
ကိုဝိုင်း | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက်
နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် တောင်းဆိုထားသည့် သက်သေ ရှစ်ဦးအနက် နှစ်ဦးကိုသာ ခေါ်ယူပေးမည်
ဖြစ်ပြီး မတ်လ ၁ ရက်နေ့တွင် စစ်ဆေးခွင့်ရမည် ဖြစ်သည်။
ရထားဝန်ကြီး ဦးအောင်မင်း အပါအဝင် နေပြည်တော်မှ စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) အရာရှိကြီးများ၊ လက်ရှိ အင်းစိန်ထောင်ပိုင်နှင့် ထောင်ပိုင်ဟောင်း အပါအဝင် စုစုပေါင်း ၈ ဦးကို အင်းစိန် အထူးတရားရုံးသို့ ဆင့်ခေါ်ပေး ရန် ဖေဖော်ဝါရီ ၁၆ ရက်နေ့ ရုံးချိန်းအတွင်း မန်းငြိမ်းမောင် ဘက်မှ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လျှောက်ထားချက်အား ရန်ကုန်မြောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦးလှဝင်းက ကြာသပတေးနေ့တွင် အကြောင်းပြန်ခဲ့ရာ အင်းစိန်ထောင်ပိုင်နှင့် ထောင်ပိုင်ဟောင်းတို့ကိုသာ ခွင့်ပြုကြောင်း မန်းငြိမ်းမောင်၏ ရှေ့နေ ဦးကြီးမြင့်က မဇ္ဈိမကို ပြောသည်။
“ထောက်လှမ်းရေးမှူးတွေကို ခေါ်မပေးဘူး။ အမှု ကြန့်ကြာမယ်ပေါ့ဗျာ။ ကျနော်တို့က နေပြည်တော်မှ အရာရှိကြီး
နှစ်ဦးဆိုတာ အမည် ဖော်ပြမထားလို့ ပေါ့ဗျာ။ အမည်ဘာလို့ ဖော်ပြမထားနိုင်လဲ ဆိုတော့ သူတို့ကလည်း မပြောဘူးဗျ။ ပဒိုက မေးပိုင်ခွင့်လည်း မရှိဘူးဆိုတော့ ကျနော်တို့က နေပြည်တော်မှ အရာရှိကြီးနှစ်ဦးလို့ သူတို့ ပြောတဲ့ဟာကိုပဲ အတည်ယူပြီးတော့ သက်သေစာရင်း တင်ရတာပါ” ဟု ပြောသည်။
ပဒိုမန်းငြိမ်းမောင်အား အင်းစိန်ထောင်တွင်း၌ စစ်ကြောနေစဉ် သမ္မတ ငြိမ်းချမ်းရေးအထူး ကိုယ်စားလှယ် ရထား ဝန်ကြီး ဦးအောင်မင်း စေလွှတ်လိုက်သည့် နေပြည်တော်မှ အရာရှိများ လာရောက်တွေ့ ဆုံ၍ KNU နှင့် အစိုးရတို့
ကြား ငြိမ်းချမ်းရေးအတွက် အကြံဉာဏ်များ တောင်းခံခဲ့ပြီး ဖမ်းဆီးထားရာမှ လွှတ်ပေးမည်ဟု ပြောဆိုသွားသည်။
“အဲဒီတုန်းက ပထမထောင်ပိုင်ပေါ့ဗျာ။ ဒုတိယထောင်ပိုင်က ဒီအဖြစ်အပျက်တွေ သိတဲ့အတွက်ကြောင့် မို့လို့၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ နေပြည်တော်က အရာရှိတွေ လာကြတယ်ဆိုတဲ့ မှတ်တမ်းကို သက်သေပေးနိုင်တယ်။ ကျနော်တို့ဘက်က သက်သေပြထားတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းက အားကောင်းတာပေါ့” ဟု ရှေ့နေ ဦးကြီးမြင့်က
ပြောသည်။
လက်ရှိ အင်းစိန်ထောင်ပိုင်မှာ ဦးဇော်မိုးဖြစ်ပြီး အငြိမ်းစားယူသွားသည့် ထောင်ပိုင်ဟောင်းမှာ ဦးသက်ရှည်
ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင် ကွန်ယက်တာဝန်ခံတဦးက မဇ္ဈိမကို ပြောသည်။ အင်းစိန်ထောင်၌ နိုင်ငံရေးအကျဉ်းသား ၄၆ ဦးကျန်သေးသည်ဟု ဆိုသည်။
ပဒိုမန်းငြိမ်းမောင်က ဖေဖော်ဝါရီ ၁၆ ရက် အမှုချိန်းတွင် သူသည် KNU ဗဟိုကော်မတီဝင် ဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး
ဖြစ်သည်။
“ကျနော်က ဒါ ဘယ်ငြင်းလို့ရမလဲဗျ…တဲ့။ ငြင်းလိုက်ရင် ကရင်တော်လှန်ရေးရဲ့ နှစ် ၆ဝ သမိုင်းက အလကား
ဖြစ်သွားမှာပေါ့…တဲ့။ ကျနော်တို့က ခုခံတော်လှန်ရေး လုပ်ခဲ့ရတာပဲတဲ့။ ဒီနေ့ သူ ထူးထူးခြားခြား ပြောတာကတော့ အဲဒါပဲ” ဟု ဦးကြီးမြင့်က ပြောသည်။
အင်းစိန်၊ တောင်ငူ၊ မြောင်းမြ ထောင်အပါအဝင် ထောင်တချို့တွင် ဖမ်းဆီးထားသည့် KNU အဖွဲ့ဝင်၊ KNU အား ကူညီသဖြင့် ဖမ်းဆီးထားသူ ကရင်အရပ်သား စုစုပေါင်း ၅ဝ ခန့် ရှိသည်ဟု KNU တွဲဖက် အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလှငွေက မဇ္ဈိမကို ပြောသည်။
ဇန်နဝါရီ ၁၂ ရက်နေ့က အစိုးရကိုယ်စားလှယ်များနှင့် ဘားအံမြို့တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှု ပဏာမ သဘောတူမှု ၅ ချက် လက်မှတ်ထိုးထားသည့် KNU က ခိုင်မာသည့် အပစ်ရပ်ရေး ရရှိရန်အတွက်မှု အစိုးရက ဖမ်းဆီးထားသည့် KNU အဖွဲ့ဝင်များနှင့် ကရင်ပြည်သူ အားလုံးကို လွှတ်ပေးရန်လည်း လိုအပ်ကြောင်း ဗုဒ္ဓဟူးနေ့ က ကြေညာချက် ထုတ်ပြန်ထားသည်။
“မန်းငြိမ်းမောင် မလွဲမသွေ လွတ်ရမယ်ဆိုပြီးတော့ သူတို့က စပြောလာပြီးတော့ ကျနော်တို့နဲ့ ချိတ်တဲ့ အပေါ်မှာ၊ မလုပ်နိုင်တဲ့အပေါ်မှာ ကျနော်ထင်တယ် အလားအလာတော့ သိပ်မကောင်းလှဘူး” ဟု ဗိုလ်မှူးစောလှငွေက မဇ္ဈိမကို ပြောသည်။
၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ လေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိလာသူ ပဒိုမန်းငြိမ်းမောင်ကို နိုင်ငံကူးလက်မှတ် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟုဆိုကာ ဖမ်းဆီးထားသည်မှာ ၇ လပြည့်သွားပြီဖြစ်သည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီ တပေါင်းတည်း ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့ပြီးနောက် မတရားအသင်း ပုဒ်မ ၁၇(၁)၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) တို့ဖြင့် ထပ်မံ တရားစွဲထားပြီး ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးနေသည်။
ပဒိုမန်းငြိမ်းမောင်ကို ယခင်က လက်ထိပ်ခတ် ရုံးထုတ်ခဲ့သော်လည်း ကြာသာပတေးနေ့ နေ့လည် ၁၂ နာရီခွဲမှ တနာရီကြာသည့်ကြားနာမှုတွင်မှု လက်ထိပ်ခတ်ခြင်း မရှိကြောင်း၊ သူသည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသော်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိနေကြောင်း ရှေ့နေ ဦးကြီးမြင့် က ပြောသည်။
နိုင်ငံအနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၈ဝဝ ဦး ဝန်းကျင်ရှိကြောင်း စာရင်းရထားပြီး ထိုထဲမှ ၄ဝဝ ဦးကိုမူ အတိအကျ ပြောဆိုနိုင်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ
စောင့်ရှောက်ရေးအသင်း က မဇ္ဈိမကို ပြောသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment