နယူးဒေလီ (မဇ္ဈိမ) ။ ။ လူ ၂ ဦး သေဆုံးစေခဲ့သော နေပြည်တော်အနီး ရန်ကုန်-မန္တလေး ရထားပေါ် ဗုံးဖောက်ခွဲမှုတွင် သံသယဖြင့် လူတဦးကို ဖမ်းဆီးထားပြီး ကရင်အမျိုးသားအစည်းအရုံး KNU မှ ဖြစ်ကြောင်း အစိုးရအာဘော် သတင်းစာက စွပ်စွဲလိုက်သည်။
ကျော်ဒီ (ခ) မာရီနိုသည် မေလ ၁၇ ရက်နေ့တွင် အဆန်ရထားတွဲ အမှတ် ၃ ပေါ်တွင် ဗုံးပေါက်ကွဲ ပြီးနောက် ရှောင်တိမ်း ထွက်ပြေးရန် ကြိုးပမ်းစဉ် မေလ ၂၉ ရက် ညပိုင်းတွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းလည်း ကြာသပတေးနေ့ထုတ် မြန်မာ့အလင်းက ရေးသားသည်။ ကျော်ဒီကို KNU တပ်မဟာ ၂ တပ်ရင်း ၅ မှ ဖောက်ခွဲရေးတာဝန် ဗိုလ်အဆင့်ရှိ ရှာလစ်ခွေ၊ စောကထော်၊ စောထူးဆေးတို့က စေခိုင်းခဲ့သည်ဟု ဆိုသည်။
ဗိုလ်အဆင့် ရှိသူများက တောင်ငူဘူတာအနီး လိုက်ပို့ကာ ကျပ် ၂ သောင်းနှင့် ရထားလက်မှတ်ပေးခဲ့ပြီး၊ နေပြည်တော် ဘူတာသို့ မရောက်မီ မိုင်းအား ဓာတ်ခဲမထည့်ရန်နှင့် ဘူတာမှ ရထားအထွက် အရှိန်လျော့နေစဉ် ဓာတ်ခဲထည့်ရန်နှင့် ရထားပေါ်မှ ခုန်ချရန် မှာကြားခဲ့ကြောင်းနှင့် မိုင်းကို ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ကာ စက္ကူပတ်ထားပြီး ဓာတ်ခဲနှစ်လုံးအား သီးခြားယူဆောင်ခဲ့ကြောင်း တရားခံက ထွက်ဆိုခဲ့သည်ဟု ရေးသည်။
နေပြည်တော် ဘူတာအလွန် သံလမ်းများ ပြင်ဆင်နေသည့် နေရာအရောက် ရထားရှိန်လျှော့မောင်းစဉ် ဓာတ်ခဲတပ်ဆင်ပြီး မိုင်းအား ခရီးသည်အိတ်တင်စင်တွင် ထားရှိခဲ့ကာ၊ မိုင်တိုင် အမှတ် ၂၄၈/၂၁ တွင် ခုန်ချအပြီး ၂ မိနစ်အကြာတွင် ဗုံးပေါက်ကွဲသံကို ကြားခဲ့ရကြောင်း ထွက်ဆိုခဲ့သည်ဟုလည်း ဆိုထားသည်။
သို့သော်လည်း မိမိတို့ လက်ချက်မဟုတ်ကြောင်း KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေက ယတိပြတ် ငြင်းဆိုလိုက်သည်။
“ဒါတွေက ဇာတ်လမ်းရိုက်ပြီး လုပ်လို့ရတာပဲ။ ဒါမျိုးတွေကလည်း မိရာဖမ်းဆွဲပြီးတော့၊ ဝန်ခံခိုင်းပြီးတော့၊ ဇာတ်လမ်း ရိုက်ပြီးတော့ ထုတ်ပြန်ပြီး လုပ်လို့ရတာပဲ။ ရှေ့မှာလည်း အဲဒီလိုမျိုး လုပ်ခဲ့တကလည်း တခြား Cause တွေမှာလည်း အများကြီး ရှိတာပဲ။ သူတို့ ဒါတွေ လုပ်နေကြပဲလေ” ဟု သူက မဇ္စျိမကို ပြောသည်။
သူက ဆက်ပြီး “ KNU ကတော့ သူတို့နဲ့ ထိပ်တိုက်တွေ့နေတဲ့ အဖွဲ့အစည်းတရပ် ဖြစ်ပြီးတော့ KNU ကိုလည်း သူတို့က အမြဲတမ်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ်ကို နိုင်ငံတကာမှာ ပုံဖော်ထားတဲ့အပေါ်မှာ သူတို့ ဆက်ပြီး တွန်းအားပေးတာ။ ဟိုတုန်းကဆိုလည်း အမေရိကန်တို့ ဘာတို့နဲ့ တချို့နိုင်ငံတွေကတောင် အကြမ်းဖက် အဖွဲ့အစည်း စာရင်းထဲအထိ သွင်းလိုက်တဲ့အထိ ဖြစ်ခဲ့သေးတာပဲ” ဟု ဆိုသည်။
အဆိုပါ ရထားဗုံးပေါက်ကွဲမှုကြောင့် ခရီးသည် ၂ ဦး သေဆုံးခဲ့ကာ၊ ၉ ဦး ဒဏ်ရာရရှိခဲ့သည်။
ကိုယ်တိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူရေးအတွက် တိုက်ပွဲဝင်နေသော KNU မှာ ၂ဝ၁ဝ ခုနှစ်အတွင်း စစ်အစိုးရတပ်များနှင့် တိုက်ပွဲပေါင်း ၁ဝ၈၃ ပွဲအထိ ဖြစ်ပွားခဲ့သေးသည်ဟု အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
http://www.mizzimaburmese.com/news/inside-burma/7698--knu--.html
9 June 2011
ရထားဗုံးခွဲသူမှာ KNU အဖွဲ့ဝင်ဟု စွပ်စွဲ
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment