
ခင်ဦးသာ
မွန်ပြည်နယ်အတွင်းရှိ အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တပ်ဖွဲ့ဝင်များအား ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားကာ လက်နက်များကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ လာရောက်အပ်နှံရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - NMSP)
အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ အမိန့်ဖြင့် ထုတ်ပြန်ကာ မွန်ပြည်နယ်၏ မြို့နယ်များ၌ ယခုလဆန်းပိုင်းမှ စတင်၍ လုပ်ဆောင်နေကြောင်း၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်များ၏ အစိုးရရုံးများ၌ ဇွန်လ ၂၆ ရက်ခန့်မှစ၍ ကြေညာထားကြောင်း မုဒုံ ဒေသခံနှင့် မွန်ပြည်သစ်ပါတီ (NMSP) အဖွဲ့ဝင်ဟောင်းဖြစ်သူ နိုင်မွန်ချမ်းက ပြောသည်။
“ထုတ်ပြန်ချက်မှာတော့ ဘယ်အဖွဲ့ဆိုတာ ရည်ညွှန်းမထားဘူး။ လက်နက်တွေ မအပ်ရင် ဘယ်လို အရေးယူမယ်ဆိုတာလည်း ရေးမထားဘူး” ဟု ၎င်းက ဆိုသည်။
ထိုသို့ လုပ်ဆောင်လာခြင်းသည် တိုင်းရင်းသား ဒေသများ၌ ဖြစ်ပွားနေသော တိုက်ပွဲများအပေါ် အခြေခံကာ မွန်လက်နက် ကိုင်တပ်ဖွဲ့များက တိုက်ခိုက်လာမည်ကို စိုးရိမ်၍ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း၊ သို့သော် မွန်ပြည်သစ် ပါတီဝင်ဟောင်း များအနေဖြင့် လက်နက်ရှိသော်လည်း ပြန်အပ်လိမ့်မည်ဟု မထင်ကြောင်း အမည်မဖော်လိုသူ မော်လမြိုင်မြို့ခံ မွန်နိုင်ငံရေး သမားတဦးက ဧရာဝတီ ကိုပြောသည်။
“တချို့ကိစ္စတွေက စွပ်စွဲသလိုမျိုးဖြစ်နေတယ်။ လက်နက်ဆောင်ထားရင်လည်း ဘယ်သူက ငါ့မှာလက်နက်ရှိတယ် ပြောမှာလဲ။ စစ်ပွဲတွေ စတိုက်ရင်လည်းပဲ အစိုးရတပ်ကပဲ စတိုက်တာပါ” ဟု ၎င်းက ဆိုသည်။
မွန်ပြည်သစ်ပါတီ၏ တပ်ဖွဲ့ဝင်ဟောင်းတို့သည် မြို့ပေါ်နှင့်ကျေးရွာ တချို့၌ နေထိုင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
မွန်ပြည်နယ်နှင့် ထိစပ်နေသော ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသတ၀ိုက်၌ ယခုလအတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းနှင့် ဆက်စပ်၍ အတ္ထရံမြစ်ကြောင်း တလျှောက်ရှိ ကြာအင်းဆိပ်ကြီးမှ မော်လမြိုင်သွားသည့် ရေလမ်းကြောင်းကို KNU ၏ လက်အောက်ခံ တပ်တချို့က ပိတ်ဆို့ထားကြောင်း ကြာအင်းဆိပ်ကြီး ဒေသခံ ကုန်သည်တဦးက ဆိုသည်။
“တိုက်ပွဲတွေ ဆက်တိုက်လိုဖြစ်နေတော့ မြစ်ကြောင်းထဲက ရေလမ်းကြောင်းတချို့ ပိတ်ထားတာ ရက် ၂၀ ကျော်ပြီ။ ရေလမ်းက လုံးဝ သွားလို့မရ ဖြစ်နေတယ်” ဟု သူက ပြောသည်။
ကြာအင်းဆိပ်ကြီး ဒေသတ၀ိုက်တွင် ကရင်အမျိုးသားအစည်းရုံး (KNU) လက်အောက်ခံ တပ်မဟာ ၆ အခြေစိုက် လှုပ်ရှားလျက်ရှိသည်။
KNU အတွင်းရေးမှူး ၁ ဗိုလ်မှူး ဖဒိုစောလှငွေကမူ သံလွင်မြစ်ကြောင်းတလျှောက် ရေလမ်းကြောင်းအား KNU က ပိတ်ဆို့ထားခြင်းသည် မဟုတ်မှန်ဟု ပြောသည်။
“KNU ဌာနချုပ်နဲ့ဘာမှ မပတ်သက်ပါဘူး။ တကယ်ပိတ်ထားတယ် ဆိုရင်လည်း အဲဒီဒေသမှာ အခြေပြုထားတဲ့ တပ်တချို့က စစ်ရေးအရ ခဏ ပိတ်ထားတာလို့ပဲ ထင်တယ်” ဟု ၎င်းက ဆိုသည်။
ဘားအံ၊ ကော့ကရိတ်၊ မော်လမြိုင်၊ ကြာအင်းဆိပ်ကြီး ဒေသများ၌ KNU အနေဖြင့် လှုပ်ရှားမှု မရှိဟု ၎င်းက ဆက်ပြောသည်။
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသ၌ မကြာသေးခင်က တိုက်ပွဲတချို့ဖြစ်ပြီး နောက်ပိုင်း အစိုးရ၏ တပ်မ ၂၂ လက်အောက်ခံ ဗျူဟာတခုသည် ၎င်းဒေသအတွင်း စစ်ရေးအရ ၀င်ရောက်လှုပ်ရှားနေကြောင်း သိရသည်။
28 June 2011
အပစ်ရပ်အဖွဲ့များ လက်နက်အပ်ရန် နောက်ဆုံးအချိန် သတ်မှတ်
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment