ဧရာဝတီ
အမေရိကန် အထက်လွတ်တော်အမတ် ဂျွန်မက်ကိန်းက ဗုဒ္ဓဟူးနေ့တွင် အစပြုမည့် သူ၏ မြန်မာပြည် ခရီးစဉ်အတွင်း အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို တွေ့ဆုံပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေး အတွက် ဆွေးနွေးမည်ဟု ယနေ့ ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
မဲဆောက်မြို့ မယ်တော်ဆေးခန်း တာဝန်ရှိသူများနှင့် ဂျွန်မက်ကိန်း (ဓာတ်ပုံ - ဧရာဝတီ)
“မနက်ဖြန် ကျနော် မြန်မာနိုင်ငံကို သွားမယ်။ အစိုးရ တာဝန်ရှိသူတွေ အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဖို့ ရှိတယ်။ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ဆွေးနွေးမယ်၊ နိုင်ငံရေး အကျဉ်းသား ကိစ္စ၊ ဒုက္ခသည် ကိစ္စတွေကို သွားရောက် ဆွေးနွေးမှာ ဖြစ်တယ်” ဟု ဂျွန်မက်ကိန်းက ပြောသည်။
ခရီးစဉ်အကြောင်းကို အသေးစိတ် ပြောကြားခြင်း မရှိပေ။
ဂျွန်မက်ကိန်းသည် ၁၉၉၀ ပြည့်နှစ်ကလည်း မြန်မာပြည်သို့ သွားရောက်ခဲ့ဖူးသည်။
ဂျွန်မက်ကိန်းနှင့် ယနေ့ စကားပြောဆိုခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ တာဝန်ခံတဦးဖြစ်သူ ကိုဘိုကြည်က မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် နိုင်ငံရေးအကျဉ်းသားများ
လွတ်မြောက်ရေးက အရေးကြီးသည်ဟု ဆိုသည်။
“မြန်မာပြည်မှာ အပေါ်ယံ အပြောင်းအလဲပဲ ဖြစ်လာလို့ကတော့ အလကားပဲ။ တကယ့် အပြောင်းအလဲ၊ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့ လိုတယ်” ဟု ကိုဘိုကြည်က ဧရာဝတီကို ပြောသည်။
မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုနှင့် ထဲထဲဝင်ဝင် ရှိသော ဂျွန်မက်ကိန်းသည် မဲဆောက်ဒေသသို့ ရောက်ရှိစဉ် မယ်တော်ဆေးခန်း၊ မယ်လ ခေါ် ဘဲကလော် ဒုက္ခသည်စခန်းတို့ကို သွားရောက် လေ့လာခဲ့သည်။
ယနေ့မွန်းလွဲပိုင်း မယ်တော်ဆေးခန်းသို့ ရောက်ရှိစဉ် ဆေးခန်း၏ ၀န်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး အားပေးစကား ပြောသွားသည်ဟု ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်က ဧရာဝတီကို ပြောသည်။
ထို့ပြင် ထိုင်း မြန်မာနယ်စပ်ဒေသ အတွက် နိုင်ငံတကာမှ လူမှု ကူညီရေး နှင့် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များ ပိုမို ရရှိရေးအတွက် တောင်းဆို တိုက်တွန်းမည်ဟု လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောကြားသွားသည်ဟု ဆိုသည်။
ဂျွန်မက်ကိန်းက မြန်မာပြည်သား လေးသောင်းကျော် ခိုလှုံနေသည့် မယ်လဒုက္ခသည်စခန်းတွင် ယနေ့ အချိန်အတန်ကြာ လေ့လာခဲ့သည်။
စခန်းအတွင်း မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး မေးမြန်းပြောဆိုမှုများ ပြုလုပ်သွားသည်ဟု ဂျွန်မက်ကိန်း နှင့် နာရီဝက်ကြာ တွေ့ဆုံခဲ့သည့် မယ်လဒုက္ခသည်စခန်း ကော်မတီဝင် နော်ဒေးဒေးဖိုးက ဧရာဝတီကို ရှင်းပြသည်။
“မြန်မာပြည် အပြောင်းအလဲနဲ့ ပတ်သက်တဲ့ ကျမတို့ရဲ့ အမြင်တွေကို သူက မေးတယ်။ ပြီးတော့ ဒုက္ခသည်တွေထဲမှာ ရာခိုင်နှုန်း ဘယ်လောက်က နေရပ်ရင်း ပြန်ချင်သလဲ၊ ဘယ်လောက်က အမေရိကန်မှာ အခြေချချင်လဲ ဆိုတာတွေ သူ သိချင်တယ်” ဟု နော်ဒေးဒေးဖိုးက ပြောသည်။
ရက်ပိုင်းအတွင်း သူနှင့် တွေ့ဆုံမည့် ဦးသိန်းစိန်အစိုးရထံသို့ အမှာစကား ပါးနိုင်ကြောင်း စခန်း ကော်မတီ တာဝန်ရှိသူများကို ပြောကြားခဲ့သည်ဟု ဆိုသည်။
“အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ သမ္မတဦးသိန်းစိန်ကို ပြောပေးပါ လို့ ကျနော်တို့ ပြောလိုက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေကိုလည်း ကျနော်တို့ ထောက်ခံတဲ့အကြောင်း ပြောပြလိုက်တယ်” ဟု စခန်းကော်မတီ တာဝန်ခံ ကိုထွန်းထွန်းက ဧရာဝတီကို ပြောသည်။
လွှတ်တော်အမတ်က ဒုက္ခသည်များထံ သွားရောက် တွေ့ဆုံပြီး စကားပြောဆိုခဲ့သည်ဟု ဆိုသည်။
ဂျွန်မက်ကိန်းသည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာအစိုးရအား ဒဏ်ခတ်ပိတ်ဆို့ရေးကို ထောက်ခံရာတွင် ထင်ရှားသည့် အမေရိကန် လွှတ်တော်အမတ် ဖြစ်သည်။
31 May 2011
ဒီမိုကရေစီဖော်ဆောင်ရန် ဂျွန်မက်ကိန်း တိုက်တွန်းမည်
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment