လာဘ်ပေးလာဘ်ယူနှင့် အာဏာအလွဲသုံးစားမှုများ ပြုလုပ်ခဲ့သည် ဆိုသော ထိပ်တန်းစစ်ဗိုလ်ချုပ် ၅ ဦးကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စုံစမ်းခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)
“ဗိုလ်ချုပ်ကျော်ဖြိုးဆိုရင် အရင်တြိဂံဒေသ တိုင်းမှူးလုပ်ခဲ့တယ်။ လက်ရှိတိုင်းမှူးရော၊ အရင်တိုင်းမှူးရော ခေါ်အစစ်ခံရတာ။ ဗိုလ်ချုပ်မြင့်စိုး ဆိုရင်လည်း အရင်တုန်းက စစ်ကိုင်းတိုင်း တိုင်းမှူးလုပ်တုန်းက မုံရွာဘက်က မြေကွက်တွေ ရောင်းစားခဲ့ တာတွေ ရှိတယ်။ အဲဒါတွေ အခု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) က သမ္မတ ဦးသိန်းစိန်ဆီ တိုင်တယ်။ ကမ်းရိုးတန်းတိုင်းမှူး လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ဇော်ဦးနဲ့ လက်ရှိတိုင်းမှူးရော အဲဒီလို အတိုင်ခံရတာလို့ ကြားတယ်” ဟု နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။
လက်ရှိခေါ်ယူ စစ်ဆေးခံနေရသူများအား ပြစ်မှုကျူးလွန်မှု ရှိ၊ မရှိစစ်ဆေးခြင်းသာဖြစ်ပြီး လက်ရှိရာထူး တာဝန်များကို ဆက်လက် ထမ်းဆောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။
“အတိုင်ခံရတာဆိုပေမယ့် လက်ဆုပ်လက်ကိုင် သက်သေနဲ့တကွ အပြစ်ကျူးလွန်ခဲ့တာ မပြနိုင်ရင်တော့ ရာထူးက အနားပေး ခံရတာတို့၊ နုတ်ထွက်ခိုင်းတာတို့ ဖြစ်မှာမဟုတ်ဘူး။ သက်သေမပြနိုင်ရင်တော့ သတိပေးတဲ့အဆင့်နဲ့ပဲ ပြီးသွားမယ်” ဟု အဆိုပါနီးစပ်သူက ဆိုသည်။
ယခုလအတွင်း ရာထူးမှ အနားပေးခြင်း ခံလိုက်ရသော ဗိုလ်ချုပ်တင်ငွေသည် မန္တလေးမြို့ရှိ သိန်းထောင်သောင်းချီ တန်သော မြေကွက် အရောင်းအ၀ယ်များ ပြုလုပ်ခဲ့ပြီး လက်ရှိမန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့် (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) က သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက်တိုင်ကြားခဲ့ကြောင်း၊ ယင်းနောက် သက်သေ သာဓကနှင့်တကွ အာဏာ အလွဲသုံးစားပြု မြေကွက်ရောင်းစားခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ရာထူးမှ အနားပေးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း တိုင်းမှူးဗိုလ်မှူးချုပ် ထွန်းသန်းသည်လည်း ဇွန်လတွင် ရာထူးမှ အနားပေးခံလိုက်ရပြီး အစိုးရသစ်တက်ပြီး ပထမဦးဆုံး ရာထူးမှ အနားပေးခြင်းခံလိုက်ရသော ထိပ်တန်း စစ်တပ် အဆင့်မြင့်အရာရှိ တဦးဖြစ်ခဲ့သည်။
နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတချို့က ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် လက်ရှိ တပ်မတော်တွင် အရေးကြီးသော ထိပ်တန်းတာဝန်များ ထမ်းဆောင်နေသည့် စစ်အရာရှိများကို ဖြုတ်ပယ်ပြီးနောက် သူနှင့်နီးစပ်သူ စစ်အရာရှိများကို အရေးကြီးသော ရာထူးတာဝန်များ ခန့်အပ် အစားထိုးမှု ပြုလုပ်လာနိုင်သည်ဟု သုံးသပ်ကြ သည်။
“ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပြီ ဆိုတာနဲ့ ဦးစီးချုပ်က သူယုံကြည်တဲ့၊ စိတ်ချရတဲ့ သူတွေကို ဆွဲတင်ချင်တော့ ရှေ့မှာ ရှိနေတဲ့သူတွေကို လာဘ်ပေးလာဘ်ယူ အကြောင်းပြပြီး ဖြုတ်ထုတ်တာတွေ လုပ်တယ်။ သူ့အာဏာ တည်ဆောက်တာပေါ့။ ဒါက တပ်မတော်မှာ အစဉ်အလာလို ဖြစ်နေပြီ”ဟု နေပြည်တော် စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဆိုသည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်တွင်း အခြေအနေများ၊ ရာထူးအပြောင်းအလဲ လုပ်မှုများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်တင်ပြ၍ ညွှန်ကြားမှုခံယူသည်ဟု စစ်ဘက်သတင်းရပ်ကွက်များ၏ အဆိုအရ သိရသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment