ယနေ့ နံနက်က မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းသို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အမှုဆောင်ကော်မီတီဝင်များ လာရောက်လည်ပတ်ပြီး ဒုက္ခသည်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုတွင် နေထိုက်လျက်ရှိသော ဒုက္ခသည် ၁ သိန်းကျော်ကို ထိုင်းအစိုးရ အနေနှင့် မြန်မာနိုင်ငံသို့ ပြန်ပို့မည် ဆိုသည့် အစီအစဉ်နှင့် ပါတ်သက်ပြီး ဒုက္ခသည်ကိုယ်စားလှယ်တို့၏ မေးမြန်းချက်ကို UNHCR ကိုယ်စားလှယ်များက ယခုလို ရှင်းပြသည်။
“ဒုက္ခသည်တွေ အားလုံး တနေ့ကျရင် ကိုယ့်အိမ်ကိုယ် ပြန်နိုင်ဖို့ မျှော်လင့်တယ်။ ၂၇ နှစ်လုံးလုံး ဒီစခန်းထဲမှာပဲ ပိတ်ပြီး နေနေရတဲ့ ပုံစံမျိုးက အဖြေ မဟုတ်ပါဘူး။ ဒီလိုကိစ္စမျိုး မဖြစ်မီမှာတော့ သေချာတဲ့ အပြောင်းအလဲ တခုတော့ ရှိရမယ်။ ၀မ်းနည်းစရာ ကောင်းတာက အခု မြန်မာနိုင်ငံမှာက ဒီလိုအခြေအနေတွေက မဖြစ်သေးဘူး။ အခုလောလောဆယ် ကောလဟာလတွေ ဖြစ်နေတာတွေ Bangkok Post တို့ The Nations သတင်းစာတွေမှာ ပေးထားတဲ့ ဒီ headline တွေနဲ့ အပြင်မှာ ဖြစ်နေတာတွေက တချို့ဟာတွေမှာ ကိုက်ညီမှု မရှိဘူး ဖြစ်နေတယ်။ အဲဒီသတင်း ခေါင်းစဉ်တွေက တကယ်ပဲ စိုးရိမ်စရာ ရှိတယ်။ စိုးရိမ်ဖို့ကို ပြနေတယ်။ ဒါပေမယ့် ထိုင်းတော်ဝင် အစိုးရနဲ့ UNHCR စကားပြောတဲ့ အခါမှာ စောစောက သတင်းခေါင်းစဉ်တွေက ကွက်တိ မဖြစ်ဘူး” ဟု ထိုင်းနိုင်ငံအခြေစိုက် UNHCR ကိုယ်စားလှယ် James Lynch က ပြောသည်။
UNHCR အမှုဆောင်ကော်မီတီ ဥက္ကဌ Hisham Badr မှ ဦးဆောင်သည့် သံအမတ်အဖွဲ့သည် ထိုင်းနိုင်ငံအခြေစိုက် UNHCR ကိုယ်စားလှယ်များ၊ မယ်ဟောင်ဆောင်ခရိုင်မှ မြို့တော်ဝန်နှင့် တာဝန်ရှိသူတို့နှင့်အတူ လိုက်ပါလာခဲ့ကြသည်။ “Egypt က မြန်မာနဲ့ရော ထိုင်းနဲ့ပါ ဆက်ဆံရေးတွေ ကောင်းမွန်တဲ့ နိုင်ငံ ဖြစ်နေသလို ကမ္ဘာ့ငြိမ်းချမ်းရေး ကိစ္စကိုလဲ စိတ်ဝင်တစား ရှိနေပါတယ်။ ဒါကြောင့်ဒီ (ကရင်နီဒုက္ခသည်စခန်း)မှာ အလည်အပတ် လာရတဲ့ ကိစ္စက အခြေအနေမှန်တွေကို လေ့ကြည့်ရှုဖို့၊ မှတ်ယူဖို့၊ ကူညီနိုင်တာတွေ ကူညီဖို့ ဖြစ်တယ်။ အစိုးရတွေ အနေနဲ့လည်း အကောင်းဆုံး နည်းလမ်းကို ရွေးပြီး ရှုပ်ထွေးလှတဲ့ ဒီစိမ်ခေါ်မှုတွေကို ကူညီဖြေရှင်းဖို့ ဖြစ်တယ်” ဟု UNHCR အမှုဆောင်ကော်မီတီ ဥက္ကဌလည်းဖြစ် Egyptသံအမတ်လည်း ဖြစ်သည့် Hisham Badr က ပြောသည်။

ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းသို့ လာရောက်လည်ပတ်သော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အမှုဆောင်ကော်မီတီဝင်များ၊ ထိုင်းအာဏာပိုင်နှင့် ဒုက္ခသည်ကိုယ်စားလှယ်တို့မှ မှတ်တမ်းဓါတ်ပုံ အတူတကွ ရိုက်ခဲ့စဉ် (ဓါတ်ပုံ-ကေတီ)
သံအမတ်များကို ဒုက္ခသည်ပင်မကော်မီတီ၊ ဒုက္ခသည်စခန်းကော်မီတီနှင့် ကရင်နီကျောင်းသားသမဂ္ဂ အဖွဲ့မှ ကိုယ်စားလှယ်များကတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
“အခုလောလောဆယ်ထိ ဒုက္ခသည်ကို ရောက်လာတဲ့ သူတွေ အများကြီး ရှိတယ်။ ဒါပေမယ့် ရှေ့ဆက်ပြီး အခက်အခဲ ခံပြီး ခက်ခက်ခဲခဲ ရောက်လာတဲ့ လူထုတွေကို ဆက်လက်ပြီး လက်ခံသင့်သလား မသင့်ဘူးလား အခုလည်း လာနေတယ် မနက်ဖြန်သဘက်ခါလည်း ဆက်လာဖို့ ရှိနေတယ်။ လာပါလို့လည်း ကျနော်တို့ မဖိတ်ခေါ်ပါဘူး။ ဒါပေမယ့် အခက်အခဲ ခံပြီး ရောက်လာသူတွေကိုတော့ လက်ခံပေးဖို့ ထပ်ဖြည့်ပြောချင်ပါတယ်” ဟု ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းကော်မီတီ ဥက္ကဌ ခူးအီရယ်က သံအမတ်များကို ပြောကြားခဲ့သည်။
ဒုက္ခသည်များ အနေဖြင့် မိမိဆန္ဒအလျောက် ပြန်ချင်သူများမှ လွဲ၍ ကျန်လူများကို ပြည်တွင်းရေး ပုံမှန်အခြေအနေ ပြန်ရောက်သည်အထိ ဆက်လက်ထားရှိသွားမှာ ဖြစ်ပြီး UNHCR အနေနှင့်လည်း မြန်မာပြည် အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်သွားမည်ဟု ဆိုသည်။
ယခုလက်ရှိ တတိယနိုင်ငံသို့ အခြေချနေထိုင်သွားသည့် ကရင်နီဒုက္ခသည်ပေါင်း ၁ သောင်းကျော် ရှိသွားပြီ ဖြစ်ပြီး ၂ သောင်းဝန်းကျင်မှာမူ အမှတ် ၁ နှင့် ၂ စခန်းများတွင် ကျန်ရှိနေပါသေးသည်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုတွင် ဒုက္ခသည် ၁၄၀၀၀၀ သောင်းကျော် ရှိသည်ဟု မြန်မာဒုက္ခသည်များကို လူသားချင်းစာနာပြီး အကူအညီများ ပေးနေသည့် TBBC က ဆိုထားပါသည်။
အဆိုပါ ဒုက္ခသည်စခန်းများသည် မြန်မာအစိုးရတပ်များကို တိုက်ခိုက်ရန် “တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေရဲ့ အခြေခံ စခန်းတွေ ဖြစ်တယ်” ဟု ယခု အသစ် တက်လာသည့် အစိုးရက မကြာသေးခင်က စွပ်စွဲပြောဆိုထားသည်။
0 kommentarer:
Post a Comment