နိရဉ္စရာမှ.....
ထွန်းထွန်း
------------
ဂီရိ ဆိုင်ကလုန် မုန်တိုင်းကြောင့် ပျက်စီး ဆုံးရှုံး ခဲ့ရသည့် ရခိုင်မှ ဒေသ တချို့သို့ သွားရောက် အကူအညီ ပေးနေကြသော မြို့နယ် အသီးသီးမှ အလှူရှင် အဖွဲ့အစည်းများမှာ ယခုအခါ ဒေသခံ အာဏာ ပိုင်များမှ ခွင့်ပြုချက်ရမှသာ ပစ္စည်းများ လှူဒါန်းခွင့် ရကြောင်းသိရသည်။
ကျောက်ဖြူ လင်းရောင်ခြည် အဖွဲ့မှ လူငယ်ခေါင်းဆောင်တဦးက ယခုကဲ့သို့ ပြောသည်။
“တကယ်ဆိုတော့ ဒီလောက်ကံဆိုး မိုးမှောင် ကျနေတဲ့ အချိန်မှာ လွတ်လပ်စွာ ပစ္စည်းတွေကို လှူဒါန်း ခွင့် ရဖို့လိုပါတယ်။ ခုတော့ ဒေသ အာဏာပိုင်တွေဆီ ခွင်ပြုချက်ရမှ လှူရမယ်။ စစ်သားတွေ ဖွင့်ထား တဲ့ ဟိုဂိတ် သွားတိုင်ရ၊ ဒီဂိတ် သွားတိုင်ရနဲ့ သွားတိုင်ရတာက အလုပ် တစ်ခု ဖြစ်နေပါတယ်။ ကိုယ့်ပစ္စည်း ကိုယ်လှူတာတောင် ဒီလောက်တောင် အလုပ်များ နေရတယ်ဆိုတော့ အလှူရှင်တွေက အထူး စိတ်ပျက်နေကြတယ်။ အဲသလို လုပ်တာ တကယ် မတရားဘူးဗျာ။ လုပ်လည်း မလုပ် သင့်ဘူး လို့ မြင်ပါတယ်။”
ယခုအခါ ရန်ကုန်၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူနှင့် တခြားမြို့နယ်များမှ လူမှု ကယ်ဆယ်ရေး အသင်း အဖွဲ့များမှာ မြေပုံမြို့ရှိ ခလရ ၂၇၀ တပ်ရင်းမှ ခွင့်ပြုချက်ရမှသာ ရေဘေးသင့် ဒေသကို ၀င်ခွင့်ရ သည်ဟုသိရ သည်။
ဝင်ခွင့်ရသော်လည်း အဆိုပါပစ္စည်းများကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် ကျေးရွာ ရယက လူကြီးများမှ တဆင့် ဖြန့်ဝေခွင့် လှူဒါန်းခွင့် ရကြောင်း စုံစမ်းသိရှိရသည်။
ယနေ့ နံနက်က မြေပုံမြို့နယ်မှ ပြင်ဝန်း ကျေးရွာသား တစ်ဦးကို မေးမြန်း ကြည့်ရာ သူက ယခုကဲ့သို့ ပြောသည်။
“ အစပိုင်းတုန်းကတော့ ကယ်ဆယ်ရေး အဖွဲ့တွေ ချက်ချင်း မလာရောက်ခဲ့ကြပေမဲ့ ခုတော့ အန်ဂျီအို အဖွဲ့တွေ၊ လူမှုကယ် ဆယ်ရေးအဖွဲ့တွေ တော်တော်များများ ရောက်လာ ပါတယ်။ ဒါပေမယ့် လူမှု အဖွဲ့ အစည်းတွေကို ရေဘေးသင့် ကျေးရွာတွေကို တိုက်ရိုက် မပေးဝင်ဘူး။ ဂိတ်တွေမှာ အစစ်အဆေး လုပ်တယ်။ လှူမယ် ဆိုလို့ရှိရင် သူတို့ဆီက ခွင့်ပြုချက် ယူရတယ်။ ဒါကြောင့် တချို့ အလှူရှင် အဖွဲ့တွေ ဒေသ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို စောင့်နေရလို့ စိတ်ပျက် ငြီးငွေ့ နေတဲ့ အဖွဲ့တွေ အများကြီးရှိပါတယ်” ဟုသူကပြောပါသည်။
လေဘေးသင့် ဒေသများသို့ တရားဝင် အန်ဂျီအို အဖွဲ့များ သွားရောက် ကူညီ လှူဒါန်းမူကို တစုံတရာ အတိုင်းအတာဖြင့် ခွင့်ပြုထား သော်လည်း မြို့နယ် အသီးသီးမှ လူမှု ကူညီစောင့်ရှောက်ရေး အသင်း အဖွဲ့များမှာ အဆိုပါဒေသကိုဝင် ရောက်လှူဒါန်းရန် အတွက် သက်ဆိုင်ရာ စစ်တပ်များ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်း နေရကြောင်းသိရသည်။
“အန်ဂျီအိုအဖွဲ့တွေမှာဆိုတော့ စစ်တပ်က သိပ်တားဆီးတာ မတွေ့ရဘူး။ သူတို့အဖွဲ့တွေ ကျတော့ လွတ်လွတ်လပ်လပ် သွားလာလို့ ရတယ်။ တခြားလူမှု အဖွဲ့အစည်းတွေကျတော့ စစ်ဆေးတာများပြီး ကိုယ်တိုင်လှူ ခွင့် လည်းမပေးဘူးဗျ။ သက်ဆိုင်ရာက တဆင့် ပစ္စည်းတွေကိုလှူခွင့်ရတယ်။ ကိုယ့်ပစ္စည်းကို တိုက်ရိုက် လှူခွင့်မရတဲ့ အတွက် တချို့ အဖွဲ့အစည်းတွေက စိတ်ပျက် နေကြပုံရှိပါတယ်” ဟု တခြား ကျေးရွာသားတဦးက ပြောသည်။
အလှူရှင်များအပေါ် ယခုလိုတားမြစ်မှုများရှိနေသည့် အတွက် ရေဘေးသင့် ဒေသများသို့ အချိန်မှီ ကူညီ ထောက်ပံ့ ရေးပစ္စည်းများမရောက်ရှိနိုင်ဘဲ ဖြစ်နေသဖြင့် မလိုအပ်ပဲ ဒေသခံများ ပိုပြီး ဒုက္ခ ရောက်နေ ကြရကြောင်း သိရသည်။
3 November 2010
Subscribe to:
Post Comments (Atom)
0 kommentarer:
Post a Comment