27 February 2011

ဗိုလ်ချုပ်ရဲမြင့်ရဲ့ စည်းရုံးရေး


http://ehkhaungthaunt.blogspot.com


ဒီကေဘီအေကနေ ဘီဂျီအက်ဖ် အသွင်ပြောင်းသွားတဲ့ ဘီဂျီအက်ဖ် ရဲဘော်တွေ သင်တန်းသွားတက်တဲ့ အချိန် စစ်ဖက်ဆိုင်ရာ လုံခြုံရေးက ဗိုလ်ချုပ်ရဲမြင့် လာရောက် တွေ့ဆုံတဲ့အခါမှာ ဘီဂျီအက်ဖ်ရဲဘော်တွေကို အောက်ပါ မေးခွန်းတွေ မေးသွားပါတယ်။
"မင်းတို့ ကေအန်ယူစစ်သားဖြစ်တုန်းက လစာ ရလား"လို့ မေးတယ်။
"မရဘူး"လို့ ဘီဂျီအက်ဖ် စစ်သားတွေက ပြန်ဖြေတယ်။
နောက်ပြီး "ဒီကေဘီအေစစ်သား ဖြစ်တဲ့အချိန်က လစာရလား"လို့ မေးပြန်တယ်။
"မရဘူး"လို့ပဲ ဘီဂျီအက်ဖ် စစ်သားတွေက ပြန်ဖြေတယ်။
"တို့ တပ်မတော်မှာ လုပ်တော့ လစာရလား"လို့ မေးပြန်တယ်။
"ရပါတယ်"လို့ ဘီဂျီအက်ဖ်တွေက ပြန်ဖြေအပြီးမှာ--------
ဗိုလ်ချုပ်ရဲမြင့်က "လစာပေးတဲ့ နိုငံတော်အစိုးရကို ဘယ်လို သဘောထားရမလဲ"လို့ ဆက်မေးပြန်တော့-----
"သစ္စာရှိရမယ်"လို့ပဲ တပြိုင်နက်ထဲ ဘီဂျီအက်ဖ်ရဲဘော်တွေက ကြားကောင်းအောင် ပြန်ဖြေကြပါတယ်။ ဒါပေမယ့် သူတို့ စိတ်ထဲမှာတော့ ကြိတ်ရယ်ရပါတယ်။ ဘာကြောင့်ရယ်တော့ မသိပါဘူး။

အဲဒီနောက်ပိုင်းမှာ သင်တန်းတက်တဲ့ ရဲဘော်တွေအားလုံးကို လစာတွေ စားစရာတွေ စုံစုံလင်လင် လာပေးသွားပါတယ်။ ဘီဂျီအက်ဖ် ရဲဘော်တွေရဲ့ ဖြေကြားချက်ကို ဗိုလ်ချုပ်ရဲမြင့် သဘောကျသွားပုံ ရပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်ရဲမြင့် မပြန်ခင်လေးမှာ ဘီဂျီအက်ဖ်ထဲမှာ ရှိနေတဲ့ ဗမာစစ်သားတွေကိုတော့ ငွေ တယောက် ၁သိန်းဆီ ခိုးပြီး ပေးသွားခဲ့ပါတယ်။ ဘာသဘောလည်းတော့ မသိပါဘူး။ သင်တန်းသားချင်း အတူတူ ဘီဂျီအက်ဖ်ပြောင်းသွားတဲ့ ဒီကေဘီအေ တွေကတော့ ဘာမှ မရကြပါဘူး။

ဘာကြောင့်ပါလဲ၊ အဖြေကတော့ ရှင်းပါတယ်။ မိဘလုပ်တဲ့သူက ကိုယ့်သားသမီးထက် ဘယ်သားသမီးကိုမှ ပိုပြီး ဂရုစိုက်မှာတော့ မဟုတ်ဘူးလေ။ အင်း-----ဒါဆိုရင် မေးစရာမေးခွန်းတွေ ရှိလာပါတယ်။ အဲဒါတော့ ဒီကေဘီအေ ထဲမှာကော မိဘမရှိဘူးလား ဆိုတဲ့ မေးခွန်းပါပဲ။ မိဘတွေ ကိုယ်စီ ရှိကြပါတယ်။ ရှိလျှက်သားနဲ့ ကိုယ့်သားသမီးတွေကို သူများရင်ခွင်ထဲမှာ မျက်နှာငယ်စွာနဲ့ ရှင်သန်ခွင့် အသက်ရှင်ခွင့်လေး ပေးလိုက်ပြီး ကိုယ့်အကျိုးစီးပွားနဲ့ လဲလှယ်ခဲ့ကြတာပါ။ တကယ်တော့ အဲဒီလုပ်ရပ်ဟာ မိဘပီသတဲ့ လုပ်ရပ် မဟုတ်ပါဘူး။ ကိုယ့်အခွင့်အရေး၊ ကိုယ့်စည်းစိမ် ဥစ္စာအတွက်နဲ့ ကိုယ့်သားသမီးတွေကို အကြင်နာ ကင်းမဲ့စွာပဲ လဲလှယ် ရောင်းချလိုက်တဲ့ လုပ်ရပ်တခုပဲ ဖြစ်ပါတယ်။ မိဘကောင်းတယောက် လုပ်သင့် လုပ်ထိုက်တဲ့ အရာတော့ မဟုတ်ပါဘူး။ တကယ်တော့ ဘီဂျီအက်ဖ် ဖြစ်သွားရတဲ့ ဒီကေဘီအေ ရဲဘော်တွေက မိဘမဲ့နေကြတာ မဟုတ်ပါဘူး။ မိဘတွေ အသုံးမကျလို့ အခုလို ဖြစ်သွားရတယ်လို့ပဲ အကြမ်းဖျင်း သုံးသပ်လိုက်ပါရစေ။

သင်တန်း တက်ရောက်ခဲ့ရသူ ဘီဂျီအက်ဖ် စစ်သားတဦးရဲ့ ပြန်လည် ပြောပြချက်ကို ကိုးကား ရေးသားထားပါတယ်။
အဲခေါင်သောင့်

0 kommentarer:

Post a Comment