ချင်းမိုင် (မဇ္စျိမ) ။ ။ ထာဝရ ငြိမ်းချမ်းရေးအတွက် အခြားသော ကရင်၊ ရှမ်း၊ မွန် စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒေသများ အပါအဝင် တတိုင်းပြည်လုံး အပစ်အခတ် ရပ်ဆိုင်းရန် လိုအပ်ကြောင်း ကချင်လွတ်မြောက်ရေး KIO က ပြောဆိုသည်။
“ ကချင်ကိုပဲ ဖဲ့ပြီးတော့၊ အပစ်အခတ် ရပ်စဲပြီးတော့ ကျန်တဲ့ တိုင်းရင်းသားတွေကို တိုက်နေမှာလား။ သူတို့အားလုံး ပါဝင်မှ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုတာ ဖြစ်လာတာလေ။ အဲဒါကြောင့် တခြားဒေသတွေမှာ တိုက်ပွဲ ဆက်ဖြစ်နေတာက ထာဝရ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတာ မဟုတ်ဘူး။ ဒါ လုံးဝ သေချာသွားတယ်။ ကျန်တဲ့ အဖွဲ့အစည်း ငယ်တယ်ဆိုပြီးတော့၊ သူတို့ကို ကြိုက်သလို လုပ်လို့ ရတယ်ဆိုတဲ့ သဘောထားကတော့ အစိုးရတရပ် ထားရှိရမယ့် သဘောထား မဟုတ်တော့ဘူးခင်ဗျ” ဟု KIO တွဲဘက် အတွင်းရေးမှူး ဦးလနန်က
ပြောသည်။
ဇူလိုင်လ ၈ ရက်နေ့တွင် အစိုးရသစ်ထံ ပေးပို့သောစာ၌
တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်ဆိုင်းပြီး
နောက် နိုင်ငံရေး ပြဿနာများအား နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံ ဆွေးနွေးသွားရန် သို့မှသာလျှင်
စစ်မှန်သည့် ထာဝရ ငြိမ်းချမ်းရေး
ဖြစ်နိုင်မည်ဟု ရေးသားခဲ့သေးသည်။
“နယ်စပ်ဒေသတွေမှာလည်း တကယ်ပဲ ပြည်ထောင်စု
မြန်မာနိုင်ငံမှာ ပါရှိတယ်ဆိုရင် အားလုံးက အကျုံးဝင်တယ်။ အဲဒါကြောင့်မလို့ ကရင်၊ ရှမ်း၊ မွန်တွေမှာပဲ ဖြစ်ဖြစ် တိုက်ပွဲရပ်ပေးရမယ့် အဆင့်တော့ ရှိနေတယ်ခင်ဗျား။ အဲဒီလိုလုပ်မှ ထာဝရ ငြိမ်းချမ်းရေးဆိုတဲ့ လမ်းကြောင်းကို ရောက်သွားနိုင်တယ်” ဟု ဦးလနန်က ဆိုသည်။

တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင် ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင် ၆ ဖွဲ့၌ KIO က အဖွဲ့ဝင်ဖြစ်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်နီအမျိုးသားရေးပါတီ KNPP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ မွန်ပြည်သစ်ပါတီ MNSP နှင့်လည်း အပစ်အခတ် ရပ်ဆိုင်းရန် KIO က လိုလားသည်။
သို့သော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ၁ နှင့် ၂ များဖြစ်သော ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့နှင့် ကိုယ်စားလှယ်များကို ဇူလိုင်လ ၁၄၊ ၁၅ ရက်နေ့များတွင် တွေ့ဆုံခဲ့စဉ် ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ် ဦးဆင်ဝါးနော်က KIO အနေဖြင့် ထိုနေ့တွင် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်ဆိုင်းရေး
တောင်းဆိုနှင့် ပတ်သက်၍ တင်ပြခဲ့ရာ ဦးအောင်သောင်းက ပယ်ချခဲ့သည်။
“ငြိမ်းချမ်းရေးရဖို့ တနိုင်ငံလုံး အပစ်အခတ်ရပ်ဖို့ မလိုဘူး၊ ဘယ်အဖွဲ့မှ ဒီလောက် စိတ်ဝင်စားစရာကောင်းတာ မဟုတ်ဘူး၊ နောက်ပြီး ဒီလောက်ထိ စစ်ဖြစ်နေတာ မဟုတ်ဘူးလို့ ပြောတယ်” ဟု ကိုယ်စားလှယ်များနှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။ တတိုင်းပြည်လုံး အပစ်ရပ်မှသာ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ပြီး၊
မြန်မာအစိုးရနှင့် KIO တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်မှာ နှောင့်နှေးနေသည်ဟု သူက သုံးသပ်သည်။
အစိုးရဘက်က ဇွန် ၁၈ ရက်မှစပြီး အပစ်ရပ်ရန် ညွှန်ကြားထားပြီးဖြစ်၍ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းရန် KIO က အစိုးရ ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံခဲ့သော်လည်း တကြိမ်တွေ့ပြီးနောက် တယ်လီဖုန်းဖြင့် သို့မဟုတ် ကိုယ်စားလှယ် တဦးမှတဆင့် စာပို့ခြင်းများသာ လုပ်ဆောင်နေသည်မှာ မှန်ကန်မှု မရှိကြောင်း ဦးလနန်က
ဝေဖန်သည်။
“အမှန်တကယ် တည်ငြိမ်ရေးကို လိုချင်တယ်ဆိုရင် အဲဒီညှိနိုင်းရေးအဖွဲ့ဟာ အမြဲတစေ လိုအပ်ရင်လိုအပ်သလို အပြန်အလှန် ဆွေးနွေးညှိနိုင်းမှုတော့ လုပ်သင့်တယ်လို့ ထင်တယ်။ သူတို့ဆွေးနွေးမှုဟာ ဘာကို ဖုံးကွယ်ထားသလဲ ဆိုတာ အဲဒါ မေးခွန်းထုတ်စရာဘဲ” ဟု သူက မဇ္စျိမကို ပြောသည်။
KIO တောင်းဆိုသဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဇွန် ၁၈ ရက်မှစ၍ အပစ်ရပ်ရန် သူ၏ တပ်ဖွဲ့များကို ညွှန်ကြားခဲ့သော်လည်း KIO ဘက်မှ ပစ်ခတ်မှု ဆက်လုပ်နေသည်ဟု စွပ်စွဲပြောဆိုနေသဖြင့် မဟုတ်မှန်သော စွပ်စွဲချက်ဟူ၍ သူက ငြင်းဆိုသည်။
ဇွန် ၂၇ ရက်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းက ဖွဲ့စည်းပေးလိုက်သော ပြည်သူလူထု ကိုယ်စား ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ် ၅ ဦးထဲမှ ၃ ဦးသည် KIO နှင့် လဂျာယန်ရွာ၌ ဇွန် ၃ဝ ရက် တကြိမ်သာ ပမာဏ တွေ့ဆုံဆွေးနွေးခဲ့သည်။
KIO က နှစ်ဖက် စေ့စပ်ညှိနိုင်းရေး လုပ်ခြင်းသည် ခိုင်လုံရန်အတွက် ကြားနေသက်သေ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း အရေးပါသည့် ပုဂ္ဂိုလ်တဦးဦးက ကြားနေ လုပ်ဆောင်ပေးရန် တရုတ်အစိုးရထံ ဇွန် ၁၄ ရက်တွင် စာပို့ခဲ့သေးသည်။
အစိုးရ ကိုယ်စားလှယ်များနှင့် ကြံ့ဖွံ့ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပြီးနောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက် ခလရ ၂၁ နှင့် KIA တပ်ရင်း ၂၃ နှင့် ၁၈ တပ်ဖွဲ့များ မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ် အောင်ဂျာနယ်ရွာအနီး စနေနှင့် တနင်္ဂနွေနေ့အထိ ၂ ရက်ဆက် တိုက်ပွဲဖြစ်သည်ဟု KIO လိုင်ဇာမြို့ဌာနချုပ် သတင်းရပ်ကွက်က ပြောသည်။
အစိုးရတပ်ဘက်မှ ထိခိုက်ဒဏ်ရာရမှု အတိအကျ မသိသေးသော်လည်း အနည်းဆုံး ၅ ဦး သေဆုံးပြီး၊ ၁ဝ ဦးခန့် ဒဏ်ရာရရှိမည်ဟု ခန့်မှန်းထားသည်။
ထို့အပြင် စစ်ဗိုလ် ၁ ဦးနှင့် တပ်သား ၂ ဦး KIO က ဖမ်းဆီးထားသည်ဟု ကချင်စစ်ဘက် သတင်းရပ်ကွက်များက
ပြောသည်။
0 kommentarer:
Post a Comment