ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်တပ် ဦးဆောင်မှု အောက်တွင် ရှိသည့် ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်မှ အင်အား၂ဝဝ ခန့် ရှိသော ပြည်သူ့စစ်များကို လက်နက်ကြီးများ အပါအဝင် ပိုမိုကောင်းမွန်သော လက်နက်များ ဖြည့်တင်းပေးမည်ဟု မြန်မာ စစ်အရာရှိများက ယခုအပတ် အစောပိုင်းက ပြုလုပ်ခဲ့သည့် အစည်းအဝေး တခုတွင် ကတိပေးလိုက်ကြောင်း ပြည်သူ့စစ် သတင်းရပ်ကွက် တခုက ဆိုသည်။
ပြည်သူ့စစ် နှင့် နယ်ခြား တပ်များရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်အုန်းက ပြည်သူ့စစ်များအား ဖြစ်လာနိုင်ချေရှိသည့် တိုက်ပွဲများအတွက် အသင့်ပြင်ထားရန် ညွှန်ကြားခဲ့သည်ဟုလည်း သိရသည်။
ထို့ပြင် ပြည်သူ့စစ်များကို ရှမ်းပြည်နယ် တပ်မတော်-မြောက်ပိုင်း (SSA-N) နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တပ်များ လှုပ်ရှားမှုအပေါ် နိုးနိုးကြားကြား စောင့်ကြည့်ရန် ညွှန်ကြားခဲ့သည်ဟုလည်း သိရသည်။ ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N) နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့သည် စစ်အစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ် အသွင်ပြောင်းရေး အစီအစဉ်ကို ပယ်ချထားသည့် အဖွဲ့များ ဖြစ်သည်။
SSA-N တပ်မဟာ (၁) နှင့် UWSA တို့ ထိန်းချုပ်ထားသည့် နယ်မြေများနှင့် ထိစပ်နေသော တန့်ယန်းတွင် ပြည်သူ့စစ် ၁၅ဝဝ ခန့် တပ်စွဲထားကြသည်။
အစည်းအဝေး တက်ရောက်သူများထဲတွင် အင်အားအကြီးဆုံး ပြည်သူ့စစ်အဖွဲ့ နှစ်ခု၏ ခေါင်းဆောင်များ ဖြစ်ကြသူ ဗိုလ်မွန်းနှင့် ဗိုလ်ဂျထော တို့လည်း ပါဝင်သည်ဟု ပြည်သူ့စစ် သတင်းရပ်ကွက်က ဆိုသည်။
ဗိုလ်မွန်းသည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဘိန်းဘုရင် ခွန်ဆာ၏ မွေးစားသား တဦးဖြစ်ပြီး ၁၉၉၆ တွင် မြန်မာစစ်အာဏာပိုင် များထံ လက်နက်ချခဲ့သူ ဖြစ်သည်။ သူသည် ၁၉၉၉ နှင့် ၂ဝဝဝ ပြည့်နှစ်များ တဝိုက်က ရှမ်းပြည်နယ် တပ်မတော်-တောင်ပိုင်း (SSA-S) တပ်များ ရှမ်းပြည်နယ် တပ်မတော်-မြောက်ပိုင်း (SSA-N) နှင့် မပူးပေါင်းမိစေရန် တားဆီးခဲ့ပေးပြီး နောက်ပိုင်းတွင် မြန်မာစစ်တပ်၏ အပြည့်အဝ အားပေး ထောက်ပံ့မှုကို ရရှိခဲ့သူ ဖြစ်သည်။
လက်နက်ကိုင်အင်အား ၈ဝဝ ခန့် ရှိသည့် သူ၏ ဝမ်ပန် ပြည်သူ့စစ် အဖွဲ့ကို မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် စွပ်စွဲခံထားရသည်။
လားဟူတိုင်းရင်းသား တဦးဖြစ်သူ ဗိုလ်ဂျထော၏ အဖွဲ့တွင်မူ လူအင်အား ၂၅ဝ ခန့်ရှိပြီး ၄င်းတို့အနက် ၁၅ဝ ခန့်ကို လက်နက် တပ်ဆင်ပေးထားသည်ဟု ရှမ်းပြည်နယ် သတင်းများက ဆိုသည်။
စစ်ရေးလေ့လာသူ တဦးက “မြန်မာစစ်အစိုးရက အတိုက်အခံ အုပ်စုတွေကို သွေးခွဲပြီး ချေမှုန်းတဲ့ နည်းဗျူဟာက အောင်မြင်တယ်လို့ ပြောရမယ်။ KNU ကနေ ခွဲထွက်လာတဲ့ DKBA ကို KNU ကို ချေမှုန်းဖို့ အသုံးချခဲ့တယ်။ မိန်းတိုင်းတပ်ဖွဲ့တို့ ကချင်၊ မွန် နဲ့ ပအိုဝ်း တွေကိုလဲ ဒီနည်းနဲ့ပဲ သွေးခွဲ ခဲ့တာပဲ။ မြန်မာစစ်တပ်က အချင်းချင်း သွေးခွဲပြီး ချေမှုန်းခိုင်းဖို့ ဘယ်တော့မှ နှောင့်နှေးနေမှာ မဟုတ်ဘူး” ဟု သုံးသပ်ခဲ့သည်။
သူက “တကယ်လို့ မြန်မာစစ်တပ်က တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ ထိပ်တိုက် တွေ့လာခဲ့ရင် ပြည်သူ့စစ်တွေကို ရှေ့တန်းမှာ အသုံးချနိုင်စရာ ရှိတယ်” ဟု ခန့်မှန်းပြောကြားခဲ့သည်။
ချင်းမိုင်မှ လားဟူ အမျိုးသားတဦးက “လားဟူ တိုင်းရင်းသားတွေဟာ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ထဲမှာရော မြန်မာ စစ်တပ်ထဲမှာပါ ရှိနေကြပါတယ်။ ကျနော်တို့ လားဟူတိုင်းရင်းသား တွေကို စစ်တုရင် ကစားကွက်ထဲက နယ်ရုပ်လေးတွေလို မဖြစ်စေချင်ပါဘူး” ဟု ဆိုသည်။
လားဟူ ပြည်သူ့စစ်ခေါင်းဆောင် တချို့သည် စစ်အစိုးရနှင့် ပေါင်းကာ စီးပွားရေး အကျိုးအမြတ်များစွာ ရရှိနေသော်လည်း လားဟူတိုင်းရင်းသား အများစုမှာမူ ဆင်းရဲလျက်ပင် ရှိနေသေးကြောင်းကိုလည်း သူက အတည်ပြု ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မှ ကုန်သည်တဦးကမူ စီးပွားရေးသမားများ အနေဖြင့် အပစ်ရပ်အုပ်စုများနှင့် စီးပွားရေးလုပ်ကိုင် နေရာမှ ပြည်သူ့စစ် အုပ်စုများနှင့် ပြောင်းရွှေ့ စီးပွားရေး လုပ်လာကြသည်ဟု ဆိုသည်။
“ပြည်သူ့စစ် အုပ်စုတွေက အပစ်ရပ် အုပ်စုတွေထက် အာဏာပါဝါ ပိုရှိလာလို့ စီးပွားရေး လုပ်ငန်းတွေကို ပြည်သူ့စစ် အုပ်စုတွေဆီ ရွှေ့ပြီး လုပ်နေကြပါပြီ။ တချို့လုပ်ငန်းတွေကတော့ တရားမဝင် လုပ်ငန်းတွေပါ” ဟု သူကဆိုသည်။
မိုင်းလားအဖွဲ့ (ခေါ်) အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA နှင့် ဝတပ်မတော် UWSA တို့ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ပုံစံအမျိုးမျိုးဖြင့် ဖိအားတိုးမြှင့် ပေးနေသည်ဟုလည်း သူက ဆိုသည်။ ယခုလောလောဆယ်တွင် မြန်မာ အရာရှိများက NDAA ထိန်းချုပ်ရာ ဒေသတွင်းသို့ နယ်စပ်မှ ကုန်စည်များ ဝင်မလာနိုင်ရန် တားမြစ်ထားသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment