12 November 2010
ဖမ်းထားသည့် နအဖ ဗိုလ်ကြီးကို DKBA ပြန်လွှတ်
ဗိုလ်ကြီးသက်နိုင်
ဧရာဝတီ
ကရင်ပြည်နယ် မြ၀တီမြို့တွင် ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၇ ရက်နေ့က စတင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဖမ်းဆီးခဲ့သော နအဖဘက်မှ ဗိုလ်ကြီးသက်နိုင်ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့မှ ယနေ့ မွန်းလွဲပိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
စစ်ဦးစီး တတိယတန်း ဗိုလ်ကြီးသက်နိုင်သည် မြ၀တီခရိုင် ဝေါ်လေ ဒေသ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) (၈) လက်အောက် ခံ နည်းဗျုဟာ(၃)မှ ဖြစ်ပြီး ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)၏ DKBA တပ်မဟာ (၅) တပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်နေ့တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်ကြီးသက်နိုင်ကို ပြန်လွှတ်ပေးလိုက်မှုနှင့်ပတ်သက်၍ DKBA တပ်မဟာ(၅)နှင့် နီးစပ်သူတဦးက"စစ် သုံ့ပန်း ဥပဒေ အရ မသတ်ဘဲ ပြန်ပို့လိုက်တာ ဖြစ်တယ်"ဟု ပြောပြသည်။
"ကျနော့်ကိုပြန်လွှတ်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်၊ ကျနော့်မှာ အမေ ပေးတဲ့ အသက်မရှိတော့ပါဘူး၊ ဒီက ပေးတဲ့အသက်ပဲ ရှိပါတော့တယ်၊ ဟို ပြန်ရောက်ရင် ပေးတဲ့အပြစ်ကို ခံယူပြီး အပြင်မှာပဲ မိသားစုနဲ့အတူ စီးပွားရေး ပဲလုပ်တော့မယ်"ဟု ဗိုလ်ကြီးသက်နိုင်ကပြောကြောင်းလည်း ၎င်းက ဆိုသည်။
ဗိုလ်ကြီးသက်နိုင်ကို DKBA က မြ၀တီမြို့သို့ ပြန်လည် ပို့ဆောင်ပေးခြင်းဖြစ်ပြီး ၎င်းပြန်လည်ရောက်ရှိကြောင်း မြ၀တီ ရှိ နအဖ စစ်တပ် က အတည်ပြုပြောကြားသည်ဟုလည်း DKBA အသိုင်းအ၀ိုင်းက ပြောသည်။
ဗိုလ်ကြီးသက်နိုင်သည် မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်တွင်နေထိုင်သည့် အဘ ဦးသိန်းအောင်၊ အမိ ဒေါ်အေးချို တို့၏သားဖြစ်ပြီး ရက်သားအ ရွယ်သမီးတဦးရှိကြောင်း သိရသည်။
ယင်း DKBA နှင့် စစ်အစိုးရ တိုက်ပွဲများကြောင့် ဒေသခံ သောင်းနှင့်ချီ၍ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရ သည်။
နိုဝင်ဘာ ၇ ရက်နေ့က စတင်၍ DKBA နှင့် စစ်အစိုးရတို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲနှင့် ပတ်သက်၍ “စစ်အစိုးရက မြ၀တီမြို့ခံတွေကို အတင်းအကျပ် မဲပေးခိုင်းတယ်လို့ ကျနော်တို့ကြားရတယ်။ လူထုက မဲမပေးချင်ဘူး။ ဒါပေမယ့် စစ်အစိုးရက လူထုကို လက်နက်အားကိုးနဲ့ အကျပ်ကိုင်ခြိမ်းခြောက်တယ်။ အဲဒါကြောင့်မို့ လုံခြုံရေးအတွက် မြ၀တီမှာ ကျနော်တို့တပ်တွေ နေရာစယူခဲ့တာပါ” ဟု ဗိုလ်မှူးကြီး စောလားပွယ် က ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။
စစ်အစိုးရ သတင်းစာများ၌ ကရင်ပြည်နယ် မြ၀တီမြို့တွင် ကရင်အမျိုးသား အစည်းအရုံး(KNU)က လက်နက်ကြီး များ ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၃ ဦး သေဆုံး၍ ၂၀ ဒဏ်ရရှိ ကြောင်းရေးသား ဖော်ပြသည်။
Etiketter: ကရင်သတင်း
Subscribe to:
Post Comments (Atom)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment