ဂျာတော့ပ်(မြစ်မခ)
ဧပြီ(၂၇)ရက်၊၂၀၁၂ခုနှစ်။
ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ (KIO)နှင့် မြန်မာအစိုးရတပ်ဖွဲ့များအကြား နှစ်ဖက်ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးရန် နေရာ၊ဒေသများအား နှစ်ဖက်အကြားညှိနှိုင်းနေဆဲဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ထံက သိရှိရသည်။
“ဦးအောင်သောင်းတို့နဲ့က ပြောတဲ့အတိုင်း မဖြစ်လာတော့ ရှေ့ဆက်ပြီး သိပ်အဆင်မပြေဘူး။ ကျွန်တော်တို့က သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့ကို တွေ့ချင်တယ်။ ဆွေးနွေးချင်တယ်။” ဟု ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုး ဆောင်အဖွဲ့မှ ဦးအင်ရှန်ဆန်အောင်က ပြောသည်။
ကေအိုင်အိုနှင့် မြန်မာအစိုးရတပ်များ စစ်ပွဲဖြစ်နေသည်မှာ ယမန်နှစ် ဇွန်လမှစတင်လျှင် ယခုအချိန်တွင်(၁၁)လ ကြာမြင့်နေပြီဖြစ်သည်။
နှစ်ဖက်ကြားငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း တိုက်ပွဲမှာ ယခင်ထက် ပိုမို ပြင်းထန်နေသည်။ မြန်မာအစိုးရစစ်အင်အား (၁၀၀)ရှိသည့် နာဖော့်ကျေးရွာတွင်လည်း ယခုအချိန်တွင် စစ်အင်အား (၁၀၀၀)ကျော်ရှိနေပြီဖြစ်ပြီး ကချင်ပြည်နယ်တွင် အစိုးရတပ်မ(၁၃)ခု အခြေစိုက်ထားရှိကြောင်း ၄င်းတို့ထံက သိရှိရသည်။
ဧပြီ (၂၀)ရက်နေ့ အစိုးရဘက်က မြစ်ကြီးနားမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်အား ကေအိုင်အေ က ငြင်းပယ်ထားသဖြင့် ဧပြီ (၂၄)ရက်တွင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ဗန်မော်မြို့တွင် တွေ့ဆုံရန် ထပ်မံစာရေးသားပေးပို့ခဲ့သည်။
“ဗန်မော်ဆို ပိုလို့တောင် မဖြစ်နိုင်ဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုပြီး ထိုးစစ်ပဲ ဆင်နေတာ။ ဌာနချုပ်တွေ ကိုတောင် ထိုးစစ်ဆင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတော့ ပြည်တွင်းမှာ ဆွေးနွေးမယ်ဆိုတာ မဖြစ် သေးဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ အမြဲတွေးနေပါတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ လိုနေသေးတော့ တခြားလုံခြုံတဲ့နေရာမှာတွေ့ရင် ပိုပြီးအဆင်ပြေလိမ့်မယ်ထင်တယ်။” ဟု အင်ရှန်ဆန်အောင် က ဆက်ပြောသည်။
ကေအိုင်အိုကလည်း ငြိမ်းချမ်းရေးကိစ္စအား အကောင်အထည်ဖော်ဆောင်ရွက်လိုသဖြင့် ဧပြီ(၂၅) ရက်နေ့တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ခေါင်းဆောင် ဆွတ်လွတ်ဂမ်ကို ခန့်အပ်ထားပြီးဖြစ်ကြောင်း သိရသည်။
ယခုအချိန်တွင် ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးတစ်ဝိုက်ရှိ လဂျာယန်ကျေးရွာ၊ ဒေါ့ဖုန်းယန်တို့တွင် နေ့စဉ် လက်နက်ကြီးများဖြင့် တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် မလိရေအားလျှပ်စစ် တည်ရှိရာ နေရာဒေသ တွင်လည်း ပစ်ခတ်မှုများရှိနေသည်ဟု ဒေသခံတို့ကဆိုသည်။
ယင်းတို့ တိုက်ပွဲများဆက်တိုက် ပစ်ခတ်နေခြင်းနှင့်ပတ်သက်၍ စစ်ရေးသည် ၎င်းနှင့် မဆိုင်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ဆိုထားသဖြင့် ဦးအင်ရှန်ဆန်အောင်က အောက်ပါအတိုင်း ပြောဆိုခဲ့သည်။
“စစ်အင်အား အလုံးအရင်း တိုးလာနေတယ်။ ယုံကြည်မှု တည်ဆောက်ဖို့ သူတို့မလုပ်ကြဘူး။ အစိုးရက သက်သက်၊ စစ်တပ်ကလည်း သက်သက်ဖြစ်နေသလိုပဲ ဖြစ်နေတယ်။ စစ်နဲ့ပတ်သက်ပြီး၊ နိုင်ငံရေးကို အခါတည်း ဆွေးနွေးချင်နေတာ။” ဟု ဦးအင်ရှန်ဆန်အောင်က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် ရွှေလီမြို့၌ ကေအိုင်အိုနှင့် မြန်မာအစိုးရတို့ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေး ရာတွင် ကေအိုင်အေက “အခြေခံ ဥပဒေအရ ကာကွယ်ရေးဦးစီးတပ်က တပ်ပိုင်းဆိုင်ရာမှာ လွတ်လွတ် လပ်လပ် လုပ်ဆောင်ပိုင်ခွင့်ရှိတယ်။
နောက်လက်နက်ကိုင်တပ်အားလုံးရဲ့ အကြီးအကဲလည်း ဖြစ်တယ် ဆိုတော့။ သူသဘောမတူရင် သမ္မတ အမိန့်ကဘာပဲဖြစ်ဖြစ် မနာခံဘူးဆိုတဲ့ သဘောလား။ အစိုးရနဲ့ တပ်နဲ့ ဆက်ဆံရေးမှာ အားနည်းချက်ရှိလား။” ဟု ကေအိုင်အေတာဝန်ရှိသူ တစ်ဦးက မေးမြန်းခဲ့သည်။
ထိုမေးမြန်းချက်နှင့်ပတ်သက်၍ “သမ္မတကြီးရဲ့ အမိန့်နဲ့ ပတ်သက်ပြီးတော့ ကျတော်ပြောချင်ပါတယ်။ သမ္မတ လုပ်ပိုင်ခွင့်နှင့် ညွန်ကြားချက် အမိန့် လုပ်ပိုင်ခွင့်တွေနဲ့ ကျတော်တို့ တချို့ ကိစ္စတွေမှာ လွှတ်တော်ထဲက လုပ်ရမယ့်လုပ်ငန်းတွေ ပါတယ်။ ဥပဒေနဲ့ ပတ်သက်လာရင် သမ္မတနဲ့ ပတ်သက်တာ နည်းပါတယ်။
သမ္မတက နောက်ဆုံးကျတော်တို့ လွှတ်တော် နှစ်ရပ်က တင်ပြတာကို (၁၄)ရက်အတွင်း လက်မှတ်ထိုးရင် ထိုး ၊ မထိုးရင် လက်မှတ်ထိုးပြီးပြီလို့ သတ်မှတ်လို့ရပါတယ်။ ဒါကြောင့် ဥပဒေအရ သမ္မကလက်မှတ်မထိုးရင်တောင်မှ ကျော် သွားလို့ရတယ် သဘောရပါတယ်။
ကာကွယ်ရေးဦးစီးချုပ်သည် ဒုတမ္မတအဆင့်ရှိတဲ့အတွက် ဝန်ကြီးဌာနဖြစ်တဲ့ အတွက် ကာကွယ်ရေးဝန်ကြီးထက် ပိုမြင့်ပါတယ်။ ကျွန်တော်တို့ ညွန်ကြားတဲ့အခါ ကာကွယ်ရေးဦးစီးချုပ်ကို တိုက်ရိုက်ညွန်ကြားတာဖြစ်ပါတယ်။ ” ဟု အစိုးရဘက်က ပြန်လည်ဖြေဆိုခဲ့သည်။
ထို့ကြောင့် ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတအားနေပြည်တော်တွင် တွေ့ဆုံရန် ဧပြီ(၉) ရက်နေ့က စာရေးသားပေးပို့ထားသော်လည်း လက်ရှိအချိန်ထိ အကြောင်းကြားခြင်းမရှိသေးကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးအင်ရှန်ဆန်အောင်က ပြောသည်။
Shwe Myitmakha Media Group
28 April 2012
တိုက်ပွဲများကြောင့် KIOနှင့်ငြိမ်းချမ်းရေး ဆွေးနွေးရန် နေရာညှိနှိုင်းမရသေး
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment