ယမန်နေ့က ထွက်ပြေးလာသည့် အကျဉ်းသားပေါ်တာများ (ဓာတ်ပုံ - ဧရာဝတီ)
ယမန်နေ့က မာနယ်ပလော စစ်မြေပြင်မှ ထွက်ပြေးလွတ်မြောက်လာသည့် အကျဉ်းသားပေါ်တာ ၁၃ ဦး အနက် အင်းစိန် ထောင်မှ ကိုအောင်ကျော်မိုး၊ ကိုဂျိုးဇက်နှင့် ကိုလင်းမာန်အောင် တို့က ၎င်းတို့ရှေ့တွင် နအဖ တပ်က သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဧရာဝတီသို့ ပြောပြသည်။
ကိုအောင်ကျော်မိုးက"ဒီလ ၁၅ ရက်နေ့လောက်က ကျနော်တို့ထဲက အားကုန်ပြီး နားခွင့်ပေးပါလို့ပြောတဲ့ အင်းစိန်ထောင် က ကိုစံပေါ ရဲ့ ရင်ဝကို ဓားမြှောင်နဲ့ ၂ ချက်ထိုးပြီး ချောက်ထဲကို ကန်ချလိုက်တယ်၊ ဓားထိုးတဲ့လူက ဗိုလ်မှူး အရပ်ပုပုနဲ့ခမရ ၂၀၈ ထောက်ပို့ တပ်ကပါ"ဟု ဆိုသည်။
ပစ္စည်း မထမ်းနိုင်သည့် ပြည်ထောင်မှ အကျဉ်းသားပေါ်တာ ၃ ဦးကိုလည်း နအဖ စစ်သားများက ရက်ရက် စက်စက် သတ်ဖြတ်ခဲ့သည်ဟုလည်း ကိုဂျိုးဇက်က ပြောသည်။
"မာနယ်ပလောနားက ဘုရားကျောင်းရှိတဲ့ ထီးသေ့ခီးရွာမှာ လမ်းမသွားနိုင်တော့တဲ့ ပြည်ထောင်က ၃ ယောက်ထဲက နှစ် ယောက်ကို ဓားနဲ့ လည်လှီးသတ်ပြီး တယောက်ကိုတော့ သေနတ်နဲ့ ပစ်သတ်လိုက်တယ်၊ ငါတို့ တပ်မတော်သားတွေကို အသေမခံနိုင်ဘူး၊ သေစရာရှိရင် မင်းတို့ပဲ သေရမယ်ဆိုပြီး ကျနော်တို့ကိုကြိမ်းတယ်၊ အသတ်ခံရတဲ့လူထဲက နှစ်ယောက် သိတယ်၊ ချစ်ကိုကို(၁၈)နှစ်နဲ့ အောင်သူဝင်း(၁၇)နှစ်"ဟု ၎င်းက ပြောပြသည်။
ထွက်ပြေးသည့်ပေါ်တာ၂ ဦးကိုလည်း လိုက်လံဖမ်းဆီးပြီး တဦးကို နားထင်သေနတ်တေ့၍ ပစ်သတ်ပြီး ကျန်တဦး၏ ရင်ဝကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ဖြစ်ရပ်ကို မျက်မြင်တွေ့ရှိ ခဲ့သည်ဟု အကျဉ်းသားပေါ်တာ ကိုလင်းမာန်အောင် ကလည်း ပြောသည်။
အဆိုပါ အကျဉ်းသားပေါ်တာ ၁၃ ဦးသည် မာနယ်ပလော ဒေသ စစ်မြေပြင်မှတဆင့် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ထွက်ပြေး လာကြပြီး ယမန်နေ့က ကရင် အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ တပ်စခန်းသို့ ရောက်ရှိလာခြင်းဖြစ် သည်။
၎င်းအကျဉ်းသားပေါ်တာများမှာ ကိုမောင်မျိုး၊ ကိုဆန္ဒကျော်၊ ကိုအောင်ကျော်မိုး၊ ကိုလင်းအောင်၊ ကိုဂျိုးဇက်၊ ကိုထွန်းထွန်း နိုင်၊ စိုင်းကော်ခမ်း၊ ကိုပေါက်စ၊ ကိုကျော်ဦး၊ ကိုကံထွန်း၊ ကိုရဲထွန်း၊ ကိုလင်းမာန်အောင်နှင့် ကိုမင်းသူ တို့ဖြစ်ပြီး ဖျာပုံ၊ ဘားအံ၊ အင်းစိန်၊ လားရှိုးနှင့် ပြည် ထောင်များမှတဆင့် မာနယ်ပလော ဒေသသို့ ရောက်ရှိလာကြသူများဖြစ်သည်။
ရောက်ရှိလာသည့် အကျဉ်းသားပေါ်တာများကို(KNU)တပ်မဟာ ၇ မှ လက်ခံစောင့်ရှောက်ထားပြီး ယခုလ အတွင်း မာနယ်ပလော ဒေသမှ ထွက်ပြေးလာသည့် အကျဉ်းသားပေါ်တာ ၄၀ ခန့် ရှိသွားပြီဟု တပ်မဟာ ၇ မှ တပ်မှူးတဦးက ပြောဆိုသည်။
KNU တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း၂၂ သည် ယမန်နေ့က လှိုင်းဘွဲ့မြို့နယ် ခေါတူးခီး ရွာ ရှိ ကရင်နယ်ခြား စောင့် တပ်ရင်း ၁၀၁၅ ၏ ရှေ့တန်း ကင်းစခန်းတခုကို ၀င်ရောက်စီးနင်းရာ ဗိုလ်ကြီး အဆင့်တဦး အပါအ၀င် တပ်ဖွဲ့ဝင် ၈ ဦး ကို လက်နက်မျိုးစုံ ၁၄ လက်နှင့်အတူ သိမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။
ဖမ်းဆီးရမိသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များမှာ ဗိုလ်ကြီး စောအရှား၊ ကမ္ဘာကျော်၊ ဝေါ်ခို့၊ ဖလုံ သား၊ အောင်ကြည် ဌေး၊ ဒါဘောင်မင်၊ လော်ကယ်နှင့် စောဖားအဲ တို့ဖြစ်သည်ဟု KNU က ပြောသည်။
ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ နအဖ တပ်က အကျဉ်းသား ပေါ်တာများကို လူသား မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုမှုများလည်း ရှိခဲ့ သည်။
ထို့သို့ မိုင်းရှင်းကိရိယာများအဖြစ် အသုံးခံနေရသည့် အန္တရာယ်မှ လွတ်မြောက်လိုသောကြောင့် ဇန်န၀ါရီ လဆန်းပိုင်း ကလည်း အကျဉ်းသားပေါ်တာ ၁၂ ဦးခန့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဘက်သို့ တိမ်းရှောင်လာခဲ့ကြသေးသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment