သျှမ်းသံတော်ဆင့်
သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့နယ် သတ်မှတ်ကျောက်မီးသွေးမိုင်းဂွင်အတွင်းပါ သိမ်းဆည်းခံရသည့်လယ်မြေများ အတွက် မြန်မာ့စီးပွါးရေးဦးပိုင်ကုမဏီထံလျော်ကြေးသွားယူရန် ဒေသခံရွာသားများအား ဆင့်ခေါ်ရာ လယ်ဖိုးလျော်ကြေး အမြန်သွားမယူလျင် မှည့်ဝင်းနေသော စပါးများပေး ရိတ်မည်မဟုတ်ကြောင်း နအဖတပ်ကခြိမ်းခြောက်သည်ဟုနယ်စပ် သတင်းရပ်ကွက်ကဆိုသည်။
ယခုလ ၆ ရက်နေ့ ကျေးသီးအခြေစိုက် ခလရ ၁၃၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဆန္ဒမောင်နှင့်ဒုတပ်ရင်းမှူး ဗိုလ်မှူးခင် မောင်အေး တို့က မိုင်းကောင်တိုက်နယ် မိုက်ဟုန်းလိန် ဆွန်မွမ်း ရွာသူကြီးနှင့် လယ်ပိုင်ရှင် များအားဆင့်ခေါ်ညွှန်ကြားပြီး အသိမ်းခံရသော လယ်မြေ ဧက ၈၀ အတွက် တဧက ကျပ် ၂၅၀၀၀ သာပေးမည်ဟုဆိုသဖြင့် လယ်သမားများ သွားမယူရဲ ဘဲ ပူပင်သောကရောက်နေကြကြောင်း သိရသည်။
“အပြင်မှာ တဧက ကျပ် ၂ သိန်း ၃ သိန်း ရောင်းဝယ်ကြတာ။ ကျနော်တို့ကို ၂ သောင်းကျော်လေးဘဲပေးတော့ ဘယ်ယူချင် ပါ့မလဲ။ လယ်လဲရှုံးးမယ်၊ ရပ်ရွာလဲ ရွှေ့ပြောင်းခိုင်းဦးမယ်။ ဒီကြားထဲ သူတို့ပေးတဲ့ လျော် ကြေး သွားမယူရင် ရိတ်သိမ်းဖို့အသင့်ဖြစ်နေတဲ့ စပါးတွေလဲ ပေးမရိတ်ဘူးတဲ့။ မယူပြန်တော့လဲ လယ်မြေ လဲရှုံးး၊ စပါးလဲရှုံး။ လယ်သမား တွေ အခက်တွေ့နေတယ်” နယ်စပ်ရောက် မိုင်းကောင် တိုက်နယ် သား တဦး က ပြောပြ၏။
အဆိုပါလယ်မြေများမှာ 2009 မေလကတည်းက အသိမ်းခံရသည့် လယ်မြေဧက ၄၀၀ အနက် ဧက ၈၀ အား လျော်ကြေး ပေးခြင်းဖြစ်သည်ဟုဆို၏။
“သူတို့သိမ်းယူတဲ့ ကုန်းတန်းမြေပြန့်လယ်မြေယာခင်း စုစုပေါင်းဧက ၅၀၀၀ ကျော်ရှိတယ်။ ဧက ၄၀၀ ဆိုတာက ၄-၅ တိုက်နယ်ထဲကစပါးစိုက်တဲ့လယ်ဘဲ။ သိမ်းယူတုန်းက တပ်နယ်မြေချဲ့ဖို့ဘဲပြောတာ။ ကျောက်မီးသွေးတူး ဖော်ရေးစီမံ ကိန်းလို့ မပြောဘူး။” ဟု လယ်အသိမ်းခံရသည့် လယ်သမားတဦးက ပြောကြောင်း အဆိုပါလူငယ်က ပြန်လည်ပြောပြ၏။
စင်စစ် လျော်ကြေးကိစ္စ တာဝန်ရှိသူမှာ နေပြည်တော်မှလာသည့် ကျောက်မီးသွေးစီမ့ကိန်းဒေသရုံးထိုင် MEC မြန်မာ့စီးပွါး ရေးဦးပိုင်ကိုယ်စားလှယ် ဗိုလ်မှူး ငွေရသွန်နှင့် ဗိုလ်ကြီးဟိန်းထက်ဇော်တို့ဖြစ်သော်လည်း ခေါင်းရှောင်ပြီး ၁၃၁ တပ်ရင်းမှူး များအားအာဏာသုံးညွှန်ကြားရန်လက်တို့လိုက် ခြင်းဖြစ်ကြောင်း ကျေးသီး ဒေသခံတဦးကလည်းပြောသည်။
ကျောက်မီးသွေး စီမံကိန်းလုံခြုံရေးအတွက် ခလရ ၁၃၁ အခြေစိုက်လာချိန်မှစ၍ ဒေသခံလူထု၏ ကျွဲနွား များ လစဉ် ပစ်သတ်စားသောက်ခြင်းခံရသည်ဟုဆို၏။ယခုလ ၅ ရက်နေ့ကလည်း ဗိုလ်မှူးခင်မောင်အေး က ၆”x၁” အရှည် ၆ ပေရှိ ထင်းရှူးသားပေးသွင်းရန် တအုပ်စု အချပ်ရေ ၁၅၀ စီ ဆင့်ဆိုခဲ့သေး သည်ဟု ဆိုပါသည်။
“၀မ့်ဖွီး၊ ပန်စေ့၊ ၀မ့်ခုံ့၊ ၀မ့်ခဲမ် အုပ်စုတွေ ဆင့်ဆိုခံရတယ်။ ထင်းရှူးပျဉ်အချပ် ၁၅၀ ရဲ့တန်ဖိုးက ကျပ် ၉ သောင်းလောက် ရှိမယ်။ ပြီးခဲ့တဲ့အပတ်ထဲက ရွာသားတွေ ပိုက်ဆံရော ပျဉ်ရောအကုန်းပို့ပေးပြီးပြီ။” ဟု အဆိုပါကျေးသီးမြို့ခံက ဆက်ပြော ပြသည်။
ကျောက်မီးသွေး စီမံကိန်းနယ်မြေအဖြစ် အသိမ်းခံရသောဂွင်မှာ နမ့်ဟဲန်ချောင်းတလျှောက်ရှိ မိန်းကောင် အုပ်စု၊ မိုက်ဟုန်း လိန် အုပ်စု၊ ကုန်းခေါဝ် အုပ်စုမှရွာပိုင်မြေယာများဖြစ်၏။ ၁ နှစ်ကျော်အတွင်း အပေါ်ယံ မြေသားများ တူးဖော်ဖယ်ရှားကာ ကားကြီးများတင်၍ တခြားနေရာသို့သွားသွန်ထားဆဲ အခြေအနေမှအပ တူးဖော်တင်ပို့ရေးအစီအစဉ် အကြီးအကျယ် မရှိသေးကြောင်း လဲ အဆိုပါကျေးသီးဒေသခံကပင် ဆက် ပြောပြ ပါသည်။
12 October 2010
ကျောက်မီးသွေးမိုင်းဂွင်မှ အသိမ်းခံဈေးပေါလယ်ဖိုး မယူလျင် စပါးမရိတ်ရ ဟုခြိမ်းခြောက်
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment