http://www.burmavjmedia.net/?p=3884
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံသို့အိတ်ဖွင့်ပေးစာသမီးရဲ့ဖေဖေဟာ ရွှေသံစဉ် နဲ့ အလင်္ကာတေးဂီတ အဖွဲ့တွေမှာ Lead Guitar တီးခတ်တဲ့ ဂီတမှူး
ဦးဝင်းမော်ပါ ။ တီးဝိုင်းခေါင်းဆောင်လည်းဖြစ်ပါတယ် ။ The Aces တေးဂီတ အဖွဲ့ကြီးမှာလည်း ၁၉၈၉ ကနေ
၁၉၉၆ ထိ ၇ နှစ်တိတိ Lead Guitar တီးခတ်ခဲ့ပါတယ် ။ ၁၉၉၆ ခုနှစ် Visit Myanmar Year နေ့ဖြစ်တဲ့
နိုဝင်ဘာ ၁၈ ရက် ၊ သမီးအသက် ၂ နှစ်အရွယ်မှာဘဲ သမီးဖေဖေဟာ န ၀ တ အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း
ခံခဲ့ရပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် အတွက် ဖေဖေက သီချင်း ၂ ပုဒ် ရေးသားတီးခတ်ပေးခဲ့လို့ အကျဉ်း
ထောင်ထဲမှာ ၆ နှစ်နေခဲ့ရပါတယ် ။၂၀၀၂ ခုနှစ်မှာ
တောင်ငူအကျဉ်းထောင်က ပြန်လွတ်မြောက်လာတဲ့ ဖေဖေ
နဲ့ သမီးတို့ မိသားစု ၅ နှစ်လောက်ပဲ အတူနေခွင့်ရခဲ့ပြီး ၂၀၀၇ သံဃာတော်များ မေတ္တာပို့ လမ်းလျှောက်
ဆုတောင်းပွဲမှာ ဖေဖေ နဲ့ သမီးတို့မိသားစုထပ်ပြီး ခွဲခွာခဲ့ရပြန်ပါတယ် ။ ဒီတစ်ခါတော့ န အ ဖ စစ်အစိုးရက
ဖေဖေ့ကို ထောင်ဒဏ် ၁၇ နှစ် ချလိုက်ပါတယ် ၊ DVB သတင်းဌာနကို သံဃာတော်တွေ မေတ္တာပို့ဆုတောင်း
လမ်းလျှောက်ပုံတွေ ဗီဒီယိုပုံရိုက်ကူးပေးပို့ခဲ့လို့ အပြစ်ပေးတာလို့ဆိုပါတယ်။ ဖေဖေ ဟာ ရတနာ ၃ ပါးကို
အရမ်း ရိုသေလေးစားသူဖြစ်ပါတယ် ။ ဖေဖေ အမြဲပြောလေ့ရှိတာက သံဃာတော်တွေ လက်ဆင့်ကမ်းထိန်း
သိမ်းလာခဲ့တာကြောင့် ထေရ၀ါဒ ဗုဒ္ဓသာသနာ မြန်မာပြည်မှာ ထည်ထည်ဝါ၀ါ ပေါ်ထွန်းတည်တံ့ခိုင်မြဲနေ
တာဟာ သံဃာတော်တွေရဲ့ကျေးဇူး အင်မတန်ကြီးမားတယ်ဆိုတာပါဘဲ ။ ၂၀၀၇ မှာ သံဃာတော်တွေဟာ
ပြည်သူတွေ အတွက် နေပူ မိုးရွာမရှောင် ဆင်းရဲဒုက္ခ ခံပြီး ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းလမ်းလျှောက်
ခဲ့တာကို အစိုးရက ရက်ရက်စက်စက် ချေမှုန်းတဲ့ Video ပုံတွေ ကို Editing လုပ်ရင်း ဖေဖေ ဟာ မျက်ရည်
ကျခဲ့ရပါတယ် ။ အဲဒီတုန်းက ဖေဖေ ပြောတာက တို့နိုင်ငံမှာသာသနာကွယ်တော့မယ် သမီးရယ် တဲ့ ။
၂၀၀၈ ခုနှစ် မေလ မှာ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့အတည်ပြုပြီးတော့ ဖေဖေဟာ သူ့
သူငယ်ချင်းတွေနဲ့အတူတူ အားလုံးအိမ်ပြန်ကြရတော့မယ်လို့ ယုံကြည်မျှော်လင့်ခဲ့တယ် ။ သမီးဖေဖေ ရဲ့
သူငယ်ချင်းတွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး တို့ကလည်း မအူပင်ဆုံးဖြတ်ချက် ကိုဆုံးဖြတ်ခဲ့ကြ
တယ်တဲ့ ။ အဲဒီဆုံးဖြတ်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက သူတို့လက်မခံနိုင်တဲ့ ဥပဒေ အချို့ကို
လွှတ်တော်ထဲမှာ ၀င်ရောက်ပြုပြင်ဖို့အတွက် နိုင်ငံတော် အစိုးရက ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်
ရွေးချယ်ဖို့ ၊ တိုင်းပြည်အတွက် အစိုးရနဲ့ အတူလက်တွဲပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
ဆောင်ရွက်ကြဖို့ဆိုတာတွေပါတယ်လို့ ဖေဖေက ပြောပြခဲ့ဘူးတယ် ။ သက်ဆိုင်ရာ အာဏာပိုင်တွေ
တွေကနေ တစ်ဆင့် နိုင်ငံတော်အကြီးအကဲတွေထံ တင်ပြဆောင်ရွက်ခဲ့ကြပါတယ် ၊ ဒါပေမဲ့ ဘာတစ်ခုမှ
တုန့်ပြန်မှု မရခဲ့ဘဲ ဖေဖေ အပါအ၀င် ဖေဖေ့ သူငယ်ချင်းတွေအားလုံးကို မြန်မာပြည်ရဲ့ ဝေးလံတဲ့ဒေသ
ထောင်တွေကို ပြောင်းရွှေ့ခံခဲ့ရတယ်။ရွေးကောက်ပွဲအပြီး သမ္မတကြီးရဲ့ ဒီမိုကရေစီ အစိုးရတက်လာတော့
ဖေဖေ တို့လွတ်မြောက်တော့မယ်လို့ သမီးတို့မျှော်လင့်ခဲ့ကြပါတယ် ။ ၂၀၁၀ မေလမှာပေးတဲ့ လွတ်ငြိမ်း
ချမ်းသာခွင့် ၊ ၂၀၁၁ အောက်တိုဘာမှာပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် တွေမှာ ဖေဖေ ပါမလာခဲ့ပါဘူး ။
သမီးဖေဖေ ရဲ့ ဖခင် သမီးဖိုးဖိုးဟာ အသက် ၈၉ နှစ်ရှိပါပြီ ၊ သူ့သားရဲ့ အိမ်ပြန်လာမယ့် ရက်ကို စောင့်
မျှော်နေဆဲပါ ။ ခု ၂၀၁၂ ဇန်န၀ါရီမှာ သမီးဖေဖေကို ကျောက်ဖြူအကျဉ်းထောင်မှာထောင်ဝင်စာသွားတွေ့
နေတုန်းလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်တာနဲ့ဆုံရပြန်ပါတယ်။ ဒါပေမယ့် သမီးဖေဖေ အပါအ၀င်
ဖေဖေ့သူငယ်ချင်းတွေ တစ်ယောက်မှပါမလာကြပြန်ပါဘူး ။ ဖေဖေက ဘာပြောလဲဆိုတော့ သူ့ကျွန်ဘဝ
မှာ လူမျိုးခြား ဘာသာခြား အုပ်စိုးသူတွေက နိုင်ငံလွတ်မြောက်ရေးအတွက် သူတို့ ကိုဆန့်ကျင်တဲ့
သခင်နုတို့ ၊ သခင်စိုး တို့ စတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကိုဖမ်းရင်တောင် ၆ လ ဘဲထောင်ချခဲ့လို့
သခင်ပေါက်စ ထောင်ခြောက်လ လို့တောင်ပြောစမှတ် ရှိခဲ့တယ်တဲ့ ၊ အခု ကိုယ့်လူမျိုး ဘာသာတူ
တစ်မြေထဲနေ တစ်ရေထဲသောက်ကြတဲ့ ကိုယ့်အစိုးရလက်ထက်မှာမှ ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်
ကြသူတွေ၊ အစိုးရနဲ့ သဘောထားကွဲလွဲကြသူတွေကို သေဒဏ်တွေ ၊ တစ်သက်တစ်ကျွန်းတွေ ၊ နှစ်ရှည်
ထောင်ဒဏ်တွေ လိုကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးနေတာ ရင်နာဖို့ကောင်းလိုက်တာသမီးရယ်တဲ့ ။ အခြေခံ
ဥပဒေ မရှိခင် စစ်အစိုးရလက်ထက်မှာ တော့ထားပါတော့ ၊ ဥပဒေကို စစ်တပ်ကလွှမ်းမိုးထားလို့ ၊ ဖွဲ့စည်းပုံ
အခြေခံ ဥပဒေပေါ်ပေါက်လာပြီး ရွေးကောက်ပွဲနဲ့တက်လာတဲ့ ဒီမိုကရေစီ အရပ်သားအစိုးရ လက်ထက်မှာ
တော့ ဖေဖေ တို့အားလုံးပြန်လွတ်မှာပါလို့ သမီးတို့လိုဘ၀တူ မိသားစုတိုင်း မျှော်လင့်ခဲ့ကြတာပါ ။ဖေဖေက
ဂီတသမားဆိုတော့ ဂီတပညာနဲ့ ပတ်သတ်တဲ့ ဥပမာစကားလေး ပြောလိုက်ပါတယ် ။ ဂီတမှာ Timing ဟာ
အသက်ပဲ အရေးကြီးဆုံးပဲ Timing လွဲသွားရင် တေးသွား သီချင်းရဲ့ အရသာ ပျက်သွားရော ။ ထို့အတူဘဲ
ဟင်းချက်ရာမှာဘဲဖြစ်ဖြစ် ၊ အားကစား လုပ်ရာမှာဘဲဖြစ်ဖြစ် Timing မှန်ဖို့လိုအပ်တယ် ။ သီချင်းတစ်ပုဒ် ၊
ဟင်း တစ်ခွက် Timing Out သွားရင် သီချင်းလောက် ဟင်းလောက်ပဲ အရသာပျက်မှာ ၊ နိုင်ငံရေးမှာ Timing
လွဲ သွားရင် တိုင်းပြည်တစ်ခုလုံး Image ပျက်တယ် ။ တစ်မျိုးသားလုံးဂုဏ်ထိခိုက်နစ်နာစေတယ် ။ နိုင်ငံရေး
မှာ Timing ဆိုတာ လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်တဲ့အချိန်မှာ လုပ်ခြင်းပါဘဲ ။ ဖေဖေ တို့ကို လွှတ်
မပေးလို့ ထောင်ထဲမှာ ပေးဆပ် အနစ်နာခံနေရမှာကို တုန်လှုပ်ခြင်းမဖြစ်ပါဘူး၊ တိုင်းပြည်အတွက် မိမိတတ်
ကျွမ်းတဲ့ အနုပညာနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် ဆောင်ရွက်ခွင့် မရတာကိုဘဲ စိတ်မကောင်းဖြစ်တာပါ၊ဖေဖေ
တို့အပေါ် သမ္မတကြီးက အာဃာတ တရားကြီးမားနေတာကိုဘဲ စိတ်မကောင်းဖြစ်တာပါသမီးရယ် လို့ပြော
ပါတယ် ၊ ဘာပဲဖြစ်ဖြစ် သမီးဖေဖေရဲ့ ဂီတ နဲ့ အနုပညာကိုမြတ်နိုးတဲ့စိတ် ၊ ဒီမိုကရေစီကိုယုံကြည်တဲ့စိတ် ၊
တိုင်းပြည်နဲ့လူမျိုးကို ချစ်မြတ်နိုးတဲ့စိတ် ၊ ဘာသာတရားနဲ့ ရတနာသုံးပါးကို ရိုသေမြတ်နိုးတဲ့စိတ်ကို သမီး
တို့မောင်နှမတွေလေးစားဂုဏ်ယူနေမှာပါ ၊ ဖေဖေ နဲ့ ဖေဖေ့သူငယ်ချင်းတွေကို ယုံကြည်ချက် အကျဉ်းသား
ဘဲဆိုဆို၊ လုံခြုံရေးအကျဉ်းသားဘဲပြောပြော ၊ နိုင်ငံရေးအကျဉ်းသားဘဲ ခေါ်ခေါ် ၊ သီးသန့်အကျဉ်းသားဘဲ
မှတ်မှတ် ၊ အဲဒီအမည်နာမ ပညတ်တွေက အရေးမကြီးပါဘူး ။ သူတို့တွေဘာအတွက် ဘယ်သူ့အတွက်
အသက်တွေဘ၀တွေကိုပေးဆပ်စွန့်လွှတ် အနစ်နာခံနေကြတာလဲဆိုတဲ့အချက်က အရေးကြီးတယ်လို့သမီး
ထင်ပါတယ် ။ သမီးတို့ မြန်မာပြည်သူတွေသာမက ကမ္ဘာ့ ပြည်သူတွေပါ မနှစ်မြို့တော့တဲ့ အာဏာရှင် စနစ်
ဆိုးကို ဆန့်ကျင်ခဲ့လို့ အာဏာရှင်တွေရဲ့အမုန်းတရားတွေအောက်မှာ တရားလက်လွတ်ဖိနှိပ်ခံနေရတာပါ ။
ဖေဖေနဲ့ဖေဖေ့သူငယ်ချင်းတွေရဲ့ ခွပ်ဒေါင်းဝိဥာဉ် ၊ခွပ်ဒေါင်းစိတ်ဓါတ်တွေကိုဘဲ သမီးတို့မျိုးဆက်သစ်လေး
တွေ လေးစားဂုဏ်ယူ မှတ်တမ်းတင်ပေးကြရမှာဖြစ်ပါတယ် ။ အာဏာရှင် အစိုးရလက်ထက်မှာတော့ ဒီဖြစ်
ရပ်တွေ အမှန်တကယ်ဖြစ်ခဲ့တာပါ ။ ဂစ်တာလေးတီးသီချင်းဆိုရုံ ၊ ဗီဒီယို ဓါတ်ပုံလေးရိုက်ရုံ ၊ မေတ္တာပို့
ဆုတောင်း လမ်းလျှောက်ရုံ နဲ့ ထောင်ဒဏ်တွေ နှစ်ရှည် လများ ချမှတ်ခံရတာ ကမ္ဘာ့ နိုင်ငံပေါင်း ၂၀၀ ကျော်
မှာ သမီးတို့ တစ်နိုင်ငံဘဲ ရှိတယ်လို့ထင်ပါတယ် ။ သမိုင်းဟာ ဖေဖေ တို့အပေါ်မှာ ဘယ်တော့မှသစ္စာဖောက်
မှာမဟုတ်ပါဘူး ။
သမ္မတကြီးနဲ့တကွတိုင်းပြည်တာဝန်ဦးဆောင်ဦးရွက်ပြုနေသူအားလုံး ၊ စစ်မှန်တဲ့လမ်း ငြိမ်းချမ်း
တဲ့ ဒီမိုကရေစီ နိုင်ငံထူထောင်ရင်း ၊ အာဏာရှင်စနစ်ဆိုးကို စွန့်ပယ်ပြီး အာဃာတတွေ ကင်းတဲ့နေမှာတော့
သမီးဖေဖေ နဲ့ ဖေဖေ့ သူငယ်ချင်းတွေ လွတ်မြောက်လာမယ်လို့ သမီးယုံကြည်ပါတယ် ။
ဖေဖေအပါအ၀င် တိုင်းပြည်အတွက်စွန့်လွှတ်အနစ်နာခံနေကြတဲ့ ဖေဖေ့ရဲ့သူငယ်ချင်းအားလုံးရဲ့ အိမ်အပြန်ကို
ကြိုဆိုမျှော်လင့်လျှက် . . . . .
သမ္မတကြီးနှင့်မိသားစု စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ
ဖေဖေဂီတမှူး ၀င်းမော် ၏ သမီးငယ်
ခင်စုကြည်
ဒုတိယနှစ် ( ဥပဒေပညာအထူးပြု )
၂၀၁၂ ခုနှစ် ၊ ဇန်န၀ါရီလ – ၈ ရက်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment