ထောင်ဒဏ်နှစ်(၂၀)တဲ့။ အခုအသက်(၃၈)ဆိုတော့ အသက်(၅၈)နှစ်ထိ ထောင်ထဲမှာနေရမယ်ပေါ့။ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာလည်း ပေးချင်တဲ့သူကိုပဲ ရွေးပေးတာမျိုးဆိုပဲ။ လျော့ရက်တော့ ရှိမပေါ့။ သားက (၁၂နှစ်)၊ သမီးက (၃နှစ်)။ အဖေမရှိတော့သလို သူတို့လေးတွေ နှစ်(၂၀)လောက် နေကြရတော့မယ်။
ဝက်ဘ်ဆိုက်မှာ သတင်းတွေရေးလို့တဲ့။ တပ်မိသားစုတိုင်း လက်ဘက်ရည်ဆိုင်၊ အရက်ဆိုင်မှာ ပြောနေကြစကားတွေ၊ ရင်တွင်းခံစားချက်တွေကို သတင်းဆောင်းပါးတွေ အနေ...နဲ့ ရေးမိလို့တဲ့။
မှန်တာတွေ ရေးထားတာကို နာလိုခံခက်ဖြစ်ကြလို့ပဲလား။ စွဲချက်တင်လိုက်တဲ့ ပုဒ်မတွေကလည်း နှစ်ခု၊ သုံးခုဆိုလား။ အဓိက က အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၃(က)ဆိုလား၊ ၃၅(က)ဆိုလား။ နှိပ်စက်ညှင်းပန်းပြီး အပြစ်ရှိပါတယ်လို့ ၀န်ခံခိုင်းလို့ပဲလား။ ဘာပဲဖြစ်ဖြစ် အရပ်သားအဖြစ် ပြောင်းလဲပစ်လိုက်ပြီး အရပ်ဖက်ထောင်ကိုတော့ ကျန်းကျန်းမာမာနဲ့ စိတ်ထိခိုက်ပင်ပန်းစွာနဲ့ ရောက်ရှိသွားလေပြီ။ သူများတွေ ပျော်ရွှင်ကြည်နူးတဲ့ မြန်မာသင်္ကြန်နှစ်သစ် အခါသမယမှာ ကိုယ်တို့မိသားစုက မျက်ရည်ရွဲလဲနဲ့ အနာဂတ်အတွက် ပူပန်မှုများစွာနဲ့ နှစ်သစ်ကို ကြိုလင့်ကြရလေပြီ။
တစ်ချို့မိသားစုတွေကတော့ အမျိုးထဲ ထောင်ကျနေတာ မပြောဝံ့ဘူး။ ကိုယ်တို့ကတော့ မရှက်ဘူး။ မေးလာတဲ့သူတွေကို ဒီလိုပဲ ဖြေမှာပါ။ ရာထူးတိုးသင့်တဲ့အချိန်မှာ တိုးမပေးပဲ ညစ်ထားခြင်း ခံရတဲ့သူတွေကိုယ်စား ရေးမိတာ ပြောမိတာ ပုထုဇဉ်သဘာဝပါ။ အရှိအရှိအတိုင်း၊ ဖြစ်နေတာဖြစ်နေတဲ့အတိုင်း မှန်ရာ ရေးမိ၊ ပြောမိလို့ တပ်စည်းကမ်းဖေါက်တယ်၊ ဥပဒေချိုးဖေါက်တယ်ဆိုပြီး ထောင်ချခံရတာပါ။ နံမည်ပေါက်နဲ့ ၁၅ သိန်းကျော်သွင်းထားရတဲ့ ဖုန်းလည်း မိသားစုကိုပြန်မပေးပါဘူး။ ပင်စင်ဆိုတာ့ ဝေးရော့။
ဘာပဲဖြစ်ဖြစ်ပါလေ။ ကျွန်တော်တို့ မိသားစုက ပြီးပြည့်စုံတဲ့ သည်းခံခြင်းမဟုတ်ပေမယ့်လည်း အရင်ဘ၀က ကြွေးဟောင်းရှိလို့ ဆပ်ရတယ်ပဲ သဘောထားပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်ကြပါတယ်။ ဘယ်နိုင်ငံတကာ၊ ဘယ်ပါတီ၊ အဖွဲ့အစည်း၊ အင်ဂျီအိုကိုမှလည်း အကူအညီမတောင်းပါဘူး။ ဘယ်မီဒီယာကိုမှလည်း မပြောနေပါဘူး။ ပြည်တွင်းရေး ပြည်တွင်းမှာသာ ဆိုတာကိုလည်း လက်ခံပါတယ်။ ဒါကြောင့်မို့ နိုင်ငံသားတစ်ယောက်အနေနဲ့ ရသင့်တဲ့ အခွင့်အရေးအဖြစ် နိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့ကိုတော့ဖြင့် မိသားစုက ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ တောင်းဆိုသွားမှာပါ။ ရှေ့နေငှားခွင့်မရှိပဲ၊ ထုချေခွင့်မရှိပဲ၊ အများပြည်သူရှေ့မှာ ချခဲ့တာ မဟုတ်တဲ့ စီရင်ချက်မျိုးကို ကာလုံ ဥက္ကဌနဲ့ သမ္မတကြီးက လွဲရင် ဘယ်သူကများ ပြင်ပေးနိုင်မှာမို့လဲ။
ဒီ စာကို ဖတ်ရတဲ့ လက်ရှိ ဒီလိုအရှုပ်အထွေးထဲပါနေဆဲ၊ ပါရန်ပြင်ဆင်နေဆဲ တပ်မတော်သားများခင်ဗျား။ ကျွန်တော့အစ်ကို (ဗိုလ်ကြီးနေလင်းဒွေး၊ လေ ၂၂၈၂၊ DSA ၃၇ ဆင်း) ကတော့ ရှေ့ဆောင်စံပြ ထောင်နှစ်ဆယ် ကျသွားခဲ့ပါပြီ။ ဆင်ခြင်နိုင်ကြဖို့ပါ။ မိသားစုကို ငှဲ့ညှာကြဖို့ပါ။ စစ်ကြောရေးစခန်းမှာ စစ်ကြောမယ့် နည်းလမ်းတွေကို ကြိုတွေးထားကြဖို့ပါ။ ဒုတိယအရွယ်ကနေ တတိယအရွယ်ကို ၁၀ ပေ ပတ်လည်အခန်းကျဉ်းလေးထဲမှာ အစား၊ အနေဆင်းရဲစွာနဲ့ ကျော်ဖြတ်ရမှာကို စဉ်းစားထားဖို့ပါ။ ခင်ဗျားတို့ အကြီးအကဲကတော့ ဥပဒေအထက်တွင် မည်သူမျှ မရှိစေရပါတဲ့ခင်ဗျာ။ အဲဒီစကား အမြဲမှန်နေရင်တော့ နိုင်ငံအတွက် လွှတ်ကောင်းပေါ့ဗျာ။ အဲ.. ကျွန်တော့ အီးမေးလ်နဲ့ ဒီဖေ့ဘွတ်ကိုလည်း စောင့်ကြည့် ထောက်လှမ်းနေပါတယ်တဲ့ခင်ဗျာ။ ကွန်မင့်ပေးရင် ကြည့်ပေးကြပေါ့ခင်ဗျာ။ ခင်ဗျားတို့ နောက်ကျောမှာ ကင်မရာတွေ တပ်ပြီး zoom ဆွဲကြည့်နိုင်တာ၊ ခင်ဗျားတို့ ဖုန်းတွေအားလုံးကို ကြားဖြတ်ဖမ်းယူပြီး digital format နဲ့ Hard disk တွေထဲ သိုမှီးထားတာ၊ အင်တာနက်ဆိုင် ကောင်တာကနေ ခင်ဗျားတို့ ကြည့်နေတဲ့ ၀က်ဆိုက်စာမျက်နှာတွေကို ခင်ဗျားတို့ မြင်ရတဲ့အတိုင်း မြင်နေနိုင်တာတွေကို သတိရကြပါ။
ကိုနေမျိုးဇင်
ဒေါင်းမာဏ်ဟုန်မှကူးယူဖေါ်ပြပါသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment