NEJ / ၁၃ အောက်တိုဘာ ၂၀၁၀
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမည့်နိုဝင်ဘာ (၇) ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မဲထည့်မည်မဟုတ်ကြောင်း ငြင်းဆိုလိုက်သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားမှု အယူခံတင်ထားသည့်ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်ကြသည့် ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့ ယမန်နေ့၌ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ သွားရောက်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ခြင်းဖြစ်သည်။
“မဲစာရင်းမှာပါကြောင်းကို သတင်းတပ်ဖွဲ့က စက်တင်ဘာ (၂၄) ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စာနဲ့အကြောင်းကြားတယ်။ အဲဒီစာနဲ့အကြောင်းကြားတဲ့အပေါ်မှာ ဒေါ်စုက ပြောတာက သူဟာ အကျဉ်းကျနေတဲ့လူ၊ နောက် ဥပဒေမှာပါတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအရ သူဟာ မဲဆန္ဒပေးပိုင်ခွင့်မရှိသူဖြစ်တယ်ဆိုတဲ့ ဒီလိုအကျိုးအကြောင်းကို သက်ဆိုင်ရာကို ပြန်လည်တင်ပြဖို့ ကျနော့်ကို ညွှန်ကြားပါတယ်။ မဲဆန္ဒကတော့ သူပေးမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အန်အယ်လ်ဒီပါဝင်ခြင်းမရှိတဲ့ ရွေးကောက်ပွဲမှာ သူမဲပေးစရာ ဘာမှ အကြောင်းမရှိဘူးတဲ့။ သူက အဲလိုပြောပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ပြောသည်။
မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်သည့်ရက် စက်တင်ဘာ (၂၀) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏အမည် ဖော်ပြထားခြင်း မရှိခဲ့ဘဲ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်ရုံးက ပြီးခဲ့သည့် စက်တင်ဘာ (၂၄) ရက်နေ့ ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို ဖော်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က မဲထည့်ရန်ငြင်းဆိုရခြင်းနှင့်ပတ်သက်၍ ရှေ့နေကြီး ဦးကြည်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်က သူမဲမထည့်ဘူးဆိုတာတော့ သေချာတယ်။ သူက ထည့်ပိုင်ခွင့်မရှိဘူးလို့ သူ့ကိုယ်သူ ခံယူတယ်။ သူ့ကိုယ်သူ ခံယူတယ်ဆိုတာလည်း အဲဒီဥပဒေမှာ စကားရပ်တခုရဲ့ အဓိပ္ပာယ်။ စကားရပ်က ဘာလဲဆိုတော့ ထောင်ဒဏ်ကျခံနေရတယ်။ အဲဒီဟာက အဓိပ္ပာယ်ဖွင့်ဆိုတာက တရားရုံးတခုခုက ပြစ်မှုတခုခုနဲ့ ပြစ်ဒဏ်ပေးထောင်ချလိုက်သည်တဲ့။ ထို့အပြင်ပေါ့နော် ဘာပါလဲဆိုတော့ အဲဒီအမိန့်ကို မကျေနပ်လို့ အယူခံဝင်နေသူတဲ့။ မှတ်မိမှာပေါ့ အင်းစိန်က ထောင်ဒဏ်အပြစ်ပေးလိုက်တယ်။ နိုင်ငံတော်သမ္မတက တ၀က်လျှော့လိုက်တယ်။ ဘာပဲဖြစ်ဖြစ် တ၀က်ကတော့ထောင်ဒဏ်ပဲ။ အဲတော့ ထောင်ဒဏ်ကျခံနေရတယ်။ အဲဒီမှာ အယူခံတယ်။ အခုအယူခံအဆင့်ဆင့်ကို တက်ထားတယ်။ ဆိုတော့ ဒေါ်စုလည်း အဲဒီထဲပါတယ်ဆိုပြီး သူ့ကိုယ်သူ အဲလိုတွက်တယ်” ဟု ခေတ်ပြိုင်သို့ ရှင်းပြသည်။
နအဖကောင်စီက ၂၀၁၀ ပြည့်နှစ် မတ်လ (၈) ရက်တွင် ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ အမှတ် ၄/ ၂၀၁၀ ပါ အခန်း(၁)၊ အမည်နှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် “ထောင်ဒဏ်ကျခံနေရသူဆိုသည်မှာ တရားရုံးတခုခု၏ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေရသူကို ဆိုသည်။ ယင်းစကားရပ်တွင် သက်ဆိုင်ရာတရားရုံး၏ ထောင်ဒဏ်စီရင်ချက်ကို မကျေနပ်၍ အယူခံမှု သို့မဟုတ် ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်သူလည်း ပါဝင်သည်” ဟု ဖော်ပြထားသည်။
ထို့အပြင် ယင်းဥပဒေပါ အခန်း (၄)၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများကို ဖော်ပြထားရာတွင် “ထောင်ဒဏ်ကျခံနေရသူသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် မရှိစေရ” ဟု ပြဋ္ဌာန်းထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။
ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။
အင်းစိန်အထူးတရားရုံးမှ ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့သည့် ပြစ်ဒဏ်အပေါ် ဒေါ်အောင်ဆန်းစုကြည်က အယူခံလျှောက်ထားခဲ့ရာတွင် ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့်နောက် ဗဟိုတရားရုံးချုပ်သို့ တင်သွင်းလျှောက်ထားခဲ့ရာမှ လာမည့် အောက်တိုဘာ (၁၈) ရက်နေ့တွင် အထူးအယူခံကို ကြားနာရန် ရန်ကုန် ဗဟိုတရားရုံးချုပ်က ရက်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
13 October 2010
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွင် မဲမထည့်ဟု ငြင်းဆို
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment