24 November 2010

ရခိုင်ဆရာတော်ကို သရက်ထောင်သို့ ပြောင်းရွှေ့


နယူးဒေလီ (မဇ္ဈိမ) ။

။ သမိုင်းသုတေသီ ရခိုင်ဆရာတော် ဦးပညာစာရကို ရခိုင်ပြည်နယ် စစ်တွေထောင်မှ ပဲခူးတိုင်း သရက်ထောင်သို့ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ကြောင်း အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဒေါ်အေးနုစိန် အဆိုအရ သိရသည်။

မာတုကာမနှင့် ဖောက်ပြားသည်ဟု စွပ်စွဲခံရကာ ထောင်ဒဏ် ၈ နှစ် ၃ လ ပြစ်ဒဏ်ကျခံရသည့် ဆရာတော်ကို ပြီးခဲ့သည့်လ ၁၅ ရက်နေ့မှစ၍ ပြောင်းရွှေ့ခဲ့ပြီးနောက် အစအန ပျောက်ဆုံးနေရာမှ ယခုအခါ သရက်ထောင်တွင် ရောက်နေကြောင်း ရှေ့နေဖြစ်သူနှင့် ဆွေမျိုးသားချင်းများ ကြားသိကြခြင်း ဖြစ်သည်။

“လွန်ခဲ့တဲ့ တပတ်လောက်က သရက်ထောင်တာဝန်ရှိတဲ့
pns1
ဆရာတော် အဖမ်းမခံရစဉ်က စစ်တွေမြို့၊ ကန်တော်ကြီးရပ်ကွက် မဟာမုနိဗုဒ္ဓဝိဟာရ( အချေကျောင်း) ကျောင်းတွင် မိဘမဲ့ ကလေးပေါင်း ၁၂ဝ ကို ပြုစုစောင့်ရှောက်ထားသည်။ (Photo: Mizzima)
ပုဂ္ဂိုလ်တယောက်က ကြေးနန်းနဲ့ အကြောင်းကြားတဲ့အတွက် သရက်ထောင်ကို ရောက်ရှိနေတယ်လို့ အတည်ပြုနိုင်ပါပြီ။ ရန်ကုန်မှာရှိတဲ့ ဆွေမျိုး ဦးဇင်းတပါးက သရက်ထောင်ကို သွားပြီး ထောင်ဝင်စာ တွေ့တယ်။ အဲဒီမှာ ထောင်အရာရှိတွေက အချက်အလက်တွေ မပြည့်စုံဆိုပြီး တွေ့ခွင့်တော့ မရဘူး“ ဟု ဒေါ်အေးနုစိန်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လအတွင်း ဆရာတော်ထံ နောက်ဆုံးတခေါက် ထောင်ဝင်စာ တွေ့ခဲ့ရာ အာဏာပိုင်များက မရှိတော့ကြောင်း ပြောခဲ့ကြောင်းနှင့် မကြာသေးခင်ကမှ သရက်ထောင်တွင် ရောက်နေသည်ဟု သိရကြောင်း စစ်တွေမှ ဆွေမျိုးတဦးက ဆိုသည်။

ယခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် စစ်တွေမြို့ ဒေသခံအာဏာပိုင်များက ဆရာတော်ကို မာတုကာမနှင့် ဖောက်ပြားသည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အပါအဝင် ပြည်တွင်းပြည်ပ ရခိုင်အဖွဲ့အစည်းများကမူ မတရား ဖမ်းဆီးခြင်းဖြစ်ကြောင်း ကန့်ကွက်ခဲ့ကြပြီး၊ ဥပဒေဘာင်အတွင်း မျှတစွာ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

သို့သော် စက်တင်ဘာ ၃ဝ ရက်နေ့တွင် သာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၂ အရ ထောင်ဒဏ် ၃ လ၊ ၂၉၅ အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်၊ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှု ပုဒ်မ ၄ဝ၆ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံခြားငွေ လဲလှယ်မှု အက်ဥပဒေ ပုဒ်မ ၂၄ (၁) အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်၊ စည်ပင် အက်ဥပဒေ ပုဒ်မ ၆၈ (ဂ) အရ ဒဏ်ငွေ ၁ဝဝဝဝ ကျပ်၊ မပေးဆောင်ပါက ထောင်ဒဏ် ၆ လ ကျခံရန် ခရိုင် ဒုတိယတရားသူကြီး ဒေါ်ဝါဝါထွန်းက ချမှတ်ခြင်း ဖြစ်သည်။ ထို့အပြင် ပြည်နယ်တရားရုံးတွင် အမှုအတွက် အယူခံဝင်ခဲ့ရာ ယခုလ ၁၂ ရက်နေ့တွင် ပယ်ချခံခဲ့ရသည်။

pns3
ဆရာတော် အဖမ်းမခံရစဉ်က စစ်တွေမြို့၊ ကန်တော်ကြီးရပ်ကွက် မဟာမုနိဗုဒ္ဓဝိဟာရ( အချေကျောင်း) ကျောင်းတွင် မိဘမဲ့ ကလေးပေါင်း ၁၂ဝ ကို ပြုစုစောင့်ရှောက်ထားသည်။ (Photo: Mizzima)
“စစ်တွေခရိုင် တရားရုံးက ချမှတ်ထားတဲ့ အမှုတွေနဲ့ ပတ်သက်လို့ ပြည်နယ် တရားရုံးတော်ကို အယူခံတင်တဲ့အခါ ၁၂၊ ၁၁၊ ၂ဝ၁ဝ မှာ ပယ်ချလိုက်တယ်။ အဲဒီအမှုနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်တရားရုံးချုပ်မှာ တင်သွင်းဖို့ ရှိပါတယ်။ နောက်ပြီးတော့ ဆရာတော်နဲ့ ပတ်သက်တဲ့ သက်သေခံပစ္စည်း သိမ်းဆည်းထားမှုနဲ့လည်း ပြန်လည်ထုတ်ပေးဖို့ကို ပြည်နယ်တရားရုံးတော် တင်ပြထားပါတယ်” ဟု ဒေါ်အေးနုစိန်က ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ခွဆုံရွာဇာတိဖြစ်သည့် သက်တော် ၅၇ နှစ်ရှိ ဆရာတော် ဦးပညာစာရသည် စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက် မဟာမုနိဗုဒ္ဓဝိဟာရ ကျောင်းတွင် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသူဖြစ်သည်။

မိဘမဲ့ ကလေးဦးရေ ၁၂ဝ ကို စောင့်ရှောက်နေသူဖြစ်ရာ အဖမ်းခံရပြီးနောက် ကလေး ၉ဝ ကျော်ကို မြန်မာပြည် အလယ်ပိုင်းသို့ ပို့ဆောင်ခဲ့သလို၊ စစ်တွေတွင် ကျန်ခဲ့သည့် အချို့ကိုလည်း အရန်ရဲတပ်ဖွဲ့တွင် ပို့ထားကြောင်းနှင့် ဆရာတော် ဆုဆောင်းထားရှိခဲ့သည့် ရခိုင်သမိုင်းဆိုင်ရာ ရှေးဟောင်းစာပေများကိုလည်း အာဏာပိုင်များက သိမ်းယူသွားခဲ့ကြောင်း ဆရာတော်ကို ကြည်ညိုလေးစားသူများက ပြောဆိုထားကြသည်။

0 kommentarer:

Post a Comment