ဧရာဝတီ
ကျောက်မီးသွေးများ တူးဖော်ရန်အတွက် ကရင်ပြည်နယ် မြ၀တီ ခရိုင်အတွင်းရှိ ဖလူးနှင့် ချောင့်ခက် ဒေသများတွင် မြန်မာနှင့် ထိုင်းကုမ္ပဏီနှစ်ခုက ဒေသခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နားလည်မှုယူ၍ လုပ်ငန်းများ စတင် လုပ်ကိုင်လျှက်ရှိသည် ဟုသိရသည်။
ယင်း ကျောက်မီးသွေးတူးဖော်မှုလုပ်ငန်းကို ထိုင်းနိုင်ငံမှ Dynamic Energy Enterprise Co.,Ltd. Thailand နှင့် မြန်မာ ဘက်မှ Seintharaphu Gem Co.,Ltd ကုမ္ပဏီတို့၂၀၁၀ နှစ်ကုန်ပိုင်းက ၁၀ နှစ်သက်တမ်းရှိ လုပ်ငန်းသဘောတူညီချက် အား ရန်ကုန်မြို့တွင် စာချုပ်ချုပ်ဆိုခဲ့ကြသည်ဟု မြန်မာဘက်မှ လုပ်ငန်းရှင်တဦးက ပြောသည်။
ကျောက်မီးသွေး တူးဖော်မည့်လုပ်ငန်းတွင် ပါဝင်သည့် အဆိုပါလုပ်ငန်းရှင်က“ဒီနှစ်ဆန်းထဲကစပြီးကျောက်မီးသွေး တူးဖို့
ပြင်ဆင်နေတယ်၊ ထိုင်းနဲ့မြန်မာကုမ္ပဏီတွေပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်၊ အဲဒီတုံးက တိုက်ပွဲတွေက လနဲ့ချီပြီး ဖြစ်နေတော့ ဘာမှလုပ်လို့မရဘူး၊ အခုအလုပ်စတင်နိုင်ဖို့အတွက် DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်) အဖွဲ့၊ KNU (ကရင်အမျိုးသား အစည်းအရုံး)အဖွဲ့ တွေနဲ့နား လည်မှုယူပြီး လုပ်ငန်းစတင်တာ ဖြစ်တယ်”ဟု ပြောသည်။
မြ၀တီမြို့၏ တောင်ဘက် ၁၀ မိုင်ကျော်တွင်ရှိသည့် ဖလူးနယ်နှင့် မြ၀တီမှ မိုင်၂၀ ခန့်တွင်ရှိသည့် ချောင့်ခက် ဒေသတွင် ယမန်နှစ် နိုဝင်ဘာလဆန်းမှစတင်ကာ DKBA ၊ KNLA ပူးပေါင်းအဖွဲ့ များနှင့် နအဖ တပ်များ အကြားဖြစ်ပွားခဲ့သည့် ရက် ရှည်တိုက်ပွဲများကြောင့် လုပ်ငန်းများစတင်နိုင်ခြင်းမရှိဟု နှစ်ဘက်ကုမ္ပဏီများက ပြောကြောင်းလည်း ကျောက်မီးသွေး တူးဖော်ရေးတွင် ပါဝင်သည့် မြန်မာ လုပ်ငန်းရှင်က ဆိုသည်။
လုပ်ငန်းစတင်နိုင်ရန်အတွက် ယခင်လက DKBA နှင့် KNU ဒေသခံ အဖွဲ့များနှင့်တွေ့ဆုံကာ နားလည်မှုယူ၍ လုပ်ငန်း စတင်ခဲ့ခြင်းဖြစ်ပြီး ထွက်ရှိလာမည့် ကျောက်မီးသွေးများကို ထိုင်းဘက်သို့ တင်ပို့ရန် မိုင်းတွင်းမှ နှစ်နိုင်ငံ နယ်စပ်မျဉ်း သောင်ရင်းမြစ်ကမ်းစပ်အထိ ဖောက်လုပ်မည့်ကားလမ်းကို ထိုင်းကုမ္ပဏီဘက်မှ တာဝန်ယူထားကြောင်း သိရသည်။
ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းအတွက် သဘောတူနားလည်မှုနှင့် ပတ်သက်ပြီး DKBA က လုံးဝငြင်းဆိုသော် လည်း KNU က မူ ပြည်သူလူထု အကျိုးရှိမရှိ အခြေအနေပေါ်တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်း ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်း စီမံကိန်းမှ ဆောက်လုပ်ရေး အင်ဂျင်နီယာ တဦးက DKBA နှင့် DKBA နှစ်ဖွဲ့လုံးအတွက် ကုမ္ပဏီများက တနှစ်လျှင် ရန်ပုံငွေမည်ရွေ့မည်မျှ ပေးရန် သဘောတူညီမှုပြုလုပ်ထားသည်ဟု ပြောဆို သည်။
KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ ဒေသ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တမော်သဲ ဒေသတွင်ထွက်ရှိသော ခနောက်စိမ်း များကို မြန်မာ ကုမ္ပဏီနှစ်ခုဖြစ်သည့် သုဝဏ္ဏမြေဆီနှင့် လင်းဘုန်းပြည့် တို့က KNU ၏ ခွင့်ပြုချက်ဖြင့် တူးဖော်လျှက်ရှိသည်ဟု KNUတပ်မဟာ ၆ အရာရှိ တဦးက ပြောသည်။
၎င်းကုမ္ပဏီနှစ်ခုက ယခင်လမှစတင်ကာ ခနောက်စိမ်းများကို အပြိုင်အဆိုင်တူးဖော်နေမှုကြောင့် လယ်ယာမြေတချို့ပျက် စီးဆုံးရှုံးမှုများစွာရှိပြီး သာဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလည်းရှိသည်ဟု ဒေသခံတဦးက ပြောသည်။
KNU တပ်မဟာ ၅ ထိန်းချုပ် ဖာပွန်ခရိုင်တွင်လည်း KNU ၏ ခွင့်ပြုချက်ဖြင့် မြန်မာကုမ္ပဏီနှစ်ခု က ရွှေတူးဖော်ရေး လုပ် ငန်းများကို ယခုနှစ်ဖေဖော်ဝါရီလမှ စတင်ကာလုပ်ကိုင်လျှက်ကြောင်း သိရှိရသည်။
အဆိုပါ ကရင်ပြည်နယ် မြ၀တီ ခရိုင်အတွင်းရှိ ကျောက်မီးသွေးမိုင်းစီမံကိန်း လုပ်သားများခန့်ထားရာတွင် ဟောင်သရော ကရင်ငြိမ်းချမ်းရေးအဖွဲ့မှ အသွင်ပြောင်း သွားသည့် အမှတ် ၁၀၂၃ ကရင်နယ်ခြားစောင့်တပ်ဖွဲ့တွင် ပါဝင်ခြင်းမရှိသည့် ယင်းအဖွဲ့မှ အသက် ၅၀ အထက်နှင့် ကိုယ်လက် အင်္ဂါ ချို့ယွင်းသူများကို ဦးစားပေး အလုပ်ခန့်ရန် လုပ်ငန်း သဘော တူညီချက်တွင် ပါရှိကြောင်း အထက်ပါ မြန်မာ လုပ်ငန်းရှင်က ပြောသည်။

0 kommentarer:
Post a Comment