28 October 2010

နီးလျက်နဲ့ ဝေးနေကြပြီလား

ကားတိုင်အောက်မှာ အံစာခေါက်တဲ့ လောင်းကစားဝိုင်းကလေးတစ်ခုရှိတယ်။ ကစားနေသူတွေကတော့ တခြားလူတွေ ဟုတ်ရိုးလား။ ရောမ စစ်သားတွေပေါ့။ စက်ဝိုင်းသဏ္ဍန် ရုံးစုကာထိုင်လို့ မြေကြီးကိုသာ အောက်စိုက်ကာ ကြည့်နေကြလေရဲ့။ ဒီလူတွေဟာ ကားတိုင်ထက်က သူတို့ရဲ့ ရာဇ၀တ်သားကြီးကို မေ့နေတယ်။ သူတို့ ဘာတွေ လောင်းကြေးစားကြေးလုပ်နေလဲ ဆိုတာသိသလား။ လက်ဝါးကပ်တိုင်ပေါ်က သခင်ခရစ်တော်ရဲ့ ၀တ်ရုံ၊ အင်္ကျီနဲ့ ဖိနပ်တွေကို ပေါ့။ ဘယ်သူက ဘယ်ပစ္စည်းကို ရမယ်ဆိုတာ သိချင်ဇောနဲ့ အံစာလေးရဲ့ အဖြေကို စောင့်စားနေကြတယ်လေ။

သခင်က ကားတိုင်ထက်ကနေ အောက်မှာရှိတဲ့ ဒီလောင်းကစားဝိုင်းကလေးကို သူ့ရဲ့ သွေးထွက်နေတဲ့ ခြေဖ၀ါးကို လွန်ပြီး လှမ်းမြင်နေရတယ်။ ဒီလိုလှမ်းမြင်နေရတဲ့ သခင်ရဲ့ စိတ်ထဲမှာ ဘယ်လိုဖြစ်နေမလဲဆိုတာ စဉ်းစားကြည့်တယ်။ သခင် တော်တော်လေးတော့ အံ့သြနေလိမ့်မယ် ထင်တယ်။ ကမ္ဘာ သမိုင်းတစ်လျှောက်မှာ ကြီးမားတဲ့ အဖြစ်အပျက်ကြီး ဖြစ်တော့မယ်ဆိုတာ ဒီစစ်သားလေးတွေ မသိပါလားလို့ သခင်ထင်လိမ့်မယ်။ ဒီစစ်သားတွေအနေနဲ့ကတော့ အဲဒီနေ့ဟာ အရင်သောကြာနေ့တွေထက် ဘာမှပိုပြီး မထူးခြားတဲ့ သာမာန်သောကြာနေ့ကလေးတနေ့လို့ပဲ ထင်လိမ့်မယ်။ ရာဇ၀တ်သားကြီးကိုလည်း အရင်တုန်းက ကွပ်မျက်ခဲ့တဲ့ ရာဇ၀တ်သားတွေနဲ့ ဘာမှပိုပြီး မထူးခြားတဲ့ သာမာန် ရာဇ၀တ်သားလို့ပဲ ထင်လိမ့်မယ်။

”မြန်မြန်လုပ်စမ်းပါကွာ။ နောက်အလှည့်က ငါ့အလှည့်။ ” လို့ စစ်သားတစ်ယောက်က စိတ်မရှည်စွာ ပြောလိုက်တယ်။

” အေးပါကွာ။ ကဲ... ဒီတခါက ဖိနပ်အတွက်နော်။” လို့ ဆိုပြီး အခြားစစ်သားတစ်ယောက်က အံစာ ကို ပစ်လိုက်တယ်။

သူတို့တွေဟာ ခရစ်တော် ပိုင်ဆိုင်တဲ့ပစ္စည်းလေးတွေကို လောင်းကစားပြီး လုနေကြလေရဲ့။ ခေါင်းတွေအားလုံးကတော့ ငုံ့နေကြလေရဲ့။ မျက်လုံးတွေကတော့ မြေကြီးကိုသာ မျက်တောင် မခတ်တမ်း စိုက်ကြည့်နေလေရဲ့။ ကားတိုင်ကြီးကို ကျောပေးပြီး ကစားဝိုင်းမှာသာ ဇောကပ်နေကြတဲ့အတွက် ကားတိုင်ထက်ကသခင်ကို မေ့နေကြလေရဲ့။

ဒီမြင်ကွင်းလေး။ အဲဒီ မြင်ကွင်းလေးကို သေသေချာချာ မြင်ယောင်ကြည့်ကြပါဦး။ သူတို့တွေ။ လောင်းနေကြတဲ့ စစ်သားတွေ။ ဘယ်သူတွေနဲ့ တူနေကြသလဲ။

အဲဒါကျွန်တော်တို့လေ။ ကျွန်တော်တို့ ခရစ်ယာန်တွေလေ။ ဒီလောင်းကစားနေတဲ့ ရောမစစ်သားတွေဟာ ကျွန်တော်တို့ အခုခေတ် ခရစ်ယာန်တွေပေါ့။ ဘာသာတရား ကိုင်းရှိုင်းတဲ့ ကျွန်တော်တို့လေ။ သခင်ကိုမေ့ပြီး ကားတိုင်ရဲ့ အမွေအနှစ်တွေကို တောင်းနေကြတဲ့ ကျွန်တော်တို့တစ်တွေလေ။ ယုံကြည်သူကျွန်တော်တို့တစ်တွေပေါ့။ တင်းတင်းကျပ်ကျပ် လိုက်နာတဲ့ခရစ်ယာန်။ လျော့လျော့ရဲရဲ လိုက်နာတဲ့ခရစ်ယာန်။ ဆန်းဆန်းပြားပြား ယုံတဲ့ခရစ်ယာန်။ ရိုးရိုးလေး ယုံတဲ့ခရစ်ယာန်။ အသင်းတော်ကြီးကြီးက ခရစ်ယာန်။ အသင်းတော်သေးသေးက ခရစ်ယာန်။ ၀ိညာဉ် ပြည့်ဝတဲ့ခရစ်ယာန်။ ၀ိညာဉ်ခမ်းခြောက်တဲ့ခရစ်ယာန်။ ဧ၀ံဂလိ ထက်သန်တဲ့ခရစ်ယာန်။ ၀ိညာဉ်သစ်ကို ပိုင်ဆိုင်တဲ့ခရစ်ယာန်။ အို ခုခေတ်ခရစ်ယာန် အားလုံးပါပဲ။ လောင်းကစားနေတဲ့ ရောမစစ်သားတွေနဲ့ ကျွန်တော်တို့ ခုခေတ် ခရစ်ယာန်တွေ အတူတူပါပဲ။ (ဒီလို ပြောလို့ စိတ်မရှိပါနဲ့ဗျာ။)

ကျွန်တော်တို့တစ်တွေဟာလည်း ကားတိုင်အောက်မှာ လောင်းကစားနေကြတယ်လေ။ ပြောရမယ်ဆိုရင်ဖြင့် ကျွန်တော်တို့တစ်တွေ အသင်းတော်မှာ အသင်းဝင်ဖြစ်ဖို့ စတင်တယ်။ ပြီးရင် အသင်းတော်မှာ နေရာရဖို့ ကြိုးစားကြတယ်။ ဟော.. အသင်းဝင် ဖြစ်ပြီး နေရာလေးတွေရလာတော့ တစ်ယောက်ကို တစ်ယောက် ကောင်းတယ် မကောင်းဘူး ဝေဖန်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြစ်မြင်ပြီး ရှုံချကျတယ်။ ယှဉ်ပြိုင်မှုတွေ။ အတ္တဆန်မှုတွေ။ ကိုယ်ကျိုးသာ ကြည့်မှုတွေ။ ဒီအရာတွေနဲ့ ပြည့်နှက်လာတယ်။ တခြားလူတွေလုပ်တာ ”ငါမကြိုက်ဘူး” ဆိုပြီး လောင်းလို့နိုင်တဲ့ သခင်ရဲ့ ဖိနပ်ကိုသာ ယူပြီး ဒေါသတကြီး ပြန်တဲ့လူတွေကလည်း မရှားပါဘူး။

