မဇ္ဈိမ သတင်းမှ.....
နယူးဒေလီ (မဇ္ဈိမ) ။ ။ ကန္တာရဝတီ သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုညီညီထွန်းနှင့် ကိုစိုးထွန်းဦးကို ယမန်နေ့ အင်းစိန်အထူးတရားရုံးက ထောင်ဒဏ် ၁၃ နှစ်နှင့် ၈ နှစ် ပြစ်ဒဏ် စီရင်လိုက်သည်။
ဆိပ်ကမ်းမြို့နယ် တရားသူကြီးရုံးထိုင်သည့် ထောင်တွင်းတရားရုံးက ကိုညီညီထွန်းကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁၊ လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် ၁၃/၁၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅ဝ၅ (ခ) နှင့် ကြိုးမဲ့ကြေးနန်း ဥပဒေ ပုဒ်မ ၆/၁ တို့ဖြင့် ထောင်ဒဏ် ၁၃ နှစ်ချမှတ်လိုက်ပြီး ကိုစိုးမိုးထွန်းကို မတရားအသင်းနှင့် ဆက်သွယ်မှု၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မများဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်သည်။
အမိန့်ချအပြီးနောက် မိသားစုနှင့် တွေ့ခွင့်ရစဉ် ကိုညီညီထွန်းက စစ်ကြောရေးကာလတွင် ညှဉ်းပန်း နှိပ်စက်ခံရကြောင်း ပြောဆိုခဲ့ပြီး၊ သူက “ရဲဘော်တို့ … လူထုနှင့် နိုင်ငံရေးကို အောင်သွယ်ပေးမှုကြောင့် စစ်အစိုးရက ငါ့ကို ထောင် ၁၃ နှစ် ချလိုက်သည် - မီးဒုတ် (အယ်ဒီတာ)” ဟု ရေးထားသည့် စာရွက်ကို မိသားစုဝင်တဦးထံ ပေးခဲ့ကြောင်း မိသားစုဝင်တဦးက ပြောသည်။
“အမြင့်ဆုံးပြစ်ဒဏ်တွေ ချလိုက်တယ်။ မျက်မြင်သက်သေလည်း မရှိဘူး။ ဘယ်မျက်မြင်သက်သေက ဘယ်လိုဖြစ်လို့ ဆုံးဖြတ်တယ်ဆိုတာ တရားရုံးက တိတိကျကျပြပြီး ပြစ်ဒဏ်ချတာ မဟုတ်ဘူး။ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ချတာမဟုတ်ဘူး” ဟု အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသူ ဦးကျော်ဟိုးက မဇ္ဈိမကို ပြောသည်။
၂ဝဝ၉ ခုနှစ် အောက်တိုဘာလတွင်း ရန်ကုန်မြို့၌ မင်္ဂလာဒုံ၊ ရွှေပြည်သာနှင့် လှိုင်သာယာ မြို့နယ်များအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မသင်္ကာမှုဖြင့် တိုင်းရဲတပ်ဖွဲ့မှူးရုံးရှိ ထောက်လှမ်းရေး (နိုင်ငံရေး) မှ ရဲအရာရှိများက ကိုညီညီထွန်းနှင့် သူငယ်ချင်းဖြစ်သူ ကိုစိုးမိုးထွန်းကို ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်တွင် ဖမ်းဆီးခံခဲ့သည်။
“တိုင်းပြည်ရဲ့ နားမျက်စိဖြစ်တဲ့ မီဒီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အားမပေးဘဲနဲ့ ဟန့်တားတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စမျိုးကို သတင်းသမဂ္ဂအနေဖြင့် ကန့်ကွက်ရှုတ်ချတယ်။ ” ဟု ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ BMA မှ ဒုဥက္ကဌ ဦးဇင်လင်းက ပြောသည်။
ကိုညီညီထွန်းသည် ကယားပြည်နယ် အထူးဒေသတွင် ၂ဝဝ၇ ခုနှစ်မှစ၍ တရားဝင် ထုတ်ဝေခဲ့သော ကန္တာရဝတီ သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာတဦးဖြစ်ပြီး၊ အဖမ်းခံရပြီးနောက် ၎င်းဂျာနယ်ကို ပိတ်ထားခဲ့သည်။ ကိုစိုးထွန်းဦးသည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်သည်။
သူတို့ ၂ ဦး၏အမှုကို တရားရုံးချုပ်ရှေ့နေ ဦးကျော်ဟိုးနှင့် ကိုစိုးထွန်းဦး၏ ဖခင် တရားချုပ်ရှေ့နေ ဦးတင်ထွန်းက လိုက်ပါဆောင်ရွက်နေပြီး၊ ရက် ၃ဝ အတွင်း ခရိုင်တရားရုံးတွင် အယူခံတင်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၁၈ဝ ကျော်ရှိနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
14 October 2010
သတင်း ကန္တာရဝတီ အယ်ဒီတာကို ထောင်ဒဏ် ၁၃ နှစ်ချ
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment