ဧရာဝတီသတင်း
နအဖ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ ယခုတပတ် အင်္ဂါနေ့ မနက်က တိုက်ပွဲ ဖြစ်ပွား ခဲ့ရာ နအဖ ဘက်က တပ်ကြပ်ကြီးအဆင့် အပါအ၀င် ၂ ဦး ကျဆုံး၍ ၂ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲ ဒေသ တ၀ိုက်တွင် နအဖ၏ ခြေလျင်တပ် ရင်း (ခလရ) ၆၅ တပ် ဖွဲ့ဝင်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
SSA-S တပ်သားများသည် ယင်း ဒေသ တ၀ိုက်တွင် ကင်းလှည့်နေစဉ် နအဖ တပ်ဖွဲ့ဝင်များနှင့် နာရီဝက်ခန့် အကြာ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း SSA-S ၏ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲတွင် နအဖ ဘက်မှ ၂ ဦးကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ SSA-S တပ်သား ၁ ဦး ထိခိုက် ဒဏ်ရာ၍ သေဆုံးမှု မရှိကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမှ မိုင်းလားသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ခွင့် မပြုရန် စစ်အစိုးရဘက်က ယခု ရက်ပိုင်း အတွင်း ညွန်ကြားထားကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။
“မိုင်းလားနဲ့ ကျိုင်းတုံကြား ဆက်သွယ်ထားတဲ့ နမ့်လွေချောင်းကူး တံတားမှာ နယ်စပ်ဂိတ်ရှိတယ်၊ နအဖ ထိန်းချုပ်နယ်မြေနဲ့ မိုင်းလား ထိန်းချုပ်နယ်မြေ နယ်ခြား၊ အဲဒီ အ၀င်အထွက်ကို စားသောက်ကုန် ပစ္စည်းတွေ တင်တဲ့ ကုန်တင်ကားတွေဆို ၀င်ခွင့် မပေးဘူး၊ ခရီးသည်တင်ကားတွေ မပါဘူး”ဟု ၎င်းက ဆိုသည်။
ကုန်ပစ္စည်း တင်ပို့ခွင့် ပိတ်ထားခြင်းသည် မိုင်းလားအဖွဲ့ကို စစ်ရေးအရ ဖိအားပေးရန် စစ်အစိုးရဘက်က အစပျိုးလိုက်ခြင်း ဖြစ် သည်ဟု စစ်ရေးလေ့လာသူ တချို့က သုံးသပ် ပြောဆိုကြသည်။
SSA-S ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းကမူ“နယ်ခြားစောင့်တပ် အဖွဲ့ လက်မခံတဲ့ လက်နက်ကိုင် တပ်ဖွဲ့ အားလုံးကို သူတို့ က(နအဖ) တရားဝင် အနေနဲ့ မတရားအသင်းဆိုပြီးတော့ ထုတ်ပြန်ကြေညာတာ မရှိပေမယ့် သူတို့ စိတ်ထဲမှာတော့ အပစ် အခတ် ရပ်စဲရေး ယူထားတဲ့ လက်နက်ကိုင် အဖွဲ့တွေကို သူတို့က တရားမ၀င်တော့ဘူးလို့ပဲ သဘောထားတော့မယ် ထင် တယ်။ ဒါကြောင့်မို့ သူတို့ကလည်း နည်းလမ်း အမျိုးမျိုးကို သုံးပြီးတော့ ဖိအားပေးတာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံနှင့် နယ်မြေချင်း ထိစပ်လျက်ရှိသည့် မိုင်းလားမြို့သည် အပစ်ရပ် အဖွဲ့တဖွဲ့ဖြစ်သော မိုင်းလား တပ်ဖွဲ့ (NDAA) အထူးဒေသ (၄) အခြေစိုက်ရာ မြို့ဖြစ်ပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ထားသည့် အဖွဲ့ဖြစ်သည်။
အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ရန် ငြင်းဆန် ထားကြပြီး လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ် ရေးအရ တင်းမာမှုများ ပေါ်ပေါက်နေခြင်း ဖြစ်ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။
စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment