by ဒီဗွီဘီ
ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ မြန်မာစစ်တပ်အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်မှ ဗိုလ်ကြီးတဦး အပါအဝင် စစ်သည် ၅ ဦးကို ကေအိုင်အေက ဇူလိုင် ၁၇ ရက်နေ့က ဖမ်းဆီးရမိထားတယ်လို့ ကေအိုင်အေတပ်ဖွဲ့နဲ့ နီးစပ်သူ ဒေသခံတဦးက ပြောပါတယ်။
ဇူလိုင် ၁၆ ရက်၊ စနေနေ့ နေ့လယ်ပိုင်းက ဗန်းမော်-မြစ်ကြီးနားကားလမ်းပေါ်ရှိ မိုးမောက်မြို့နယ်၊ နန့်ဆန်ယန်ကျေးရွာအနီး ခလရ ၂၁ နဲ့ ကေအိုင်အေ တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ခဲ့ပြီး ခလရ ၂၁ ကို ကေအိုင်အေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေခဲ့တာ မနေ့က အထိ ဖြစ်ပါတယ်။
တိုက်ပွဲစဖြစ်တဲ့နေ့ မှာ စစ်ကူလာတဲ့ လဂျားယန်က မြန်မာစစ်တပ်ကို ကေအိုင်အေက ကြားက ဖြတ်တိုက်လိုက်တာမို့ နောက်ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
စစ်သုံ့ပန်း ၅ ဦးကို ဖမ်းဆီးရမိခဲ့တာနဲ့ ပတ်သက်လို့ ဒေသခံက အခုလို ပြောပါတယ်။
“ဖမ်း မိတာ မနေ့က။ စနေနေ့ တိုက်ပွဲကနေ ဟိုပြေးလို့မရ၊ ဒီလိုလို့မရလို့ ပိုက်လုံးထဲမှာ ပုန်းနေတာလို့ ပြောတယ်။ အဲဒါ တပ်ကြပ်ကြီး တယောက်ပါတယ်၊ ဗိုလ်ကြီး တယောက်ပါတယ်။ တပ်သား ၃ ယောက်၊ အားလုံး ၅ ယောက်။ ခလရ ၂၁ လို့ ပြောတယ်။ ရေသွယ်တဲ့ ရေနုတ်မြောင်း ပိုက်လုံးထဲမှာ ပုန်းနေတာ။ အရှေ့လည်း ပိတ်ပြီ၊ နောက်မှာလည်း တိုက်ပွဲဖြစ်နေတော့ ကေအိုင်အေ ပိတ်ထားပြီဆိုတော့ မပြေးတတ်တော့လို့ ပိုက်လုံးထဲ ဝင်ပုန်းနေတော့ ကေအိုင်အေက ဝင်စီးမိတဲ့အခါ ပိုက်လုံးထဲမှာ ဆွဲထုတ်ခဲ့တယ် ပြောတယ်။”
အဲဒီစစ်သုံ့ ပန်း ၅ ဦးစလုံးကို ကေအိုင်အေ ဌာနချုပ် လိုင်ဇာကို ခေါ်ယူလာပြီး ကေအိုင်အေတပ်ဖွဲ့က ကောင်းကောင်းမွန်မွန် ဆက်ဆံထားရှိကြောင်း အဆိုပါ လိုင်ဇာ ဒေသခံက ပြောပါတယ်။
ယခင်အစောပိုင်းကလည်း စစ်သုံ့ပန်းတွေကို ကေအိုင်အေက အလားတူ ဖမ်းဆီးရမိခဲ့ပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံကာ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။ အခု ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကိုတော့ ကေအိုင်အေဘက်က ထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။
ဇူလိုင် ၁၆ ရက်နေ့ကစလို့ ဗန်းမော်-မြစ်ကြီးနား ကားလမ်းတလျှောက်မှာ တိုက်ပွဲတွေ ၂ ရက် ဆက်တိုက်ဖြစ်နေခဲ့ရာ ဒီကနေ့ မနက်ပိုင်းမှာလည်း ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပြီး အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။
http://burmese.dvb.no/archives/12802
18 July 2011
ဗိုလ်ကြီးတဦး အပါအဝင် စစ်သုံ့ပန်း ၅ ဦး ကေအိုင်အေ ဖမ်းမိ
Etiketter: DVB new
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment