KNG
ကချင်ပြည်နယ် မြစ်ကြီးနား ဧရာဝတီ မြစ်ဆုံဒေသ ကျိန်ခရန်ခကျေးရွာ (Chyinghkrang) နှင့် တန်ဖရဲကျေးရွာ (Tang Hpre) တွင် ရွာသားများအား အသိပေးခြင်းမရှိပဲ ရွာလူကြီးအချို့နှင့် သစ်လုပ်ငန်းရှင်များသည် ဇူလိုင်လမှစ၍ သစ်ခိုးထုတ်နေကြောင်း သိရသည်။
ရွာသားများ သဘောတူညီမှုမရှိသော သစ်ထုတ်ခြင်းများကို အောင်မြင်သာကျေးရွာဖွံ့ဖြိုးရေးအတွက် စာကြည့်တိုက်ပြုလုပ်ရန်ဟု အကြောင်းပြ၍ မိမိကိုယ်ကျိုးအတွက် ကျိန်ခရန်-မြစ်ဆုံဒေသမှ သစ်များကိုခိုးထုတ်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးပြောသည်။
“သစ်ခိုးထုတ်တာကို ရွာသားတွေဘယ်သူမှသဘော မတူဘူး။ စာကြည့်တိုက်ရဲ့ တန်ဖိုးထက် သဘာဝပတ်ဝန်းကျင်ပျက်စီးတဲ့ တန်ဖိုးကပိုများတယ်။ ကျေးရွာမှာအသုံးပြုမဲ့ သစ်တွေကလည်း ကုန်သွားမယ်။ အဲဒါကြောင့် ရွာသားတွေက အခုလိုလုပ်ရပ်မျိုးကို ရပ်ဆိုင်းဖို့ တချို့ရွာသားတွေက ကန့်ကွက်ကြတယ်” ဟု ဒေသခံတစ်ဦးပြောသည်။
သစ်ထုတ်မှုတွင်ဦးဆောင်မှု၌ ပါဝင်သူများသည် အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး မိတုန်နော်ဂျာနှင့် (Myitung Naw Ja) ကြံ့ခိုင်ဖွံ့ဖြိုးရေး စည်းရုံးရေးမှူး ဦးမရစ်လရမ် (Marip La Ram) နှင့် သစ်ကုန်သည်များဖြစ်သည့် ဦးအူဗျစ် တန်ဂွန်း (U Byit Tang Gun)၊ ဦးလဘန် ဆမ်အောင် (Labang Sam Awng )၊ ဦးလဝေါ့ နော်မိုင် (Lawaw Naw Mai ) တို့နှင့် သစ်များခိုးထုတ်နေခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။
သစ်ထုတ်နေခြင်းနှင့်ပတ်သက်၍ ဦးလရမ်အား မေးမြန်းဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။
သစ်ထုတ်လုပ်မှုကိုကန့်ကွက်သော ရွာသားအချို့ကို ကျေးရွာအုပ်ချုပ်ရေးဘက်ဆိုင်ရာ လူကြီးနှင့်ဦးဆောင်သူများ၏ ခြိမ်းခြောက်ခြင်းခံနေရသည့်အပြင် ထိုသစ်ခိုးထုတ်လုပ်ငန်းတွင် မြစ်ကြီးနားမြို့နယ် သစ်တောဦးစီးဌာနမှအရာရှိများက လာရောက်ကြည့်ရှုကြသော်လည်း တစ်စုံတစ်ရာအရေးယူဆောင်ရွက်ခြင်းမရှိသောကြောင့် ရွာသားများက လဒ်ပေးလဒ်ယူပြုလုပ်နေသည်ဟု ယူဆနေကြသည်။
“စာကြည့်တိုက်လုပ်ဖို့ဆိုပြီးတော့ ပြောတော့ပြောထားတယ်။ ကျိန်ခရန်ဘွမ်က သစ်တွေကို ထုတ်ယူပြီးမှ လုပ်မယ်ပေါ့… ဒေသခံများက စာကြည်တိုက်လုပ်ဖို့နဲ့ သစ်များကိုထုတ်ယူပြီး စာကြည့်တိုက်လုပ်ဖို့က ကျနော်တို့ ကျိန်ခရန်ဘွမ်ရဲ့ သစ်များကုန်သွားမယ်လို့ပြောတဲ့အခါ ဦးဆောင်သူ ၂ ဦးက မင်းတို့တာဝန်ယူနိုင်လား.….ဒီ သိန်း ၃၀ တန်တဲ့စာကြည့်တိုက် မင်းတို့တာဝန်ယူမလား…ဆိုပြီး ခြိမ်းခြောက်မှုများလည်းပြုခဲ့တယ်” ဟု ကျိန်ခရန်ဒေသခံတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
အခုသစ်ထုတ်မှုတွင် ဦးဆောာင်ပါဝင်နေသူများမှာ ရွာသားများကိုထောက်ပံ့နေသော CPI/ Asia World Company မှ ထောက်ပံခြင်းကို အများဆုံးလက်ခံသူများဖြစ်ပြီး ဦးလရမ် (La Ram) သည် တရုတ်စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ CPI company မှ ရေကာတာကြောင့် ပြောင်းရွှေ့ခံရသူများအား အောင်မြင်သားစံပြကျေးရွာတွင် အစားထိုးတည်ဆောက်ပေးထားသည့် အကောင်းဆုံးအိမ် ၅ လုံးကို စိတ်ကြိုက်ရွေးချယ်ပိုင်ဆိုင်သူလည်းဖြစ်သည်ဟု ဒေသခံများဝေဖန်နေကြသည်။
ယခုလို သစ်ခိုးထုတ်ခြင်းကြောင့် မြစ်ဆုံဒေသတွင် ဒေသခံလူထုများအပေါ်တွင် လူမှုဆိုးကျိုးများစွာနှင့် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများဖြစ်လာနိုင်ကြောင်း စောင့်ကြည့်လေ့လာသူ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG)မှ ပြောရေးဆိုခွင့်ရှိသူ မအားနန်ပြောသည်။
“ဒေသခံပြည်သူလူထုတွေကို အများကြီး ဆုံးကျိုးခံစားရမယ်ဖြစ်တယ်။ မြစ်ဆုံရေကာတာ တည်ဆောက်မယ့် တဝိုက်မှာက အရင်ကတည်းက မြစ်ဆုံအထက်ပိုင်းမှာ သစ်ထုတ်တဲ့ဟာ တွေလုပ်တာရှိတယ်။ သူတို့က ဒီမှာရှိတဲ့ သဘာဝသယံဇာတပစ္စည်းတွေ ဥပမာ ရွှေ၊ သစ် တို့အကုန်လုံးကို ထုတ်ယူဖို့ ဆိုပြီး ရေကာတာ မဆောက်ခင် အရင်ဆုံးထုတ်ယူနေတဲ့အတွက်ကြောင့် အခုလောလောဆယ် ဆိုရင်သဘာဝ ပတ်ဝန်းကျင် ထိခိုက်နေတဲ့ဟာတွေ..ရွှေတူးခြင်းကြောင့်မို့ ဘယ်လောက်ထိ ဆိုးကျိုးထိနေတဲ့ဟာကို အစိုးရကလည်း ခုချိန်ထိဘာမှ ပြောပြခြင်းမရှိဘူး။ သစ်ထုတ်လုပ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့ဟာကို ဘယ်လိုမျိုးတာဝန် ယူတယ် ဆိုတာမရှိဘူးပေါ့နော.. ဒီဟာက တကယ့်တကယ်ကို သဘာဝပတ်ဝန်းကျင်သာမက ဒေသခံ ပြည်သူလူထုတွေရဲ့စားဝတ်နေရေးကို အများကြီးထိခိုက်နိုင်တာဖြစ်တယ်” ဟု ၄င်းက ပြောသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment