ခင်ဦးသာ
ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင် ခဲ့သည့် တိုင်းရင်းသားပါတီ ၅ ပါတီက သက်ဆိုင်ရာ တိုင်းရင်းသားဒေသများ၌ ၎င်းတို့ မိခင် ဘာသာစာပေအား ဘာသာရပ်တခု အဖြစ် သင်ကြားနိုင်ရေးအတွက် လာမည့် လွှတ်တော် အစည်းအဝေးများတွင် ထပ်မံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
“ပြည်ထောင်စု လွှတ်တော်ကတော့ ဒီကိစ္စကို တခါ ပယ်ချထားပြီးပြီ။ ဒါပေမယ့် လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ ထပ်ပြီး ဆွေးနွေးတင်ပြနိုင်ဖို့ ဆက်ကြိုးစားမှာပါ” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ရှင်းပြသည်။
မွန်ပြည်နယ်လုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ် (ကရင်) ပါတီ တို့သည် တိုင်းရင်းသား စာပေဘာသာရပ် ကိစ္စများ၊ ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် အကြောင်းအရာ ကိစ္စများ၊ တိုင်းရင်းသား ဒေသများ၌ ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခ ကိစ္စရပ်များ စသည်တို့ကို ရန်ကုန်မြို့၌ မေ ၃၀ ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ ဆွေးနွေးခဲ့ကြောင်း တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသည်။
တိုင်းရင်းသား ဒေသများ၌ အစိုးရ သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းရေးဆွဲထားသော မြန်မာစာ၊ အင်္ဂလိပ်စာ တို့အပြင် သက်ဆိုင်ရာ မိခင် တိုင်းရင်းသား ဘာသာစာပေကို ထည့်သွင်းရေးဆွဲခွင့်ပေးရန် အစိုးရ အနေဖြင့် ခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိကို ရှမ်းပြည်နယ် မိုးမောက်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထွန်းက မတ်လ ၁၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ မေးမြန်းခဲ့သည်။
၎င်း၏ မေးမြန်းချက်နှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဟောင်း ဒေါက်တာ ချမ်းငြိမ်းက တိုင်းရင်းသား စာပေအား ကျောင်းတွင်း၌ သင်ရိုးညွန်းတမ်း ရေးဆွဲ သင်ကြားရေး ကိစ္စသည် မဖြစ်နိုင်ကြောင်း၊ ကျောင်းပြင်ပတွင် သင်ကြားလိုပါက အကူအညီပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
“ကျောင်းပြင်ပမှာ သင်တာက အကန့်အသတ်တွေ၊ အခက်အခဲတွေ အများကြီး ကြုံရတယ်။ နွေကျောင်းပိတ်ရက် စာသင် ကျောင်းမှာ သင်တာကို သင်ပိုင်ခွင့် မရှိဘူးဆိုပြီး အာဏာပိုင်တွေက တားဆီးတာတွေ ရှိတယ်” ဟု အမည်မဖော်လိုသည့် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ခေါင်းဆောင်တဦးက ဆိုသည်။
ဆက်လက်၍ ၎င်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် တိုင်းရင်းသားအရေး၊ တိုင်းရင်းသားစာပေနှင့် ပတ်သက်သည့် အရေး ကိစ္စများကို စနစ်တကျ ရေးဆွဲ ပြဌာန်းထားခြင်းများ မတွေ့ရခြင်းကြောင်း ၎င်းကိစ္စ အကောင်အထည် ဖော်နိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း ပြောသည်။
လူမျိုးတိုင်းအတွက် မိမိတို့၏ စာပေနှင့် ယဉ်ကျေးမှုသည် အရေးကြီးသည်ဟု ဆိုသော်လည်း သီးသန့် ဘာသာရပ်တခု အနေဖြင့် သင်ကြားမည်ဆိုပါက ဒေသအလိုက် လေသံ အနေအထားမတူညီသဖြင့် သင်ရိုးညွှန်းတမ်း ရေးဆွဲသည့်အခါ အခက်အခဲများ ရှိနိုင်သည်ဟု ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဒေါက်တာ ကျော်သိန်းက ရှင်းပြသည်။
“ရခိုင်စာနဲ့ ဗမာစာက တူတာတွေများတော့ သီးသန့်ဘာသာရပ် အနေနဲ့ သင်စရာမလိုဘူး ထင်တယ်။ ဒါပေမယ့် စကားပြော ကိုတော့ သင်ပေးသင့်တယ်” ဟု ဒေါက်တာ ကျော်သိန်းက ဧရာဝတီကို ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပညာရေးလုပ်ငန်းများ ဆောင်ရွက်နေသော ဒေါက်တာသိန်းလွင်ကမူ တိုင်းရင်းသား ဘာသာစကား များကို အခြေခံပညာ ကျောင်းများ၌ ဘာသာရပ်တခု အနေဖြင့် ထည့်သွင်း သင်ကြားသင့်သည်ဟု ဆိုသည်။
“အစိုးရ ကျောင်းတွေမှာ သူ့ဒေသနဲ့သူ တိုင်းရင်းသားဘာသာနဲ့ သင်ပေးရင် ပိုပြီး အတတ်မြန်တယ်။ သူတို့ယဉ်ကျေးမှုနဲ့ စာပေ ကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်သွားတယ်။ ဒီလိုမလုပ်ပေးဘူးဆိုရင် ကြာရင် တိုင်းရင်းသားစာပေတွေ ပျောက်ကွယ် သွားနိုင် တယ်။ နောင်တချိန်မှာ လေ့လာမယ်ဆိုရင်လည်း အခက်အခဲတွေ ကြုံနိုင်တယ်” ဟု သူက ပြောသည်။
စာသင်ကျောင်းများ၌ သီးသန့် ဘာသာရပ်အနေဖြင့် သင်ကြားမည်ဆိုပါက ဆရာ မလုံလောက်မှု၊ သင်ရိုးရေးဆွဲရာ၌ အခက် အခဲရှိမှု စသည့်ကိစ္စတချို့ကို အစပိုင်းတွင် ကြုံတွေ့နိုင်သော်လည်း မကြာမီ အဆင်ပြေသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ချင်းပြည်နယ် ဒေသအများအပြားတွင် ချင်းဘာသာစကား၊ စာပေတို့အား သင်ကြားမှု နည်းပါးနေကြောင်း၊ ရန်ကုန်မြို့ရှိ ချင်းလူငယ်များအတွက် ခရစ်ယာန် ဘုရားကျောင်းများ၌ သင်ကြားပေးမှု ရှိကြောင်း ချင်း တိုးတက်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးလျှံကြယ် (Hlung Kyae) က ပြောသည်။
“ချင်းစာပေနဲ့ ပတ်သက်ပြီး တိုးတက်အောင် လုပ်မယ်ဆိုတာကို ပါတီရဲ့ မူဝါဒတွေမှာ ထည့်သွင်းရေးဆွဲ ထားပြီးသားပါ။ ချင်းပြည်နယ်ထဲက မြို့နယ်အများစုမှာ ချင်းစာပေ သင်တာ မရှိသလောက်ဖြစ်နေပြီ။ ကြာလာရင်တော့ စိုးရိမ်စရာ ကောင်းတယ်” ဟု ၎င်းက ဆိုသည်။
မြစ်ကြီးနားမြို့မှ ကချင်လူငယ်တဦးဖြစ်သူ Hkaung Seng Pan လည်း “တိုင်းရင်းသား လူနည်းနည်းစုရဲ့အခွင့်အရေးကို အစိုးရအနေနဲ့ လေးစားတယ် ဆိုရင် သူ့ဘာသာ စာပေတွေကို ဘာသာရပ် အနေနဲ့ ပြဌာန်းပေးရမယ်” ဟု ပြောသည်။
ကချင်ဘာသာနှင့် စာပေအား စနစ်တကျ သင်ကြားခြင်းမျိုးမရှိဘဲ နွေရာသီ ကျောင်းပိတ်ချိန်တွင် မူလတန်းအဆင့် ကလေးများကို နေရာတချို့၌ သင်ကြားပေးခြင်းသာ ရှိကြောင်း၊ လူမျိုးတိုင်းအတွက် ကိုယ်ပိုင်စာပေကို သင်ကြားခွင့် အပြည့်အ၀ ရရှိဖို့ အရေးကြီးကြောင်း၊ အချိန်ကာလ တခုယူကာ ညှိနှိုင်းဆောင်ရွက် သွားပါက လူမျိုးတိုင်း၏ စာပေ ယဉ်ကျေးမှု ထွန်းကားလာမည်ဖြစ်ကြောင်း ကချင်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင် တဦးက ဆိုသည်။
ရှမ်းပြည်နယ်၏ မြို့ကြီးများနှင့် မြို့နယ်အများစုတွင် ရှမ်းစာပေသည် တဖြည်းဖြည်း ပျောက်ကွယ်လာနေကြောင်း၊ အထူးသဖြင့် မြို့ပြများရှိ လူငယ်များအကြား ရှမ်းစာပေ၊ ယဉ်ကျေးမှုများ ကွယ်ပျောက်လာနေကြောင်း တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့၏ တာဝန်ရှိသူ တဦးက ပြောသည်။
“ရှမ်းစာပေကို ဘုန်းကြီးကျောင်းတွေမှာ ဘာသာရေးနဲ့ပေါင်းပြီး မူလတန်းကလေးတွေကို သင်တာနည်းနည်းပဲရှိတယ်၊ အလယ်တန်း၊ အထက်တန်းအဆင့်တွေမှာ လုံးဝပျောက်ကွယ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ၌ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသား လူမျိုးများနှင့်တိုင်းရင်းသား မျိုးနွယ် စုပေါင်း ၁၃၅ မျိုးရှိကာ တိုင်းနှင့်ပြည်နယ် ၁၄ ခု၌ နေထိုင်ကြသည်။
3 June 2011
တိုင်းရင်းသားစာပေကို သင်ရိုးတွင်ထည့်သွင်းခွင့် ရရေး ဆွေးနွေး
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment