
 KNU ထိန်းချုပ်နယ်မြေရောက် အကျဉ်းသား ပေါ်တာများ(ဓာတ်ပုံ - ဧရာဝတီ)
ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း ကရင် ပြည်နယ်၌ ဖြစ်ပွားခဲ့သော နအဖ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်မျိုးသား တပ်မတော်(DKBA) တိုက်ပွဲများတွင် ယင်း အကျဉ်းသား လူနာများကို ရိက္ခာသယ်ရန် အတွက် ပေါ်တာ(အထမ်းသမား) အဖြစ် စစ်အစိုးရတပ်များက အသုံးချခဲ့သည်။ အကျဉ်းသားများတွင် လွတ်ရက်စေ့ခါနီးသူ အများစု ပါဝင်သည်။
စစ်သားများ အတွက် ပစ္စည်းများ သယ်ပေးခဲ့ရသည့် အပြင် လမ်းခရီးတွင် ထိုးကြိတ် ရိုက်နှက်ခြင်းကဲ့သို့သော ကြမ်းကြမ်း တမ်းတမ်း ဆက်ဆံမှုများနှင့် ကြုံတွေ့ရကြောင်း၊ ထမင်းကိုလည်း အနည်းငယ်ကိုသာ စားခဲ့ရကြောင်း ၎င်းက ဆိုသည်။
“ထမ်းရ ပိုးရတော့ ထမင်းလည်း ၀အောင် မစားရဘူး၊ မစားရတော့ အသားတွေ ဖောရောင်ပြီးတော့ အသားတွေ ပွလာတယ်၊ သူတို့ ပေးတဲ့ဟာတွေ မထမ်းနိုင်တော့ဘူး၊ မထမ်းနိုင်တဲ့ အခါမှာ ကျနော်တို့ အရိုက်အနှက် ခံရတယ်၊ ကြိမ်းမောင်း ခံရတယ်၊ နောက်ဆုံး သူတို့သတ်မယ့် အနေအထားတွေ ရှိတဲ့ အခါကျတော့ ဘယ်လိုမှ မနေနိုင်တော့လို့ ကျနော်တို့ ထွက်ပြေးကြရတာ ပါ”ဟု ကိုသန်းနော်ဌေးဦး က ဆက်လက်ရှင်းပြသည်။
အမောဆို့ပြီး ဆက်မသွားနိုင်သည့် အထမ်းသမားများအား ထိုနေရာ၌ပင် ပစ်သတ်ခဲ့သည်ကို မြင်တွေ့ခဲ့ရကြောင်းလည်း ၎င်း က ဆိုသည်။
ရှေ့တန်း စစ်မြေပြင်သို့ အပို့ခံရမည့် အကျဉ်းသားများ အနေနှင့် ထောင်ပိုင်ကို တဦးလျှင် ကျပ်ငွေ ၅ သောင်းခန့် ပေးနိုင်ပါက စစ်မြေပြင်သို့ သွားရန် မလိုဘဲ ငွေမပေးနိုင်သည့် အကျဉ်းသားများနှင့် အစားထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တင် မဟုတ်ဘူး၊ ပိုက်ဆံ မရှိတဲ့ အကျဉ်းသား တိုင်းဟာ လွတ်ခါးနီးလည်းပဲ ဒီလိုမျိုး ထည့်ခံရပါတယ်၊ ပိုက်ဆံရှိတဲ့ လူ ကတော့ လွတ်သေး မလွတ်သေး မထည့်ပါဘူး၊ ထောင်ထဲမှာလည်းပဲ ထားတာချင်း နေတာချင်းအစစ အရာရာ ကွာခြားပါ တယ်၊ ပိုက်ဆံရှိတဲ့ လူဆိုလို့ရှိရင် ပိုက်ဆံရှိ သလိုနေရပါတယ်”ဟု ကိုသန်းနော်ဌေးက ပြောသည်။
အသက် ၂၀ ကျော်ရှိ အကျဉ်းသား တဦးကလည်း ယင်း အဖြစ် အပျက်မျိုးကို ကြုံတွေ့ခဲ့ရကြောင်း ပြန်ပြောပြသည်။
“ပိုက်ဆံ မပေးနိုင်တဲ့လူ ရှေ့ထွက်ဆိုတော့ ထွက်တယ်၊ ကျနော့်အစ်ကိုကြီးကို မျှော်တာပေါ့ ၃-၄ ရက်လောက်ရှိတယ်၊ မလာ ဘူး၊ မပြေလည်လို့ နေမှာပေါ့၊ မပေးနိုင်တဲ့အတွက် ကျနော့်ကို ဒီကို ထည့်လိုက်ပါတယ်”ဟု ၎င်းက ပြောသည်။
စစ်အစိုးရတပ်သားများ၏ နှိပ်စက်မှုများကြောင့် ယခုအခါ အောက်တပိုင်း ချိနဲ့နေသကဲ့သို့ ခံစားနေရကြောင်း ထို အသက် ၂၀ ကျော် အကျဉ်းသားက ပြောသည်။
အကျဉ်းသားများသည် ကရင်ပြည်နယ် နအဖ တပ်မ၂၂ လက်အောက်ခံ ခြေမြန် တပ်ရင်း (ခမရ) ၂၀၄၊ ၂၀၁၊ ၂၀၆၊ ၂၀၈ အပါ အ၀င် တပ်ရင်း ၁၀ ရင်းခန့်ရှိသော တပ်ဖွဲ့ဝင်များအတွက် ပစည်းများသယ်ပေးခဲ့ရ သူများဖြစ်ကြောင်း လွတ်မြောက်လာသည့် အကျဉ်းသားများက ပြောပြသည်။
ထို့အပြင် အကျဉ်းသား ပေါ်တာများ ထွက်ပြေးလာသည့် မြ၀တီခရိုင် ဖလူးဒေသတွင် နအဖ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံ တပ်ရင်း ၇ ရင်းခန့် စစ်ရေးလှုပ်ရှားလျက် ရှိကြောင်း သိရသည်။
ကရင်ပြည်နယ် အတွင်း DKBA နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ နအဖ တပ်က အကျဉ်းသား ပေါ်တာများကို လူသား မိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုမှုများလည်း ရှိခဲ့သည်။
ထို့သို့ မိုင်းရှင်းကိရိယာများအဖြစ် အသုံးခံနေရသည့် အန္တရာယ်မှ လွတ်မြောက်လိုသောကြောင့် အကျဉ်းသားပေါ်တာ အများ အပြား ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဘက်သို့ တိမ်းရှောင်လာကြသည်။
“တကယ် တိုက်ပွဲဖြစ်ပြီဆိုရင် ကျည်ဆန်တွေ ထမ်းရတယ်၊ ဆန်ထမ်းရတယ်၊ ပြီးတော့ ကျနော်တို့ကို မထင်မယ့် နေရာမျိုးကို အသုံးချတယ်၊ အဲဒီ လမ်းကိုသွား အရှေ့မှာတော့ မိုင်းရှင်းတဲ့ လူ ၂ ယောက်တော့ ပါတယ်၊ သူတို့ ခြေဖ၀ါး ၁၀ ဖ၀ါးစာပဲ ရှင်း တယ်၊ ကြားထဲမှာတော့ မရှင်းဘူး၊ ကျန်တဲ့လူတွေက အဲဒီ မိုင်းရှင်းထားတဲ့ လမ်းနဲ့သွားတယ်၊ ကျနော်တို့လည်း သွားတယ်”ဟု မိုင်းရှင်းခိုင်းမှုကို ကြုံတွေ့ခဲ့ရသူ အကျဉ်းသား ပေါ်တာ တဦးက ရှင်းပြသည်။
တခြားသော ထွက်ပြေးလွတ်မြောက်လာသူ အကျဉ်းသား တဦးက“ပြေးလာကြတာကတော့ တယောက် တနေရာဆီကနေ
ထွက်ပြေး လာကြတာ၊ လမ်းမသိတဲ့အခါ တွေ့တဲ့လမ်း စွတ်သွားရင်းနဲ့ ကရင် ဦးလေးတွေနဲ့ တွေ့တော့မှ ကရင်ဦးလေးတွေက ဒီမှာ နင့်အဖော်တွေရှိတယ်ဆိုပြီးတော့ လာပို့ထားပေးတယ်၊ ပို့ပေးတဲ့နေရာ ရောက်တော့မှ တွေ့ ကြတာဖြစ်တယ်”ဟု ပြော သည်။
မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၆၀၀ ခန့်ကို ယင်းသို့ လူသား မိုင်းရှင်း ကိရိယာများ အဖြစ် အသုံးပြုနေခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ပြော ဆိုချက်အရ သိရသည်။
“ဒီအကျဉ်းသား တွေဟာလည်း လူသားတွေပဲ ဖြစ်ပါတယ်၊ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဒီလိုမျိုး မလုပ်သင့်ပါဘူး၊ အခု စစ်အစိုးရ ကျင့်သုံးနေတဲ့နည်းက အကျဉ်းသားတွေကို သတ်နေတာနဲ့ အတူတူပါပဲ”ဟု AAPP တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီသို့ ပြောခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ သတင်းအချက်အလက် တိတိကျကျရရှိရန်နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု ဖြစ် သောကြောင့် အရေးယူ ဆောင်ရွက်နိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါ အကျဉ်းသားပေါ်တာများသည် မာနယ်ပလော ဒေသ စစ်မြေပြင်မှတဆင့် ထွက်ပြေးလာကြပြီး KNU တပ်မဟာ ၇ တပ် စခန်းသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။
လွတ်မြောက်လာသူများထဲတွင် အိမ်ထောင်ရှိသူများနှင့် အိမ်ထောင်မရှိသူများလည်း ပါဝင်ကြသည်။ အိမ်ထောင်ရှိသူ ကိုသန်းနော်ဦးက မြန်မာပြည်တွင်း၌ ၎င်း၏ အမျိုးသမီးတွင် ကိုယ်ဝန်နှင့် သားသမီး ၃ ဦး ကျန်ခဲ့သည့်အတွက် မည်သို့ နေ ထိုင် သည်ကို သိချင်ကြောင်း ၀မ်းနည်းသံဖြင့် ပြောသည်။
“စစ်သားတွေကို တော်တော်လေးကို မုန်းတီးတယ်၊ ကျနော်လည်း ဗမာ လူမျိုးပါပဲ၊ သူတို့လည်း ဗမာလူ မျိုးပါပဲ၊ ဗမာ လူမျိုး အချင်းချင်းကို ကျနော်တို့ကို မသေသေအောင် ညှဉ်းပန်း နှိပ်စက်တယ်၊ ကျနော့်အနေနဲ့ကတော့ ကျနော့်မိသားစုလေးတွေ ဘယ်လိုနေထိုင် သလဲဆိုတာ သိချင်တယ်၊ ကြည့်ချင်တယ်၊ ဘယ်လို အခက်အခဲတွေ သူတို့ ရင်ဆိုင်နေရတယ်၊ ကျနော် လည်း ဒီဘ၀က လွတ်မြောက်အောင် နေချင်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment