထဲမှာ ကျနော်တို့နဲ့တိုက်ပွဲဖြစ်နေတာ မြန်မာစစ်တပ်က လဲချား ခလရ ၆၄၊ မိုင်းပန် ခမရ ၅၇၇ နဲ့ မိုင်းကိုင် ခမရ ၅၁၃ ။ သူတို့က ပူးပေါင်းတပ်ဖွဲ့တွေ အင်အား ၂၀၀ လောက်ရှိမယ်။ ၂ ဖွဲ့ခွဲပြီး မိုင်းရှူးမြို့ ဟိုင်းပါ အုပ်စုဖက် တဖွဲ့ တက်သွားတယ်။ အင်အား ၁၀၀ လောက်ပေါ့။ နောက်တဖွဲ့ကျတော့ တာ့ဆာမ်ပူးရဲ့ အလွန် ကုန်းလင် ဖက် တက်သွား တယ်။ လွယ်ဝု ဆိုတဲ့တောင်ပေါ်မှာ နေရာယူထားတယ်” ဟု အဆိုပါ အရာရှိကပြော သည်။
ယခုလ ၂ ရက်က လဲချားအခြေစိုက် ခလရ ၆၄ ၊ ခမရ ၅၁၅ မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော် တပ်မဟာ ၇၂ တပ်ရင်း ၈၀၁ တို့ မိုင်းနောင်မြို့(မြို့နယ်ခွဲ) ဝမ့်ခန်ရွာ ကျူမာယွီးတွင်တိုက်ပွဲဖြစ်ပွါးပြီးနောက်ပိုင်း တိုက်ပွဲအနီးရှိ ကျေးရွာ များမှ သာမန်ရွာသား၎ ဦး လက်သမား ၈ ဦးအား ပေါ်တာဖမ်းဆီးခဲ့ကြောင်း၊ မြန်မာစစ်ဝတ်စုံဝတ်ခိုင်းကာ ၎င်းတို့ စစ်ကြောင်းအား ပွိုင့်ဦးထွက် လမ်းပြခိုင်းကြောင်း ၎င်းကဆက်လက်ပြောပြသည်။
“ အဲ့နေ့ဘဲ ခမရ ၅၁၃ နဲ့ ကျနော်တို့တပ် ၃ နေရာ တိုက်ပွဲဖြစ်တယ်။ တပ်ကြပ်ကြီး လုံးမူးမွန်း ဦးဆောင်တဲ့ အင်အား ၅ ယောက်ပါအဖွဲ့နဲ့ တကြိမ်၊ ညနေ ၃ နာရီကျော်မှာလဲ လွယ်တန့်အတက် နမ့်ဟွေဟုတ်တံတားနားမှာတကြိမ် (ဗမာစစ်တပ် က ၄ ယောက်သေ ၄ ယောက်ဒဏ်ရာရ) ၊ ည ၇ နာရီခွဲကနေ ၈ နာရီအထိ ကျူမာယွီးမှာနောက် ထပ်တကြိမ် တပ်ရင်း ၂၄ က ဗိုလ်စိုင်းပန်ဦးဆောင်တဲ့ ၁၄ ယောက်အဖွဲ့က ချုံခိုတိုက်ပြန်တယ်။ အဲ့မှာလဲဗမာ ဖက်က ၂ ယောက်သေ ၃ ယောက် ဒဏ်ရာရတယ်” ဟု ဆို၏။
၎ ရက်နေ့ မနက်ပိုင်းတွင်လည်း တာ့ဆမ်ပူး (ဝမ့်ဟိုင်းမှ ကာလိ၊ မိုင်းဇန်သို့အသွား နမ့်ပန်ချောင်းကူးတို့ဆိပ်) အနီး နမ့်ဟူးမောက်ဆန့်တွင် မြန်မာစစ်တပ်အား သျှမ်းပြည်တပ်မတော်က ချုံခိုတိုက်ခိုက်ရာ မြန်မာစစ်တပ်မှ ၁ ယောက် သေဆုံးကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအပြီး တာ့ဆမ်ပူးရွာထဲ မြန်မာစစ်ကြောင်းက ဝင်ရောက်ကာ ဒေသခံများ၏ ပိုင်ဆိုင်မှု( ဆန်၊ ဆီ၊ အချိုမှုန့်၊ ကြက်၊ အဝတ်အစားနှင့် ဖိနပ်) များကို ဆွဲငင်ယူဆောင်ခဲ့ကြောင်း မိုင်းရှူးရောက်ဒေသခံများပြောပြချက် အရသိရသည်။
7 July 2011
သျှမ်းပြည်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွါး လူထုပိုင်ဆိုင်မှုလုယူခြင်းခံရ
Etiketter: news
Subscribe to:
Post Comments (Atom)
0 kommentarer:
Post a Comment