ကားတိုင်နဲ့တော့ နီးပါရဲ့။ သခင့် အသွေးတော်နဲ့ တော့ ဝေးနေကြလေရဲ့။

ဘာမဟုတ်တာလေးနဲ့ ကွဲသွားတဲ့ အသင်းတော်တွေ ဘယ်လောက်ရှိနေပြီလဲ။ မတော်တဆ စိတ်အနှောက်အယှက် ဖြစ်စရာ လေးတွေကို ဗွေယူပြီး၊ ဘာမဟုတ်တဲ့ ကိစ္စလေးတွေ အပေါ်မှာ ယုံကြည်သူ ညီအစ်ကိုချင်းဖြစ်တာတောင် သတိမရနိုင်ပဲ ခါးသီးမှုဓါးကို ဆွဲကိုင် တိုက်ခိုက်တတ်တဲ့ အသင်းတော်ခေါင်းဆောင်တွေလဲ ဘယ်နှစ်ယောက်တောင် ရှိနေပြီလဲ။

ကားတိုင်နဲ့တော့ နီးပါရဲ့။ သခင်နဲ့တော့ ဝေးနေကြလေရဲ့။

ကျွန်တော်တို့တစ်တွေဟာ ”မိမိသာ မှန်တယ်” ဆိုတဲ့ ပြိုင်ပွဲမှာ ထိပ်ဆုံးက ပြေးနေတယ်။ တခြားလူတွေမဟုတ်တာလုပ်တဲ့အကြောင်း စာရေးပြီးဝေဖန်ကြရာမှာ တော်ကြတယ်။ အတင်းအဖျင်းပြောတဲ့နေရာမှာ သူမတူအောင် ပြောင်မြောက်ကြတယ်။ တစ်ခြားသူတွေရဲ့ အားနည်းချက်တွေကို ဖော်ထုတ်တဲ့နေရာမှာ ကျွမ်းကျင်သူ အဆင့်(၁) နေရာမှာ ရှိကြတယ်။ ဒါတွေကြောင့် ကျွန်တော်တို့တစ်တွေ ၀ါးအစည်းပြေသလို ကွဲပြီးရင်းလည်း ကွဲကြပြန်တယ်။ လာပြန်ပြီ နာမည်သစ်တစ်ခု။ လာပြန်ပြီ အယူဝါဒသစ်တစ်ခု။ လာပြန်ပြီ နောက်အမှားတစ်ခု။ လာပြန်ပြီ ဂိုဏ်းဂဏတစ်ခု။ သခင်တွေ့ရင်တော့ အံ့သြမယ်။

” တစ်ကိုယ်ကောင်း ဆန်တဲ့ စစ်သားတွေ ။ လက်ဝါးကပ်တိုင်နဲ့ နီးပြီးတော့ ခရစ်တော်နဲ့ ဝေးနေကြတယ်”

ကျွန်တော်တို့ ရောမစစ်သားတွေကို လက်ညှိုးထိုးပြီး မဲ့ပြုံးပြုံးကာ အဲဒီလို စွပ်စွဲကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တစ်တွေကကော သူတို့နဲ့ ဘာများ ထူးကြပါသေးသလဲ။ ကျွန်တော်တို့တစ်တွေ၊ ယုံကြည်သူတွေ ကွဲနေလိုက်ကြတာ ဘယ်လိုမှကို ပြန်စုစည်းလို့မရတော့ဘူး။ ကိုင်းခွဲတွေကများတဲ့အပြင် ဒီကိုင်းခွဲတွေက ကိုင်းတက်လေးတွေတောင် ထွက်လိုက်ကြသေးရဲ့ ။

ကျွန်တော်တို့တွေရဲ့ မတူညီမှုတွေက ဒီလောက်တောင်ပဲ ကွဲပြားခြားနားစေသလား။ ကျွန်တော်တို့တစ်တွေရဲ့ ကွဲပြားတဲ့ယူဆချက်တွေက ဒီလောက်တောင်ပဲ မပေါင်းနိုင်မစည်းနိုင်လောက်အောင် ခက်ခဲစေပါသလား။ ကျွန်တော်တို့တစ်တွေရဲ့ ကြားမှာ ကာဆီးထားတဲ့ တံတိုင်းကြီးတွေက ဒီလောက်တောင်ပဲ မြင့်မားနေသလား။ ကျွန်တော်တို့တစ်တွေ တစ်စုတစ်စည်းတည်း ဖြစ်ဖို့ မဖြစ်နိုင်တော့ဘူးလား။

”အားလုံး တစ်စုတစ်စည်းတည်း ဖြစ်ပါစေ”လို့ ခရစ်တော် အလိုရှိလိမ့်မယ်။

တစ်ခုတည်း။ တစ်စုတည်း။ အသင်းတော် တစ်ခုတည်း။ ယုံကြည်မှု တစ်ခုတည်း။ သခင်တစ်ပါးတည်း။ နှစ်ခြင်းလည်းမရှိ၊ ရေဖြန်းလည်းမရှိ။ ခရစ်ယာန်ဆို ခရစ်ယာန်တစ်ခုတည်းပဲ။ ကိုင်းခွဲလည်းမရှိ။ ရိုးရာတွေလည်း မရှိ။ ခရစ်တော် တစ်ပါးတည်း။ ကဲ.. ဘယ်လောက်ကောင်းလိုက်မလဲ။

သိပ်ပြီး စိတ်ကူးယာဉ်နေတယ်လို့ ထင်နေသလား။ မဖြစ်နိုင်ဘူးလို့ကော ထင်နေသလား။ မထင်ပါနဲ့ဗျာ။ ဒီထက် ခက်ခဲတဲ့ အရာတွေတောင် ဖြစ်ခဲ့သေးတာပဲ။ ဖန်ဆင်းရှင်ဘုရား သခင်တောင် သူဖန်ဆင်းခဲ့တဲ့ သူတွေအတွက် အသက်ပေးခဲ့သေးတာပဲ။ ကျွန်တော်တို့တစ်တွေအတွက် စုစည်းညီညွတ်တဲ့ စိတ်ဓါတ်လေးသာ လိုတာပါ။

မိတ်ဆွေကော ဘယ်လိုလဲ။ ကွာဟမှုတွေကို စေ့စပ်ဖို့ ဆန္ဒရှိပြီလား။ စုစည်းညီညွတ်ဖို့ကော လိုလားပြီလား။ လောင်းကစားဝိုင်းကနေ ရုတ်တရက် သတိရပြီး ” ဟေ့။ လက်ဝါးကားတိုင်မှာ ရှိနေတာ ဘုရားရှင်ဟေ့” လို့ ကျွန်တော်တို့အားလုံးကို သတိပေးမဲ့ စစ်သားတစ်ယောက်ကော မဖြစ်ချင်ကြဘူးလား။ ပြောကြပါအုံး။

စစ်သားတွေရဲ့ လောင်းကစားဝိုင်းနဲ့ ကျွန်တော်တို့တစ်တွေရဲ့ အခုခေတ်ကစားဝိုင်းလေးဟာ တော်တော်တူနေတာ ကြောက်စရာကောင်းတယ်နော်။ ခုခေတ်မှာရှိနေတဲ့ ကျွန်တော်တို့ကို သခင်ယေရှု ဘယ်လိုထင်မလဲ။ ဘယ်လိုမြင်မလဲ။ မိုက်တွင်းနက်တဲ့ ကျွန်တော်တို့ဟာ အံစာခေါက်ကောင်းတုန်း၊ ကြွေပစ်ကောင်းတုန်းပါပဲ။ ပိုပြီးဆိုးတာကတော့ ကားတိုင်ရဲ့ ခြေရင်းတည့်တည့်မှာ ဖြစ်နေတာပါပဲ။

နာမတော်မြတ်၌

လှမင်းသူ

(၀န်ခံချက်။။ Max Lucado ရေးသားသည့် No Wonder They Call Him The Saviour မှ ”Close to The Cross - But Far from Christ” ကို ဆီလျော်အောင် ပြန်ဆိုပါသည်)

ပေးပိုလာသော သူးသူးအားကျေးဇူးတင်ပါသည်။

0 kommentarer:

Post a Comment