ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒိုမန်းရှာ လုပ်ကြံခံရမှုတွင် KNU ခေါင်းဆောင် ဗိုလ်ချုပ်စောဘိုမြ၏သား ဗိုလ်မှူးနဒါးမြ ပါဝင်ပတ်သက်ဖွယ် ရှိသည် ဆိုသည့် ၀ီကီလိတွင် ပါဝင်သော သတင်းကို ပဒိုမန်းရှာ၏မိသားစုက မယုံကြည်ကြောင်း တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
မြန်မာစစ်ထောက်လှမ်းရေးအရာရှိတဦး၏ ယူဆချက် ဆိုသည်ကို ကရင်တိုင်းရင်းသားတဦးဖြစ်သော ဒေါက်တာစောဆိုင်မွန်သာက ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးကို ပြောပြရာမှ ထိုကြေးနန်းစာ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ပဒိုမန်းရှာ၏ သမီး မဇိုရာဖန်းက ဧရာဝတီကို ပြောသည်။
“စစ်အာဏာရှင်တွေက ကျမတို့ ပြည်သူတွေ စိတ်ဝမ်းကွဲပြားအောင်လုပ်ဆောင်နေကြပါ။ သူတို့က ကျမတို့ အချင်းချင်း ကြား မယုံကြည်အောင်နည်းမျိုးစုံ သွေးခွဲသပ်လျှိုလုပ်နေကြတာပါ။ ကျမတို့ဖေဖေ လုပ်ကြံခံရတဲ့ကိစ္စမှာ ဗိုလ်မှူး နဒါးမြ ပါဝင်ပတ်သက်တယ်ဆိုတဲ့ အထောက်အထားလည်း မရှိပါဘူး” ဟု ဇိုရာဖန်းက ပြောသည်။
ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး မိသားစုက တနင်္လာနေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ရာ ပဒိုမန်းရှာလုပ်ကြံခံရမှုတွင် တရားခံမှာ မြန်မာနိုင်ငံ၏ အာဏာရှင်စနစ် ဖြစ်ကြောင်း၊ စစ်အာဏာရှင် ကျောထောက်နောက်ခံပေးထားသည့် ကရင်လူမျိုးများကိုယ်တိုင်က ပဒိုမန်းရှာကို လုပ်ကြံ သတ်ဖြတ်ခြင်းဖြစ်သည့်အတွက် လွန်စွာ ၀မ်းနည်းမိပါကြောင်း ရေးသားထားသည်။
ပဒိုမန်းရှာသည် ဖိနှိပ်မှုကို ဆန့်ကျင်နေကြသည့် မြန်မာပြည်သူအားလုံး စည်းလုံး ညီညွတ်ရေး၊မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့အတွက် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကောလာဟလများကို ဂရုမစိုက်ရန်လည်း ကြေညာချက်တွင် ရေးထားသည်။
အမေရိကန်သံအရာရှိနှင့် တွေ့ဆုံစဉ် ဒေါက်တာစောဆိုင်မွန်သာက "အစိုးရနှင့် စေ့စပ်လိုသည့် ဗိုလ်မှူး နဒါးမြက စေ့စပ်မှု မလိုလားသည့် ပဒိုမန်းရှာကို နှစ်သက်ခြင်းမရှိ" ဟူသော သူ ကြားထားသည့် ကောလာဟလ တခုကို ပြောပြခဲ့သည်ဟု ၀ီကီလိ ကြေးနန်းစာက ဆိုသည်။
ပဒိုမန်းရှာ လုပ်ကြံမခံရခင် ရက်ပိုင်းအလိုတွင် ဗိုလ်မှူးနဒါးမြက DKBA အရာရှိတဦးနှင့် တယ်လီဖုန်း ဆက်သွယ်မှု ရှိခဲ့သည်ဟု မြန်မာစစ်ထောက်လှမ်းရေးတဦးကို ကိုးကားပြီး စောဆိုင်မွန်သာက ပြန်ဖောက်သည်ချခဲ့ကြောင်း ကြေးနန်းစာတွင် တွေ့ရသည်။
“မည်သည့်အတွက်ကြောင့် လုပ်ကြံခဲ့ပြီး၊ လုပ်ကြံမှုတွင် မည်သူတို့ ပါဝင်သည်ဟူသော ခိုင်မာသည့် သက်သေအထောက်အထားကို မတွေ့ရှိရသေးကြောင်း (ဒေါက်တာ) ဆိုင်မွန်သာက ပြောဆိုသည်” ဟု ကြေးနန်းစာတွင် ရေးထားသည်။
ဦးနှောက်နှင့် အာရုံ ကြောဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာစောဆိုင်မွန်သာသည် KNU နှင့် အစိုးရကြား စေ့စပ်ပေးနေသူတဦးဖြစ်သည်။
KNU ထိပ်တန်းခေါင်းဆောင် ပဒိုမန်းရှာသည် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နေအိမ်တွင် ရှိနေစဉ် သေနတ်သမား ၂ ဦး၏ လက်ချက်ကြောင့် သေဆုံးခဲ့ရာ ထို သေနတ်သမားတို့မှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) မှ ဖြစ်သည်ဟု နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။ ထို ၂ ဦးအနက် ဗိုလ်စံပြုံး ဆိုသူသည်လည်း နောက်တနှစ်ကျော်အကြာတွင် ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်အတွင်း ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသည်။
ဖဒိုမန်းရှာသည် ၁၉၆၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်း ဘာသာရပ်ဖြင့် ဘွဲ့ရရှိပြီးနောက် တောခိုကာ ကရင့် တော်လှန်ရေးတွင် ပါဝင်ခဲ့သည်မှာ အသက် ၆၄ နှစ်အရွယ် ကွယ်လွန်ချိန်အထိ ဖြစ်သည်။
8 September 2011
ဝီကီလိဖော်ပြချက် ပဒိုမန်းရှာမိသားစု မယုံကြည်
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment