မဇ္ဈိမသတင်းဌာန
ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် တိုက်ပွဲစတင်ဖြစ်ပွားပြီး ၁၀ ရက်အကြာကျမှ
မြန်မာအစိုးရက ၎င်းတိုက်ပွဲသတင်းကို နိုင်ငံပိုင် သတင်းစာများမှတဆင့် ပထမဆုံး ထုတ်ပြန်လိုက်သည်။
စနေနေ့ထုတ် မြန်မာ့အလင်းတွင် KIO က စတင်တိုက်ခိုက်သောကြောင့် တိုက်ပွဲဖြစ်ပွားရသည်ဟု အဓိက အပြစ်တင်ထားပြီး၊ တာပိန်ရေအားလျှပ်စစ် စီမံကိန်းကို အခြေပြု၍ နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားရကြောင်း ပါရှိသည်။
“အခြေချ စစ်ဗျူဟာမှူး ဦးစီးသည့် စစ်ကြောင်းသည် ဗန်းမော်မှ တာပိန်စီမံကိန်းသို့ ချီတက်လာစဉ် KIA ဆက်ဆံရေးရုံး ဆန်ခါစခန်း၊ တာပိန် လျှပ်စစ်စက်ရုံအဝင် တောင်ကုန်းထိပ် ထုံးဘိုမှ KIA အင်အားစုများက
စောင့်ကြိုပြီး စတင်တိုက်ခိုက်ခဲ့သည်” ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
လုံခြုံမှုမရှိတော့၍ တရုတ်နိုင်ငံပိုင် Datang (Yunnan) United hydropower Developing (DUHD) က ဧရာဝတီ
မြစ်ဖျားပိုင်း တာပိန်တွင် တည်ဆောက်ဆဲ ရေအားလျှပ်စစ်ဓာတ်အားထုတ် စီမံကိန်းမှ တရုတ်လုပ်သား ၂၁၅ ဦး တရုတ်နိုင်ငံသို့ ပြန်သွားခဲ့ပြီဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
အစောပိုင်းတွင် KIO ဖမ်းဆီးခဲ့သော အစိုးရတပ်မှ ဗိုလ်ကြီးမြတ်ကိုကိုနှင့် ဗိုလ်ကိုကိုဝင်းတို့ကို စစ်သုံ့ပန်း လဲလှယ်ရေး အစီအစဉ်အရ လဲလှယ်ပေးခဲ့သည်ဟုဆိုသော်လည်း အစိုးရထုတ်ပြန်ချက်တွင် တိုက်ပွဲတွင် ဒဏ်ရာဖြင့် အစိုးရတပ်က ဖမ်းမိခဲ့သော KIO ဒုတပ်ကြပ် ချန်ယိန်းကို နှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့သည်ဆိုခြင်းအပေါ် ရှင်းလင်းထားခြင်း မရှိပေ။
ဒုတပ်ကြပ် ချိန်ယိန်းမှာ လက်နက်နှင့်အတူ အဖမ်းခံရပြီး၊ အလောင်းကိုသာ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု KIO က မဇ္ဈိမကို ဇွန်လ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
“ရဲဘော်ရဲ့ ကိုယ်ခန္ဓာအနှံ့ အထုအထောင်း ရိုက်နှက်၊ ဓားချွန်ထိုး၊ ဦးခေါင်းကျေမွ ဒဏ်ရာနဲ့ သေဆုံးတာ သိရတယ်” ဟု KIO ဗဟိုကော်မတီဝင် ဦးလနန်က မဇ္ဈိမကို ပြောကြားခဲ့သည်။
“တာပိန် ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA ယာယီစခန်း ဇွန်လ ၁၁ ရက် နောက်ဆုံးထား ဖယ်ရှားရန် အကြောင်းကြားသော်လည်း ဖယ်ရှားခြင်း မရှိသည့်အတွက် အစိုးရတပ် ဇွန်လ ၁၂ ရက်နေ့ ညပိုင်းတွင် တိုက်ခိုက်သိမ်းယူခဲ့သည်’’ ဟု အစိုးရက သတင်းထုတ်ပြန်သည်။
ဗျူဟာမှူးအဆင့် အပါအ၀င် အရာရှိများနှင့် တပ်သားအများအပြား ကျဆုံးခဲ့သည်ဟု KIO နှင့် အတိုက်အခံများက
ပြောကြားသော်လည်း အကျအဆုံးနှင့် စစ်ဘေးရှောင် ဒုက္ခသည်များနှင့်ပတ်သက်၍ အစိုးရက တလုံးတပါဒမျှ ထည့်သွင်းပြောဆိုခြင်း မပြုဘဲထားသည်။
ဇွန်လ ၁၄ ရက်မှသည် ၁၆ ရက်အတွင်း KIO ဘက်က တံတား ၂၅ စင်း ဖျက်ဆီးခဲ့ရာ သံပေါင် ဘေလီတံတား ၉ စင်း၊ သံကူကွန်ကရစ်တံတား ၁၀ စင်း၊ ကွန်ကရစ်တံတား ၄ စင်း၊ သစ်သားတံတား ၂ စင်းဟု သတင်းထုတ်ပြန်ချက်တွင် ပါသည်။
၁၉၉၄ ခုနှစ်နောက်ပိုင်း အစိုးရ၏ အကြီးဆုံးထိုးစစ်ဟု KIO ဘက်က ပြောထားသော တိုက်ပွဲများတွင် လက်နက်ကြီးများ သယ်ဆောင်လာမှု မလုပ်နိုင်ရန်အတွက် ဖျက်ပစ်ခဲ့သော တံတားမှာ ၁၀ စင်း ရှိသည်ဟု ဇွန်လ ၁၆ ရက်နေ့တွင် KIO မှ ဒုဗိုလ်မှူးကြီး ယော်ထုံက မဇ္ဈိမကို တံတားတည်နေရာ အမည်များနှင့်တကွ ပြောကြားခဲ့သည်။
18 June 2011
KIO က စတင်တိုက်ခိုက်ခဲ့ဟု အစိုးရပြော
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment