စာရေးသူ - ရိုးမ ၃
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဖက်ခြမ်းတလျှောက်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေလျှက်ရှိပြီး ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင်အချို့ကို နအဖတပ်များက ဖမ်းဆီးခေါ်သွားခဲ့သည်။
ဖလူးလေးရွာ အလွန်တွင် ငြိမ်းချမ်းရေးကောင်စီမှ ဖွင့်ထားသည့် ဂိတ်ကို နအဖစစ်တပ်က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်ပြီး ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် (၆) ဦးအား ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒီကေဘီအေ အရာရှိတဦးက ပြောသည်။
“ထိုင်းကမ်းနား ငြိမ်းချမ်းရေးကောင်စီနဲ့ ပစ်ခတ်မှု ဖြစ်တယ်၊ ဖလူးလေးအလွန်မှာ ငြိမ်းချမ်းရေးကောင်စီက ခြောက်ယာက်လောက်ကို ဖမ်းသွားတယ်၊ သူတို့ကို ဝင်ပစ်သွားတဲ့အနေအထားရှိတယ်၊ ငြိမ်းချမ်းရေးကောင်စီက တယောက်သေတယ်၊ သူတို့က ဒီတိုင်းနေတော့ နအဖက မပစ်လောက်ဘူးထင်တဲ့ သဘောရှိတယ်၊ နအဖက အရပ်သားတွေကိုတောင် ပစ်တာဘဲ၊” ဟု ပြောသည်။ 
ထို့အပြင် ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် စစ်အစိုးရတပ်ဖွဲ့ဝင်များ ယနေ့ နံနက်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျှက်ရှိပြီး နအဖစစ်တပ်မှ ထိခိုက်ဒါဏ်ရာရသူများ စာရင်းကို အတိအကျမရရှိသေးကြောင်း အဆိုပါအရာရှိက ဆက်ပြောသည်။  
“ကျနော်တို့က ခြုံခိုတိုက်တယ်၊ ပျောက်ကျားလဲ တိုက်တယ်၊ ဖလူးကြီး အနောက်ဖက် တမိုင်အကွာမှာ ရသေ့ဂူ ရွာမှာလည်း ဖြစ်တယ်၊ အခု ပစ်ခတ်မှုဖြစ်နေတဲ့ နေရာက ဖလူးကြီးရွာနဲ့ သုံးမိုင်လောက်ဝေးတယ်၊ ရန်သူက ကျနော်တို့ဘက်ကို တောင်ကျောဖက်က တက်ပြီး ထိုးဖောက်တာရှိတယ်၊ မနေ့ကညနေ သုံးနာရီလောက်မှာ တခါ၊ ညဖက်မှာရယ် ဒီမနက်ဆက်တိုက် ဖြစ်တယ်၊ ဒီကေဘီအေ ဘက်က ဒါဏ်ရာရတာ တယောက်ဘဲရှိတယ်” ဟု ဆက်ပြောသည်။
ပြီးခဲ့သည့် နှစ်ရက်ခန့်ကလည်း ကော့ကရိတ်အခြေစိုက် စကခ(၁၂) လက်အောက်ခံ ခလရ (၂၃၁) တပ်ရင်းနှင့် နယ်ခြားစောင့်တပ်ရင်း အမှတ်(၁၀၁၆) တပ်ရင်း ပူးပေါင်းတပ်ဖွဲ့ကို ဒီကေဘီအေ ခွဲထွက်အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ရန်သူဘက်မှ အယောက် (၃၀) ကျဆုံးပြီး လက်နက်အစုံ သိမ်းဆည်းရမိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ယခုလဆန်းပိုင်းမှ စတင်ကာ ထိုင်း-မြန်မာနယ်စပ် မြဝတီ၊ ဘုရားသုံးဆူ နယ်မြေတို့တွင် ဒီကေဘီအေ တပ်ဖွဲ့ဝင်များနှင့် စစ်အစိုးရတပ်များ ပစ်ခတ်မှုစတင်ခဲ့ပြီး ဒေသတွင်းမှ စစ်ပြေးဒုက္ခသည် သောင်းနှင့်ချီ၍ ထိုင်းဖက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရပြီး ယခုလက်ရှိ မြ၀တီမြို့တောင်ဘက် ဖလူးလေးကျေးရွာအနီး တိုက်ပွဲများကြောင့် ဒေသခံကျေးရွာသား (၄၀၀) နီးပါးလောက် ထိုင်းဘက်ကမ်းတွင် ခိုလှုံလျှက်ရှိသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment