အမေး။ ။ယနေ့ခေတ် အမျိုးသမီးတစ်ချို့ဟာ ဟန်ဆောင် လက်ထပ်ပြီး နိုင်ငံခြားတိုင်းပြည်မှာ နေထိုင်ခွင့်ရရှိအောင် ကြိုးပမ်းကြပါတယ်ဘုရား။ ဟန်ဆောင် လက်ထပ်တယ်ဆိုပေမဲ့ နှစ်နိုင်ငံစလုံးမှာ ဥပဒေအရတော့ လုပ်ရပါတယ်ဘုရား။ ပြည်ပရောက်တဲ့အခါ ဟန်ဆောင်လက်ထပ် ထားတဲ့သူနဲ့ အတူ နေထိုင်ခြင်း မရှိတော့ပဲ၊ ကိုယ်နှစ်သက်တဲ့သူနဲ့ မိန်းမကလည်း ယောင်္ကျားအသစ်ထပ်ယူသလို၊ ယောင်္ကျားကလည်း မိန်းမအသစ် ထပ်ယူပါတယ်ဘုရား။ သူတို့နှစ်ယောက်မှာ “ကာမေသု” ကံထိုက်/မထိုက် နှင့် ကာမေသုကိုလည် အကျယ်သိလိုပါတယ်ဘုရား။ ထိုအဖြေအတွက် အရှင်ဘုရားရဲ့ အမေးအဖြေကဏ္ဍမှာ စောင့်မျှော်နေပါမယ်ဘုရား။ ။
လှိုင်းအိမ်
ထိုင်ဝမ်
အဖြေ။ ။ ကာမေသုနဲ့ပတ်သက်ပြီး ဆရာတော်များလည်း ဖြေကြားတော်မူခဲ့ကြပြီးခဲ့ပြီ။ ဒါပေမဲ့ အမေးရှိက အဖြေရှိရမယ်ဆိုတာလိုပဲ။ ပထမ ကာမေသုအကြောင်းကို သဘောပေါက်ရုံ ပြောပေးပါ့မယ်။
ကာမေသု ဆိုတာ ယောင်္ကျားတွေအတွက် (အဂမနီယ၀တ္ထု)မသွားလာအပ်တဲ့ မိန်းမများအား ကျုးလွန်မိရင် ကာမေသုမိစ္ဆာစာရ ဖြစ်ကြပါတယ်။ မသွားလာထိုက်တဲ့ မိန်းမ (၂၀)ရှိတယ်။ မိန်းမ(၂၀)ကို ဒီနေရာမှာ မဖေါ်ပြရင်လည်း အဖြေက မပြည့်စုံပါဘူး၊ ဒါကြောင့် အကျဉ်းမျှ ဖေါ်ပြလိုက်ပါတယ်။
(၁)အမိစောင့်ရှောက်တဲ့မိန်းမ၊(၂)အဘစောင့်ရှောက်တဲ့မိန်းမ၊(၃)အမိအဘစောင့်ရှောက်တဲ့မိန်းမ၊ (၄)မောင်ကြီးမောင်ငယ် စောင့်ရှောက်တဲ့မိန်းမ၊ (၅)အစ်မ ညီမ စောင့်ရှောက်တဲ့မိန်းမ၊ (၆) ဆွေမျိုးစောင့်ရှောက်တဲ့ မိန်းမ၊ (၇) အနွယ်တူစောင့် ရှောက်တဲ့ မိန်းမ၊ (၈) တရားကျင့်သုံးဖက်စောင့်ရှောက်တဲ့မိန်းမ။ ထိုမိန်းမရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစဉ်မိန်းမများဖြစ်တယ်။
(၉)စေ့စပ်ကြောင်းလမ်းပြီးမိန်းမ၊ (၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့မိန်းမ၊ (၁၁) ဥစ္စာဖြင့်ဝယ်ထားတဲ့ မိန်းမ၊ (၁၂) ယောင်္ကားတစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့ မိန်းမ၊ (၁၃) စည်းစိမ်ပေးပြီး မယားပြုလုပ်ထားတဲ့ မိန်းမ၊ (၁၄) အ၀တ်ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊ (၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြားလက်ထပ်ထားတဲ့ မိန်းမ၊ (၁၆) ခေါင်းရွက်လုပ်ကိုင်စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊ (၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊ (၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊ (၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊ (၂၀) တစ်ဦးဦးရဲ့ ခေတ္တမယားဖြစ်နေတဲ့ မိန်းမ ။ ထိုမိန်းမ(၁၂)ဦးကတော့ ကာမပိုင်ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်တယ်။
ကာမပိုင်မရှိတဲ့ ပထမ မိန်းမရှစ်ယောက်ကတော့ တစ်ခြားယောင်္ကျားနဲ့ ဆက်ဆံမှု ပြုသော်လည်း သူ့ကာမကို သူသာပိုင်တဲ့အတွက် ကာမေသုမိစ္ဆာ မထိုက်ပါဘူး။ ဒါပေမဲ့ ယောင်္ကျားမှာတော့ အဂမနီယဖြစ်တဲ့ မိန်းမကို ကျူးလွန်တဲ့အတွက် ကာမေသုမိစ္ဆာစာရ ထိုက်ပါတယ်။ ကာမပိုင်ရှိတဲ့ မိန်းမ(၁၂)ယောက်က ကာမပိုင်မှတစ်ပါး တစ်ခြားယောင်္ကျားနဲ့ ကျူးလွန်မိရင် ကာမေသု ထိုက်သလို ကျူးလွန်တဲ့ ယောင်္ကျားမှာလည်း ထိုက်ပါတယ်။
အခုဒီပြဿနာမှာ ပြည်ပသွားဖို့ရာ လွယ်ကူအောင် ဥပဒေလမ်းကြောင်းအရ ဟန်ဆောင် လင်မယားအဖြစ် လက်မှတ် ထိုးထားတာလောက်ပဲ ရှိတာပါ။ သူတို့နှစ်ဦးကလည်း အချင်းချင်း လင်မယားအဖြစ် မသတ်မှတ်ကြပါဘူး။ ပြည်ပသွားခွင့်ရအောင် လင်မယားအဖြစ် ဟန်ဆောင်ထားတာပဲ ရှိတဲ့အတွက် နှစ်ဦးစလုံးဟာ လွတ်လပ်တဲ့ သူများ ဖြစ်ကြတယ်။ ပြည်ပရောက်တဲ့အခါ ကိုယ်ချစ်ကြိုက်တဲ့သူနဲ့ တရားဝင် လက်ထပ်ကြပြီး သားမှတ်မှတ်၊ မယားမှတ်မှတ်ပေါင်းသင်းကြရင်တော့ ကာမေသုမိစ္ဆာစာရ မထိုက်ပါဘူး
နောက်ဆုံး ကာမေသုမိစ္ဆာစာရ ထိုက်တဲ့ အင်္ဂါများကို သိထားရင် ကိုယ်ပြုလုပ်လိုက်တဲ့ အခြေအနေအပေါ် ကာမေသု ထိုက်/မထိုက် ဆိုတာ ခွဲခြား တတ်လာမှာပါ။ အင်္ဂါများကတော့……….
(၁)မသွားလာထိုက်တဲ့ အဂမနီယမိန်းမဖြစ်ခြင်း။ (၂) မှီဝဲလိုတဲ့ စိတ် ရှိခြင်း။ (၃) လုံ့လ ပြုခြင်း။ (၄) မဂ်အချင်းချင်း ထည့်သွင်းးတာကို သာယာခြင်း လို့ အင်္ဂါလေးမျိုး ရှိပါတယ်။
ဒီအင်္ဂါလေးချက်နဲ့ ညီရင် ကာမေသုမိစ္ဆာစာရ ထိုက်ပြီး၊ လေးပါးအနက်က တစ်ပါးပါး ချွတ်ယွင်းနေတယ် ဆိုရင်တော့ မထိုက်ပါဘူး လို့ ပဲ ဖြေကြားပေးလိုက်ပါတယ်။
စာရေးသူ- ဦးကောဝိဒ(မြိတ်)
11 October 2010
ဟန်ဆောင်လင်မယား
Etiketter: မှတ်သားစရာ
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment