မိုးမိုးကျော် (Arakan Review)
စစ်တွေ ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် စီမံကိန်းနယ်မြေတွင် ပါဝင်သော စစ်တွေမြို့ရှိ စားသောက်ဆိုင်ကြီးများ၊ တည်းခိုခန်းများနှင့် လူနေအိမ်များ ဖျက်ဆီးခြင်း ခံရနိုင်သည့်အတွက် အဆောက်အအုံ ပိုင်ရှင်များ စိုးရိမ်နေကြကြောင်း သိရှိရသည်။
“ထိုင်တန်တဲ့ ငွေကြေး မရမှာကို စိုးရိမ်နေတာပါ။ ဖျက်ဆီး ပြောင်းရွေ့ရမှာကတော့ သေချာ သလောက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရဲ့ စားသောက်ဆိုင်က တည်ဆောက်ရေး လုပ်ငန်း ဧရိယာထဲမှာ ပါဝင်နေတယ်” ဟု ကမ်းနားလမ်းတွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင် ပိုင်ရှင်တဦးက ပြောပြသည်။
၎င်းကဆက်ပြီး “ခုထိတော့ ဒေသအာဏာပိုင်တွေက ဘာဖိအားမှ မပေးသေးဘူး။ ဒါပေမယ့် ပြောင်းရွေ့ရမှာကိုတော့ စိုးရိမ်နေရတာ ပါပဲ။ သူတို့က ခုပြောင်းဆိုရင် ပြောင်းရတာပဲလေ။ ဥပဒေမှ မရှိတာ” ဟု ပြောပြသည်။
ဖျက်ဆီး ပြောင်းရွေ့ရမည့် နေရာများမှာ စစ်တွေ ရေနက် ဆိပ်ကမ်း တည်ဆောက်မည့် နေရာနှင့် ဘေးချင်းကပ် City Point စားသောက်ဆိုင်၊ ၎င်းနှင့်မျက်နှာချင်းဆိုင်တွင် မေယု စားသောက်ဆိုင်၊ View Point စားတော်ဆက်နှင့် အခြား လူနေအိမ်အဆောက်အအုံများ၊ ဈေးဆိုင်များ ပါဝင်မည်ဟု သိရှိရသည်။
“ပြောင်းရမှာတော့ သေချာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆိပ်ကမ်းအနီး ဂိုဒေါင် (၂၉) လုံး တည်ဆောက်ဖို့ အစီအစဉ်ပါတော့ ဘယ်နေရာမှာ တည်ဆောက်မလဲ။ နေရာမရှိတော့ လူနေတဲ့ နေရာတွေကို ရွေ့ခိုင်းမှာပဲ” ဟု စစ်တွေမြို့ခံ စီးပွါးရေး လုပ်ငန်းရှင် တဦးက ပြောပြသည်။
စစ်တွေ ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ဂိုဒေါင် (၂၉) လုံး တည်ဆောက်မည့် စီမံကိန်းပါရှိပြီး သိန်း (၁) သောင်း တန်ဖိုးရှိ ဂိုဒေါင် (၈) လုံး ပါဝင်ကြောင်းလည်း သိရှိရသည်။ ၎င်းဆိပ်ကမ်း ပြီးစီး သွားပါက တန်ချိန် (၆၀၀၀) တန် သင်္ဘောကြီးများ ဆိုက်ကပ် နိုင်မည်ဖြစ်သည်။
စစ်တွေရေနက်ဆိပ်ကမ်းကို (၂၀၁၃) ခုနှစ်တွင် အပြီးအစီး တည်ဆောက်သွားမည် ဖြစ်ပြီး အိန္ဒိယကုမ္ပဏီ အက်ဆာ (ESSAR) မှ စစ်တွေ အခြေစိုက်ရုံးခွဲကို ဖွင့်လှစ်ထားပြီး ယခုနှစ် နိုဝင်ဘာလမှ စ၍ စတင်ဆောင်ရွက်လျက် ရှိသည်။ ယခုအခါ စစ်တွေရေနက် ဆိပ်ကမ်း စီမံကိန်းအတွက် ကုလားတန်မြစ်ရှိ ဖောင်တော်ကြီးနှင့် မင်းကြီး ကျောက်တန်း ဖောင်တော်အကြား မြေနေရာ (၃) ဧကတွင် ကျောက်စီသဲစုခြင်းဖြင့် လူလုပ်ကုန်းမြေကို စတင် တည်ဆောက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
စစ်တွေရေနက် ဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်ဝါဒသ (Look East) အရ စတင် ကမ်းလှမ်း ဆောင်ရွက်ခြင်းဖြစ်ပြီး စစ်တွေ ဆိပ်ကမ်းမှတဆင့် အိန္ဒိယ နိုင်ငံ မြောက်ပိုင်းဒေသရှိ မီဇိုရမ်ပြည်နယ်သို့ ကုန်ပစ္စည်းများ လွယ်လင့်တကူ တင်ပို့နိုင်ရန်နှင့် ထွက်ကုန်များကို ဥရောပနှင့် အရှေ့တောင်အာရှ နိုင်ငံများသို့ တင်ပို့ရန် ရည်ရွယ်ထားသည်။
စစ်တွေရေနက်ဆိပ်ကမ်းမှာ ကုလားတန်မြစ် ဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတရပ်လည်းဖြစ်သည်။ ကုလားတန်မြစ် ဖွံ့ဖြိုးရေး စီမံကိန်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ရခိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး ဆောင်ရွက်နေသော ရခိုင်ပြည် မြစ်ချောင်းများ ကွန်ယက် (ARN) မှ ဒါရိုက်တာ ဦးအောင်မင်းဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ သူက “စစ်တွေ ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး စနေပြီ ဖြစ်တဲ့အတွက် အဆောက်အအုံ ဖျက်ဆီးတာတွေ၊ လှေ၊ သဗ္ဗာန်တွေ သွားနေတာတွေကို စပြီး ဟန့်တားမှုတွေ လုပ်လာတော့မှာ။ ဆိပ်ကမ်း တည်ဆောက်ပြီးရင်လဲ ဒေသတွင်း စီးပွားရေးအတွက် အသုံးပြုခွင့် ရတော့မှာ မဟုတ်ဘူး။ နောက်တခုက အဆောက်အအုံတွေ ဖျက်ဆီး၊ ပြောင်းရွေ့လို့ လျော်ကြေးတွေ၊ နေရာတွေ ပေးဖို့ဆိုတာ သိပ်မသေချာဘူး၊ ပေးရင်တောင် မဆိုစလောက်ပဲ ဖြစ်မယ်” ဟု ပြောပြသည်။
သူက ဆက်ပြီး “စစ်တွေဆိပ်ကမ်းကတော့ ကုလားတန်စီမံကိန်းရဲ့ အစိတ်အပိုင်း တခုသာ ရှိသေးတယ်။ ကုလားတန်မြစ်ရိုး တလျှောက်မှာ တခြား လုပ်ငန်းစဉ်တွေ အများကြီးရှိသေးတယ်။ ဒီစီမံကိန်းကြောင့် ရခိုင်လူမျိုးတွေ ကောင်းကျိုးထက် ဆိုးကျိုး ပိုများမယ်။ ကုလားတန်မြစ်ကို မှီခိုပြီး လုပ်ကိုင် စားသောက်နေကြတဲ့ ပြည်သူတွေ နောက်ပိုင်း ပုံမှန် လည်ပတ်နိုင်ဖို့ မလွယ်ဘူး။ နောက်ပြီးတော့ သဘာဝ ပတ်ဝန်းကျင်တွေ အထူးသဖြင့် ရေထု ညစ်ညမ်းမှုတွေ ဖြစ်လာနိုင်တယ်။ သောင်တွေ ရှင်းလင်းရမယ်၊ မြစ်ကြောင်း ချဲ့ထွင် ရမယ်ဆိုတော့ အဲဒီအပေါ် မှီခိုနေတဲ့ သတ္တ၀ါတွေ ပျောက်ကွယ် သွားနိုင်တယ်။ ဒါတွေကို စစ်အုပ်စုရော၊ အိန္ဒိယရော ထည့်စဉ်းစားကြမှာ မဟုတ်ဘူး။ သူတို့အတွက် အကျိုးရှိရင် အကုန်လုပ်မယ် ဆိုတဲ့ ပုံစံမျိုးပဲ” ဟု ပြောပြသည်။
စစ်တွေရေနက် ဆိပ်ကမ်းနှင့်အတူ အထူးစီးပွါးရေး ဇုန်တခုကို တည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

0 kommentarer:
Post a Comment