မြန်မာအစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်ဆံရေးပြေလည်ကာ အခြေအနေများ တိုးတက် ကောင်းမွန်လာပါက စီးပွားရေးပိတ်ဆို့မှုများရုပ်သိမ်းရန် စဉ်းစားသွားမည်ဖြစ်ပြီး မြန်မာအစိုးရ၏ သိသာထင်ရှား ကောင်းမွန် သော အပြောင်းအလဲများကြောင့် အလွန်အမင်း စိတ်လှုပ်ရှားမိကြောင်း အမေရိကန် လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ် က ယနေ့ ပြောဆိုလိုက်သည်။
“တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးပြေလည်ဖို့ အရေးကြီးတယ်။ ကျနော်တို့ အခုအချိန်မှာ ဒီအချက်ကို ပိုပြီးတော့ အာရုံစိုက် နေပါတယ်။ ကရင်တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်လိုက်တာကလည်း အရေးကြီးတဲ့ ခြေလှမ်း တရပ်ဖြစ်ပြီး ဦးတည်ချက် မှန်မှန်နဲ့ သွားနေတာလည်း ဖြစ်ပါတယ်။ တခြား လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့လည်း ဒီလို တိုးတက် အောင်မြင်မှုတွေ ဖြစ်ထွန်းစေချင်ပါတယ်။ ဒီလို ရှေ့ဆက်သွားမှုတွေကြောင့် စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားဖို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ တဖြည်းဖြည်း စဉ်းစားမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
မစ်ခ်ျ မက်ကော်နယ်သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ် ရိပ်သာလမ်းနေအိမ်တွင် ယနေ့ နံနက်ပိုင်းက တွေ့ဆုံအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး မျှတသန့်ရှင်းသော ရွေးကောက်ပွဲ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံနှင့် သံအမတ်ကြီး အဆင့် ဆက်ဆံရေး ပြန်လည် စတင်တော့မည်ဟု တရားဝင် ပြောဆိုထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သိသာထင်ရှား ကောင်းမွန်သော အပြောင်းအလဲများကြောင့် စိတ်လှုပ်ရှားမိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် တွေ့ဆုံရသည့်အတွက် ၀မ်းမြောက်ကြောင်း၊ အမေရိကန်ပြည်ထောင်စု အနေနှင့် အပြောင်းအလဲများကို ကျေနပ်အားရကြောင်း သူက ဆက်ပြောသည်။
“သိသာထင်ရှားကောင်းမွန်တဲ့ အပြောင်းအလဲတွေကြောင့် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ ထပ်ပြီး လုပ်ဖို့လိုတယ်။ တိုင်းရင်းသား လူနည်းစုနဲ့ ဆက်ဆံရေးတိုးတက်ဖို့၊ ကချင်၊ ကရင်တွေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲဖို့က အရေးကြီးတဲ့ အဆင့်တခုဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
၂၀၀၃ ခုနှစ်မှစ၍ နှစ်စဉ် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုကို စတင် ပြောဆိုခဲ့သူ မက်ကော်နယ်သည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု လျှော့ချရေးတွင် အရေးပါသည့် နေရာ၌ ရှိနေသည် လေ့လာသူများက သုံးသပ်သည်။
နိုင်ငံရေး အကျဉ်းသားအများစု လွတ်မြောက်လာပြီး နောက်တနေ့ ဇန်နဝါရီ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ထားမှုများအား ရုပ်သိမ်းတော့မည်ဟု နော်ဝေနိုင်ငံခြားရေးဌာနကလည်း တရားဝင်ထုတ်ပြန် ကြေညာ ခဲ့သည်။
နော်ဝေနိုင်ငံ၏ ကုမ္ပဏီများသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာလုပ်ကိုင်နိုင်ပြီ ဖြစ်ကြောင်း၊ သို့သော်လည်း နော်ဝေ နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံ ဖြစ်သည့်အတွက် EU ၏ ဒဏ်ခံပိတ်ဆို့ထားမှု ကိစ္စများကို
ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း နော်ဝေနိုင်ငံခြားရေးဌာနက ကြေညာခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်၍ ထောင်မှလွတ်မြောက်လာသူ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့မှ ကိုဂျင်မီက “တွေ့ဆုံမှုဆွေးနွေးမှု တွေရဲ့ရလဒ်လို့ ပြောရမှာပါ၊ တွေ့ဆုံမှုတွေ ပိုလုပ်လာလေ စီးပွားရေး ပိတ်ဆို့မှုတွေ တဆင့်ချင်းလျော့ ကျလာလေ ဖြစ်မယ်” ဟု ဆိုသည်။ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ အနေဖြင့် ထို ကိစ္စအတွက် ကြေညာချက်တစောင် မကြာမီထုတ်ပြန်သွားရန် ရှိကြောင်းလည်း ကိုဂျင်မီက ပြောသည်။
မြန်မာအစိုးရသည် ထင်သာမြင်သာရှိသော ပြုပြင်ပြောင်းလဲမှုတချို့ကို လုပ်ဆောင်နေသည့်အတွက် စီးပွားရေးပိတ်ဆို့ မှုများကို လျှော့ပေါ့စဉ်းစားရန် အမေရိကန် အပါအဝင် အနောက်နိုင်ငံများက ပြောဆိုနေကြသည်။ ဥရောပသမဂ္ဂ၏ ရုံးခွဲတခုကို ရန်ကုန်မြို့၌ ဖွင့်လှစ်သွားမည်ဟုလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကြေညာခဲ့သေးသည်။
အမေရိကန် လွှတ်တော် အမတ် မစ်ခ်ျ မက်ကော်နယ်က “မြန်မာနိုင်ငံအနေနဲ့ လာမယ့်အနာဂတ်မှာ ဆက်လက်တိုးတက်ဖို့ မျှော်လင့်ပါတယ်။ ဒါကို အမေရိကန် ပြည်ထောင်စုက စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းတာဟာ စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားဖို့နဲ့ ဆက်စပ်နေပါတယ်။ သမ္မတကြီးနဲ့လည်း မနက်ဖြန်မှာ တွေ့ဖို့ရှိပါတယ်။ အပြောင်းအလဲတွေ ဘယ်လို ရှေ့ဆက်သွားမလဲ ဆိုတာ ဆွေးနွေးဖြစ်မယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ကမူ မြန်မာ့ဒီမိုကရေစီ အရေးအတွက် အမေရိကန်ပြည်ထောင်စုက နှစ်ပေါင်းများစွာ ထောက်ခံ ပေးခဲ့မှုကြောင့် များစွာ ကျေးဇူးတင်ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
ခင်ဦးသာနှင့် ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက်တို့ ပူးပေါင်း ရေးသားသည်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment