by နော်နိုရင်း
မြန်မာအစိုးရနဲ့ ဒုတိယကြိမ် အပစ်အခတ်ရပ်စဲရေးဆက်လက်ဆွေးနွေးဖို့ အဖွဲ့ဝင် ၂၁ ဦးပါ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကိုယ်စားလှယ်အဖွဲ့ဟာ ဒီမနက်မှာပဲ ထိုင်း-မြန်မာ နယ်စပ်ကနေ ထွက်ခွာပြီး ကရင်ပြည်နယ် ဘားအံမြို့ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
မွန်းလွဲပိုင်းမှာ ဘားအံမြို့ကို ရောက်ရှိလာတဲ့ ကေအန်ယူအဖွဲ့ကို ဇွဲကပင်ဟိုတယ်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သောင်းနဲ့ ဦးအောင်မင်း အပါအဝင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်းတို့က လာရောက်ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။
ညနေ ၆ နာရီမှာလောက်မှာတော့ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မယ်လို့ ကေအန်ယူအဖွဲ့ကို သွားရောက်ကြိုဆိုတဲ့ ဘားအံအခြေစိုက် ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီက ဒေါ်နန်းဆေးဝါးက ဒီဗွီဘီကို ပြောပါတယ်။
“ရထားဝန်ကြီး ဦးအောင်မင်း၊ လဝကဝန်ကြီး ဦးခင်ရီ၊ နောက်ထပ် ဝန်ကြီး ၂ ဦး ပါပါတယ်။ အခုတော့ ဘာမှမပြောကြသေးဘူး။ ခရီးပန်းလာလို့ ဇွဲကပင်ဟိုတယ်မှာပဲ နားဦးမှာပေါ့။ ၆ နာရီမှာ ညစာစားပွဲ ခေါ်ထားပါတယ်။”
ကေအန်ယူအနေနဲ့ အစိုးရနဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဆိုင်ရာ အသေးစိတ်ကို လုပ်ဆောင်သွားဖို့၊ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်သွားဖို့၊ ပြည်သူအတွက် အာမခံချက်ရှိတဲ့ လုံခြုံမှုရရှိဖို့၊ ယုံကြည်မှု တည်ဆောက်ဖို့နဲ့ လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ဖို့စတဲ့ အချက် ၅ ချက်ကို အဓိကထား ဆွေးနွေးဖို့ ဒီမနက်မှာပဲ ကေအန်ယူက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒီအချက်တွေကို ပြည်နယ်အဆင့်အတွက် ဒီညနေပိုင်းမှာဆွေးနွေးပြီး ဧပြီ ၅ ရက်နေ့မှာတော့ ဘားအံမြို့မှာရှိတဲ့ ကရင်အဖွဲ့အစည်းကို တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ ဧပြီ ၆ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ဆက်လက် ပြုလုပ်သွားမှာပါ။
ဧပြီ ၄ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ဒီခရီးစဉ်အတွင်း ငြိမ်းချမ်းရေးရရှိရေး ကြိုးပမ်းဆောင်ရွက်ရာမှာ အလွှာအသီးသီက လူထုတွေ၊ လူမှုအဖွဲ့အစည်း၊ နိုင်ငံ ရေးပါတီတွေနဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့လည်း တွေဆုံသွားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့ဟာ ပဲခူးတိုင်း ကျောက်ကြီးမြို့နဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့ကို သွားရောက်လေ့လာဖို့ ရှိပြီး ဆက်ဆံရေးရုံးဖွင့်လှစ် ဖို့ရှိကြောင်းလည်း ဆိုပါတယ်။
နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့တဲ့ ကေအန်ယူနဲ့ အစိုးရ အကြား ဇန်နဝါရီလဆန်းပိုင်းက ပထမအကြိမ် တွေ့ဆုံရာမှာ အပစ်အခတ်ရပ်ထားဖို့ နှစ်ဖက် ပဏာမသဘော တူညီခဲ့ပါတယ်။
http://burmese.dvb.no/archives/23742
4 April 2012
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ကေအန်ယူအဖွဲ့ ဘားအံကို ရောက်
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment